Grab မှ မြန်မာနိုင်ငံဒစ်ဂျစ်တယ်စီးပွားရေးစနစ် ပြောင်းလဲအသုံးပြုနိုင်ရေးကို တိုးမြှင့်လုပ်ဆောင်ရန် ကိန်းဂဏန်းအချက်အလက်များကိုထုတ်ပြန်

Grab သည် မြန်မာနိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) နှင့်အညီ ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်ကာလအတွင်း မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် စီးပွားရေးစနစ် ပြောင်းလဲအသုံးပြုနိုင်ရေးအတွက် တိုးမြှင့်လုပ် ဆောင်ခဲ့သည့် ကိန်းဂဏန်း အချက်အလက်များကို ထုတ်ပြန်လိုက်ကြောင်းသိရသည်။
၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလအတွင်း ရရှိခဲ့သော ရလဒ်များမှာ ယခုကဲ့သို့ စိန်ခေါ်မှုများ ပြည့်နှက်နေသည့် ကပ်ရောဂါကာလအတွင်း မိုဘိုင်းနည်းပညာ ကုမ္ပဏီတစ်ခုမှ ၎င်း၏ ပလက်ဖောင်းမှတစ်ဆင့် customer များအား ဝန်ဆောင်မှုပေးအပ်နိုင်ရန် ကြိုးပမ်းခဲ့ပုံများနှင့် ပြည်တွင်းရှိ မိတ်ဖက်အရောင်းဆိုင်များ တိုးတက်ဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ပေးအပ်ခဲ့ပုံများကို ထင်ဟပ်ပြသနေခြင်း ဖြစ်ပါသည်။
နိုင်ငံအတွင်းရှိ နေရာအနှံ့အပြားတွင် ခရီးသွားလာခြင်းကို တားမြစ်ထားပြီး မိမိတို့ နေအိမ်တွင်သာ နေထိုင်ကြရန် အမိန့်ထုတ်ပြန်ထားခြင်းကြောင့် စားသုံးသူများအတွက် GrabFood ကို အသုံးပြုပြီး အစားအသောက်များ မှာယူနိုင်ရန်နှင့် GrabMart အသုံးပြုပြီး နေ့စဉ် မရှိမဖြစ်လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ ဝယ်ယူနိုင်ရန် လုခြုံစိတ်ချစွာဖြင့် အလွယ်တကူ အသုံးပြုနိုင်သော ပလက်ဖောင်းတစ်ခုကို Grab က ပံ့ပိုးလည်ပတ်လျက် ရှိပါသည်။ တစ်ချိန်တည်းမှာပင် ကိုဗစ်-၁၉ ၏ ရိုက်ခတ်မှုကြောင့် သက်ရောက်မှု ရှိခဲ့သည့် လုပ်ငန်းရှင်များ၏ ရှင်သန်ရပ်တည်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးလျက် ရှိပါသည်။

Photo Source https://www.facebook.com/GrabMM

၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလအတွင်း Grab ၏ ဝန်ဆောင်မှု အမျိုးအစား အားလုံးတွင် သန်းနှင့်ချီသော မှာယူအသုံးပြုမှုများကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ အရေအတွက်မှာ ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စားသုံးသူများ၏ ဒစ်ဂျစ်တယ်စီးပွားရေးစနစ် ပြောင်းလဲအသုံးပြုမှုကြောင့် တိုးတက်လာခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် Grab အက်ပလီကေးရှင်း စတင်မိတ်ဆက်ခဲ့သည့် ၂၀၁၇ ခုနှစ်မှ အစပြု၍ အသုံးပြုမှုနှုန်း သိသိသာသာ တိုးတက်လာခဲ့ပြီဖြစ်ကြောင်း ထင်ဟပ်စေပါသည်။ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၀ ခုနှစ်တွင် Grab အက်ပလီကေးရှင်းအတွင်း ပြုလုပ်ခဲ့သည့် လစဉ် မှာယူအသုံးပြုမှု အရေအတွက်မှာ (၂၅ ရာခိုင်နှုန်း) အထိ တိုးတက် လာခဲ့ပါသည်။
“Grab ကနေ ကပ်ရောဂါဖြစ်နေတဲ့ ကာလအတွင်းမှာ တိုးပွားလာတဲ့ customer တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်း ပို့ဆောင်ရေး ဝန်ဆောင်မှုတွေကို ပေးအပ်နေခဲ့တာပါ။ ရန်ကုန်နဲ့ မန္တလေးမြို့မှာ GrabFood နဲ့ GrabMart ဝန်ဆောင်မှုတွေကို မြန်မြန်ဆန်ဆန် တိုးချဲ့နိုင်ဖို့အတွက် ကျွန်မတို့မှာ ရှိထားပြီးသား နည်းပညာ၊ ကြီးမားကျယ်ပြန့်တဲ့ သယ်ယူပို့ဆောင်ရေးကွန်ရက်နဲ့ စနစ်ကျတဲ့ လုပ်ငန်းလည်ပတ်မှု ပုံစံတွေကို အသုံးချခဲ့ပြီးတော့ လစဉ် ပုံမှန် အသုံးပြုသူအရေအတွက်က တစ်နှစ်ထက်တစ်နှစ် ကိန်းဂဏန်း နှစ်နေရာစာ တိုးပွားလာနေပါတယ်။ ဒီလို လုပ်ဆောင်ခဲ့တဲ့အတွက် စားသုံးသူ အများစု အနေနဲ့ အပြင်မှာဖွင့်ထားတဲ့ဆိုင်တွေအထိ သွားဝယ်စားဖို့ အဆင်မပြေတဲ့အချိန်မှာ ကျွန်မတို့ရဲ့ မိတ်ဖက်အရောင်းဆိုင်တွေအတွက် ဒစ်ဂျစ်တယ်စနစ်ကနေ ဝင်ငွေလမ်းကြောင်း ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သူတို့ ရှင်သန်ရပ်တည်နိုင်ရေးမှာ တစ်ဖက်တစ်လမ်းက ထောက်ပံ့ကူညီပေးနိုင်ခဲ့ပါတယ်” ဟု Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh က ပြောသည်။

Photo Source https://www.facebook.com/GrabMM

၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလအတွင်း GrabFood ဝန်ဆောင်မှု၏ နေ့စဉ် အော်ဒါမှာယူမှု ပမာဏမှာ (၄၇၀ ရာခိုင်နှုန်း)နီးပါး အထိ မြင့်တက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် customers များကို ဝန်ဆောင်မှုပေးရန် ပလက်ဖောင်း အသုံးပြုထားသည့် GrabFood မိတ်ဖက်စားသောက်ဆိုင် အရေအတွက် (၈၀ ရာခိုင်နှုန်း) အထိ တိုးတက်လာခဲ့ပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် GrabFood ဝန်ဆောင်မှုအား ချိတ်ဆက်အသုံးပြုနေသော လိုင်စင်ရ စားသောက်ကုန် လုပ်ငန်း စုစုပေါင်း (၁,၅၀၀) ကျော်အထိ ရှိနေပြီဖြစ်သည်။
ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် ကာလအတွင်း မြန်မာနိုင်ငံ၏ လူဦးရေအများဆုံး မြို့ကြီး (၂) မြို့ရှိ စားသုံးသူ အများအပြားမှာ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ကို ပြောင်းလဲအသုံးပြုလာကြပြီး ၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလ အတွင်း လစဉ် GrabFood အသုံးပြုသူ စုစုပေါင်း၏ (၇၅ ရာခိုင်နှုန်း) မှာ ဝန်ဆောင်မှုကို ပထမဦးဆုံးအကြိမ် အသုံးပြုသူများ ဖြစ်သည်။
Grab အား သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုနေသည့် customers များ၏ (၅၂ ရာခိုင်နှုန်း) သည် ၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလအတွင်း လစဉ် GrabFood ဝန်ဆောင်မှုကို စမ်းသပ်အသုံးပြုခဲ့ခြင်း ဖြစ်သည်။
၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလအတွင်း GrabMart ၏ နေ့စဉ် ပျှမ်းမျှအော်ဒါ ပမာဏမှာ (၂၇) ဆ အထိ မြင့်တက်လာခဲ့ပြီး အဆိုပါ ပမာဏအတွင်း GrabMart ဈေးဝယ်ယူသူ အသစ်များထံမှ အော်ဒါများမှာ (၇၀ ရာခိုင်နှုန်း) ပါရှိသောကြောင့် ဝန်ဆောင်မှုအသစ်အား သိသိသာသာ ရယူအသုံးပြုလျက်ရှိနေကြောင်း တွေ့ရှိနိုင်သည်။

Photo Source https://www.facebook.com/GrabMM

ယနေ့အချိန်အထိ လစဉ်ပုံမှန် အက်ပလီကေးရှင်း အသုံးပြုသူများ၏ (၂၀) ရာခိုင်နှုန်းမှာ App အတွင်း မှာယူအသုံးပြု မှုများတွင် ၎င်းတို့၏ debit ကဒ် သိုမဟုတ် credit ကဒ်များအား သုံးစွဲကာ မှာယူအသုံးပြုမှု ပြုလုပ်နေကြသည်။ ၂၀၂၀ ခုနှစ်၊ ဇွန်လမှ နိုဝင်ဘာလအတွင်း မှာယူခဲ့သည့် GrabFood အော်ဒါစုစုပေါင်း၏ (၈) ရာခိုင်နှုန်းသည် Grab app နှင့် ချိတ်ဆက်ထားသည့် debit ကဒ် သို့မဟုတ် credit ကဒ်များ အသုံးပြု၍ ငွေသားမဲ့ ငွေပေးချေခဲ့ကြခြင်းဖြစ်သည်။ အထူးသဖြင့် အဆိုပါ ငွေပေးချေမှုပုံစံမှာ GrabMart အသုံးပြုသူများတွင် ပိုမို တွေ့ရှိရပြီး ၂၀၂၀ ခုနှစ်၊ ဇွန်လမှ နိုဝင်ဘာလအတွင်း GrabMart ဝန်ဆောင်မှုအတွက် ငွေပေးချေမှု ပြုလုပ်ခဲ့သည့် စုစုပေါင်း ပမာဏအတွင်း (၁၇ ရာခိုင်နှုန်း) မှာ debit ကဒ် သို့မဟုတ် credit ကဒ်များ အသုံးပြုခဲ့ကြသည်။
အရောင်းဆိုင်များ၊ စားသောက်ဆိုင်ငယ်လေးများနှင့် စားသုံးသူများအား ဒစ်ဂျစ်တယ် စီးပွားရေးစနစ်မှတစ်ဆင့် ကူညီပံ့ပိုးပေးခဲ့သည့်အပြင် Grab မိတ်ဖက်ယာဉ်မောင်းများအား ဒစ်ဂျစ်တယ်စနစ် အသုံးချနိုင်ရန် အတွက်လည်း ကူညီပေးခဲ့ပါသည်။ ၂၀၁၇ ခုနှစ်မှ စ၍ Grab သည် ၎င်း၏ မိတ်ဖက်ယာဉ်မောင်း (၂၀,၀၀၀) ကျော်အား CB ဘဏ်အကောင့်များ ဖွင့်လှစ်ရာတွင် ကူညီပေးခဲ့ပြီး ဘဏ်လုပ်ငန်းနှင့် အခြားငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို ပထမဦးဆုံးအကြိမ်အဖြစ် မိတ်ဆက်ပေးနိုင်ခဲ့သည်။ Grab မိတ်ဖက်ယာဉ်မောင်းများသည် Instant Cash-Out လုပ်ဆောင်ချက်အား နေ့စဉ်အသုံးပြု၍ အလုပ်ချိန်အပြီးတွင် ၎င်းတို့၏ တစ်နေ့တာ ဝင်ငွေအား Mobile Banking အကောင့်သို့ တိုက်ရိုက်လွှဲပြောင်းခြင်း၊ ATM စက်မှ ထုတ်ယူခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။