2C2P နှင့် KBZPay တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်ငွေပေးချေမှုကွန်ရက် တိုးချဲ့နိုင်ရန် ဆောင်ရွက်မည်

အရှေ့တောင်အာရှ၏ ထိပ်တန်း ငွေပေးချေမှု ပလက်ဖောင်းတစ်ခုဖြစ်သော 2C2P နှင့် မြန်မာနိုင်ငံ၏ ထိပ်တန်းမိုဘိုင်း ပိုက်ဆံအိတ်ဖြစ်သော KBZPay တို့သည် မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်ငွေပေးချေမှုကွန်ရက် တိုးချဲ့နိုင်ရေးအတွက် မိတ်ဖက်ပူးပေါင်းမှုတစ်ခု ပြုလုပ်ခဲ့သည်။
အဆိုပါ မိတ်ဖက်ပူးပေါင်းမှုမှတစ်ဆင့် 2C2P ၏ အွန်လိုင်းငွေပေးချေမှု စနစ်များနှင့်အတူ KBZPay ၏ မိုဘိုင်း ပိုက်ဆံအိတ်နည်းပညာဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများအတွက် နိုင်ငံတကာနှင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းများနှင့် ငွေကြေးလွှဲပြောင်းမှုများ ပြုလုပ်နိုင်ရန် အခွင့်အလမ်းသစ်များ ဖန်တီးဖော်ဆောင်ပေးနိုင်ရေး အတူတကွ ဆောင်ရွက်သွားကြမည်ဖြစ်သည်။ ထို့အပြင် ယခုကဲ့သို့ မိတ်ဖက်ပူးပေါင်းလိုက်ခြင်းဖြင့် 2C2P ၏ မိတ်ဖက်နှင့် ဈေးဆိုင်များအား KBZPay ၏ အလျင်အမြန် တိုးပွားလာနေသည့် အသုံးပြုသူများနှင့် ချိတ်ဆက်ပေးနိုင်မည်ဖြစ်ပြီး အဆင်ပြေလွယ်ကူ၍ ထိရောက်စွာ အသုံးချနိုင်သော ငွေပေးချေမှု ပုံစံသစ်များ ပေါ်ထွက်လာမည် ဖြစ်သည်။
မိတ်ဆက်ပူးပေါင်းမှုမှတစ်ဆင့် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများအတွက် ငွေပေးချေမှုရန်၊ ဘေလ်ပေးဆောင်ရန်၊ နေ့စဉ် ငွေရေးကြေးရေး စီမံခန့်ခွဲမှုများ လုပ်ဆောင်ရန် အဆင်ပြေလွယ်ကူပြီး လုံခြုံစိတ်ချရသော မိုဘိုင်း ငွေကြေးလုပ်ဆောင်ချက်များကို ဆောင်ရွက်နိုင်သည့်အပြင် ယနေ့မှစ၍ မြန်မာနိုင်ငံရှိ KBZPay အသုံးပြုသူ (၆.၇) သန်းမှာ ၎င်းတို့၏ မိုဘိုင်းပိုက်ဆံအိတ်ကို အသုံးပြုပြီး 2C2P ၏ ကြီးမားကျယ်ပြန့်သော ကမ္ဘာတစ်ဝန်းနှင့် နိုင်ငံတကာရှိ ဈေးဆိုင်များသို့ ငွေကြေးလွှဲပြောင်းမှုများ ပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။ 2C2P နှင့် ချိတ်ဆက်ထားသော ဈေးဆိုင်များအတွင်း နာမည်ကြီး နည်းပညာကုမ္ပဏီများ၊ အွန်လိုင်းဈေးဆိုင်ကြီးများ၊ လက်လီအရောင်းဆိုင်များအပြင် မြန်မာနိုင်ငံ အခြေစိုက် ကုမ္ပဏီများ ပါဝင်သည်။

Photo Source https://www.facebook.com/KBZPay.

KBZPay အသုံးပြုသူများမှ 2C2P ၏ ဈေးဆိုင်များသို့ ပြုလုပ်သည့် ငွေပေးချေမှုတိုင်းကို 2C2P ၏ back-end စနစ်များ အသုံးပြု၍ စနစ်တကျ အတည်ပြုစစ်ဆေးပေးပြီး customer နှင့် ဈေးဆိုင် နှစ်ဦးနှစ်ဖက်လုံးအတွက် အဆင်ပြေ ချောမွေ့သော ငွေပေးချေမှု အတွေ့အကြုံတစ်ခု ရရှိနိုင်ရန် ဆောင်ရွက်ထားပါသည်။ ထိုကဲ့သို့သော ငွေကြေး လုပ်ဆောင်ချက်များအတွက် 2C2P က ငွေပေးချေသူနေရာမှ ဆောင်ရွက်ပေးမည်ဖြစ်သောကြောင့် KBZPay အသုံးပြုသူများမှာ KBZPay ကွန်ရက်နှင့် ချိတ်ဆက်မထားသည့် 2C2P ၏ ဈေးဆိုင်များကိုလည်း ငွေပေးချေမှု ပြုလုပ်နိုင်မည် ဖြစ်ပါသည်။
KBZPay နှင့် မိတ်ဖက်ပူးပေါင်းပြီး ဝန်ဆောင်မှု တိုးချဲ့လိုက်ခြင်းသည် 2C2P ၏ ကမ္ဘာတစ်ဝန်းရှိ စီးပွားရေး လုပ်ငန်းများအတွက် ဒေသတွင်းရှိ ရှုပ်ထွေးသည့် ငွေပေးချေမှုပုံစံ နယ်ပယ်တွင် ရိုးရှင်းလွယ်ကူသော ငွေပေးချေမှု လုပ်ငန်းစဉ်များ ပေးအပ်နိုင်ရန်ဆိုသည့် ၎င်း၏ ရည်မှန်းချက်အတွက် ကြီးမားသော နောက်ထပ် ခြေလှမ်းတစ်ခု ဖြစ်ပါသည်။
“အရှေ့တောင်အာရှမှာ လက်ရှိ မြန်မာနိုင်ငံဟာ တိုးတက်မှုအမြန်ဆုံးနဲ့ hyper-connected အဖြစ်ဆုံး လူငယ်ပိုင်း အသက်အရွယ် အပိုင်းအခြားရှိတဲ့ နေရာတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ပြီးတော့ ဒီလူငယ်တွေဟာ နောက်ဆုံးပေါ် ခေတ်မီ နည်းပညာတွေ အသုံးချထားတဲ့ ငွေပေးချေမှုပုံစံတွေကို ပိုပြီး ရှာဖွေလာကြတာ တွေ့ရပါတယ်။ ကျွန်တော်တို့ 2C2P အနေနဲ့ ဒီနှစ်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်သွားမယ့် တိုးချဲ့မှုတွေအရ အခုလို KBZPay နဲ့ မိတ်ဖက်ပူးပေါင်းနိုင်ခဲ့တဲ့ အတွက် ဝမ်းသာကျေနပ်မိပါတယ်။ အခုဆိုရင် ထိတွေ့စရာမလိုဘဲ ဆောင်ရွက်နိုင်တဲ့ အွန်လိုင်းနဲ့ မိုဘိုင်း ငွေပေးချေမှုတွေ ပိုပြီး လိုအပ်တာနဲ့အမျှ ကျွန်တော်တို့ရဲ့ ကွန်ရက်အမျိုးမျိုးမှာရှိတဲ့ မိတ်ဖက်တွေ၊ ဈေးဆိုင်တွေ အတွက် ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပြီ ဖြစ်ပါတယ်” ” ဟု 2C2P Myanmar ၏ Country Head ဖြစ်သူ ဦးပြေငြိမ်း က ပြောသည်။

Photo Source https://www.facebook.com/KBZPay.

၂၀၁၈ ခုနှစ်မှစတင်ပြီး KBZPay သည် မြန်မာနိုင်ငံ အနှံ့အပြားရှိ ပြည်သူများအတွက် မရှိမဖြစ် လိုအပ်သော ငွေရေးကြေးရေးနှင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကို ပထမဦးဆုံးအကြိမ် စတင်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးရင်း တစ်ဦးနှင့်တစ်ဦးအကြား ဘေးကင်းလုံခြုံမှုရှိစွာဖြင့် ပိုမို အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်သော ဒစ်ဂျစ်တယ် ငွေပေးချေမှုပုံစံတစ်ခုကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။ KBZPay အနေဖြင့် အသုံးပြုသူများအား မြန်မာနိုင်ငံတစ်ဝန်းရှိ ဈေးဆိုင်ပိုင်ရှင်နှင့် ကိုယ်စားလှယ်ပေါင်း (၂၉၀,၀၀၀) ကျော်နှင့် ချိတ်ဆက်ပေးလျက်ရှိပြီး ယနေ့အထိ မြန်မာကျပ်ငွေ ၁၅.၆ ထရီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၁.၂ ဘီလီယံ)[1] ပမာဏရှိသော ငွေကြေး လုပ်ဆောင်ချက်များအတွက် ဝန်ဆောင်ပေးခဲ့ပြီး ဖြစ်သည်။
“KBZPay အနေနဲ့ ပြည်တွင်းမှာ ငွေပေးချေမှုပုံစံအသစ်တွေ မိတ်ဆက်ပေးနိုင်အောင် ကျွန်တော်တို့ရဲ့ ဂေဟစနစ်ကို ဆက်လက် တိုးချဲ့ဖြန့်ကြက်သွားပါဦးမယ်။ ဒါမှသာ အများပြည်သူတွေအနေနဲ့ သူတို့ ချစ်ခင်ရတဲ့သူတွေအပြင် ကိုယ်စားလှယ်တွေ၊ ဝန်ဆောင်မှုပေးတဲ့သူတွေ၊ e-commerce နဲ့ လက်လီ အရောင်းဆိုင် ပလက်ဖောင်းတွေ၊ အစိုးရ ဝန်ဆောင်မှုလုပ်ငန်းတွေ အပါအဝင် အခြား အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်နိုင်မှာပဲ ဖြစ်ပါတယ်။ အခုလို 2C2P နဲ့ မိတ်ဖက်ပူးပေါင်းမှုက နောက်ဆုံးပေါ် ငွေပေးချေမှု နည်းပညာတွေကို အသုံးချပြီး ပြည်တွင်းမှာ မိုဘိုင်း ငွေကြေး လုပ်ဆောင်ချက်တွေရဲ့ ကဏ္ဍကို အရှိန်မြှင့်တင်နိုင်ဖို့ ကြိုးစားသွားမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ တူညီတဲ့ ရည်မှန်းချက်ကို ပေါ်လွင်စေမှာ ဖြစ်ပါတယ်” ဟု Head of KBZPay ဖြစ်သူ Mr. Chong Ho Yoon က ပြောသည်။

Photo Source https://www.facebook.com/KBZPay.

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မြန်မာနိုင်ငံတွင် မိုဘိုင်းဦးစားပေး ဒစ်ဂျစ်တယ် လူ့အဖွဲ့အစည်း တစ်ခုအဖြစ် ပြောင်းလဲတိုးတက်လာစေရန် အရှိန်အဟုန်ဖြင့် ရှေးရှုဆောင်ရွက်နေချိန် ဖြစ်သောကြောင့် 2C2P နှင့် KBZPay တို့အကြား မိတ်ဖက်ပူးပေါင်းမှုသည် အချိန်ကောင်းတွင် ပြုလုပ်လိုက်ခြင်း ဖြစ်ပါသည်။ ကပ်ရောဂါကြောင့် စားသုံးသူများသည် နေ့စဉ် ငွေကြေးဆိုင်ရာကိစ္စများကို ၎င်းတို့ နှစ်သက်ရာနည်းလမ်းများဖြင့် ဆောင်ရွက်လာကြပြီး လုံခြုံစိတ်ချရသော ဒစ်ဂျစ်တယ်ငွေပေးချေမှု ဖြေရှင်းလုပ်ဆောင်ချက်များကို ပိုမို တောင်းဆိုလာကြသောကြောင့် စီးပွားရေးလုပ်ငန်းများအား ငွေကြေးလုပ်ဆောင်ချက်များ လုပ်ဆောင်ရာတွင် ပိုမို စနစ်တကျ ကိုင်တွယ်နိုင်သော နည်းလမ်းများ အသုံးပြုရေး ပြန်လည်စဉ်းစားရန် တွန်းအားဖြစ်စေခဲ့သည်။