Grab App တွင် Hotel Booking တင်နိုင်သော လုပ်ဆောင်ချက်ထည့်သွင်း

Grab က Agoda နှင့် Booking.com တို့တွင် ရရှိနိုင်သော ဟိုတယ်နှင့် အခြား နေရာထိုင်ခင်းအစီအစဉ်များအား Grab App မှ တိုက်ရိုက် Booking တင်နိုင်မည့် Hotels အမည်ရှိ ဝန်ဆောင်မှုအသစ်တစ်ခုကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်းသိရ သည်။ ထို့အတွက်ကြောင့် Grab အသုံးပြုသူများအတွက် Grab app မှတစ်ဆင့် ဟိုတယ်ခန်း (၂) သန်းကျော်အား အထူးသက်သာသော ဈေးနှုန်းဖြင့် ဘွတ်ကင်ရယူနိုင်ရန် ဆောင်ရွက်ပေးလိုက်ပြီလည်းဖြစ်သည်။
ခရစ်စမတ်နှင့် နှစ်သစ်ကူးရုံးပိတ်ရက်များ မတိုင်မီ မြန်မာနိုင်ငံရှိ Grab အသုံးပြုသူများအနေဖြင့် Hotels လုပ်ဆောင်ချက်ကို စတင်အသုံးပြုနိုင်ပြီဖြစ်ပြီး ဈေးနှုန်းသက်သာသော ဟိုတယ်ခန်းများမှစပြီး တိုက်ခန်းနှင့်အပန်းဖြေအိမ်များအထိ တည်းခိုစရာ နေရာ အမျိုးအစားပေါင်း (၂) သန်းကျော်အတွင်း ဈေးနှုန်းများကို အလွယ်တကူ နှိုင်းယှဉ်ကြည့်ကာ Booking တင်နိုင်မည် လည်းဖြစ်သည်။

Photo Source – https://www.facebook.com/GrabMM/

“ကျွန်မတို့ရဲ့ ကိုယ်ပိုင်လေ့လာဆန်းစစ်ချက်တွေအရ မြန်မာနိုင်ငံကလူတွေဟာ ပြည်တွင်း၊ ပြည်ပ ခရီးသွားလာရတာ နှစ်သက်ကြတယ်ဆိုတာ သိထားပါတယ်။ Grab ရဲ့ Hotels ဘွတ်ကင်ဝန်ဆောင်မှုက အသုံးပြုသူတွေကို လာမယ့် ပိတ်ရက်ခရီးအတွက်ပဲဖြစ်ဖြစ်၊ staycation နေပြီး နားချင်လို့ပဲဖြစ်ဖြစ် ဟိုတယ်တစ်ခုခုမှာ ဘွတ်ကင်တင်တဲ့အခါ ပိုပြီး စိတ်ကျေနပ်မှုရှိစေမှာပါ။ ဒီဝန်ဆောင်မှုက ပိတ်ရက်တွေမှာ မကြာခဏခရီးထွက်တတ်တဲ့ လုပ်ငန်းခွင်က လူငယ်တွေ၊ မိသားစုခရီးထွက်ဖို့ ဈေးအတန်ဆုံးတည်းခိုစရာ နေရာရှာချင်တဲ့သူတွေအတွက် အကောင်းဆုံးပါပဲ။ Hotels ဝန်ဆောင်မှုကို သုံးပြီး Grab အသုံးပြုသူတွေဟာ ကမ္ဘာ့ထိပ်တန်း ဟိုတယ် Booking ဝက်ဘ်ဆိုက်တွေကနေ ကိုယ့်ရဲ့ဘတ်ဂျက် တွင်းမှာရှိတဲ့ အကောင်းဆုံးဟိုတယ်တွေကို ရှာနိုင်မှာဖြစ်တဲ့အပြင် Grab သုံးတဲ့သူတွေပဲ ရနိုင်မယ့် အထူးဈေးနှုန်းတွေနဲ့ သီးသန့်လျှော့ဈေးတွေကိုလည်း ရရှိခံစားနိုင်မှာပါ” ဟု Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh က ပြောသည်။

Photo Source – https://www.facebook.com/GrabMM/

ရန်ကုန်၊ မန္တလေးနှင့် ပုဂံမြို့ရှိ Grab အသုံးပြုသူများမှာ အက်ပလီကေးရှင်း၏ အဖွင့်စာမျက်နှာတွင် ‘Hotels’ ဝန်ဆောင်မှု ရယူနိုင်သော နေရာတစ်ခုကို တွေ့မြင်ကြရမည် ဖြစ်ပြီး အဆိုပါ နေရာကိုနှိပ်လိုက်ပါက အသုံးပြုသူများအတွက် မိမိတို့၏ Agoda နှင့် Booking.com အကောင့်များသို့ ဝင်ရောက်ရန်နှင့် Grab အကောင့်မရှိသေးသူများ အကောင့်အသစ်ဖွင့်လှစ်ရန် စတင်ပြုလုပ်နိုင်မည်လည်းဖြစ်သည်။ ထို့အပြင် Grab app မှ ထွက်ရန်မလိုဘဲ Agoda နှင့် Booking.com တို့တွင် ဖော်ပြထားသည့် ဟိုတယ်များအတွင်း ဝင်ရောက်ကြည့်ရှု့ရွေးချယ်နိုင်ပြီး တည်းခိုလိုသည့်ဟိုတယ်ကို တိုက်ရိုက် Bookinig ပြုလုပ်နိုင်မည်လည်းဖြစ်သည်။ Booking ပြုလုပ်ပြီးစီးပါက မိမိရွေးချယ်လိုက်သည့်နေရာမှ အသုံးပြုသူများထံ အတည်ပြု သည့် မေးလ်တစ်စောင် ပြန်လည်ပေးပို့မည်လည်းဖြစ်သည်။ Grab အသုံးပြုသူများမှာ Hotels Booking ဝန်ဆောင်မှု စတင်မိတ်ဆက်လိုက်သည့် အထိမ်းအမှတ်အဖြစ် အထူးသီးသန့် လျှော့ဈေးများကို ထပ်မံရယူနိုင်မည်လည်းဖြစ်သည်။
“Agoda က နည်းပညာကိုသုံးပြီး ခရီးသွားလာတာတွေ ပိုမိုလွယ်ကူစေလာဖို့အတွက် နည်းလမ်းတွေ အမြဲလေ့လာရှာ ဖွေနေပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ မြန်မာနိုင်ငံက ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းမှုတွေ အရှိန်အဟုန်ကောင်း ကောင်းနဲ့ဖြစ်ပေါ်လာခဲ့ပြီး အထူးသဖြင့် ခရီးသွားနယ်ပယ်မှာ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ထင်ထင်ရှားရှား ဖြစ်ပေါ် ခဲ့ပါတယ်။ မြန်မာနိုင်ငံက Grab အသုံးပြုသူတွေအနေနဲ့ Grab အက်ပလီကေးရှင်းက တစ်ဆင့် Agoda ပလက်ဖောင်းပေါ်က ပြည်တွင်းနဲ့ ပြည်ပမှာရှိတဲ့ ဟိုတယ်တွေကို အဆင်ပြေပြေနဲ့ ဘွက်ကင်တင်နိုင်မယ့် အခွင့်အလမ်းကိုလည်း တဖြည်းဖြည်းနဲ့ ရင်းနှီးကျွမ်းဝင်လာကြမယ်လို့ ယုံကြည်ပါတယ်” ဟု Agoda မှ VP Strategic Partnerships & Programs ဖြစ်သူ Damien Pfirsch က ပြောကြားသည်။

Photo Source – https://www.facebook.com/GrabMM/

Agoda Grab ၏ ပလက်တီနမ်အဆင့် အသုံးပြုသူများမှာ အနည်းဆုံး အမေရိကန်ဒေါ်လာ (၁၀၀) အသုံးပြုမှုတိုင်းအတွက် Grab app မှတစ်ဆင့် ဟိုတယ် Booking ပြုလုပ်ရာတွင် အမေရိကန်ဒေါ်လာ (၁၀) အထိ ပြန်လည်ရရှိနိုင်သည့် ဘောက်ချာ များ ပေးအပ်သွားမည်ဖြစ်ပြီး ရွှေနှင့်ငွေအဆင့် အသုံးပြုသူများမှာ အမေရိကန်ဒေါ်လာ (၈) ဒေါ်လာအထိ ရရှိနိုင် မည်ဖြစ်သည်။ အဆိုပါ အထူးအစီအစဉ်ကို ကမ္ဘာတစ်ဝန်းရှိ မည်သည့်နေရာမဆို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၃၀) မတိုင်မီ တည်းခို ရန်လိုအပ်မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အတွင်း ကြိုတင်ပြုလုပ်ထားသည့် Booking များအတွက် အသုံးပြုနိုင်မည်ဖြစ်သည်။ အသုံးပြုသူတစ်ဦးလျှင် တစ်ကြိမ်သာ အထူးအစီအစဉ်တွင် ပါဝင်ခွင့်ရရှိမည်လည်းဖြစ်သည်။
Booking.com Grab အသုံးပြုသူအားလုံး Booking.com အတွင်းရှိ သတ်မှတ်ထားသော ဟိုတယ်များတွင် Grab App မှတစ်ဆင့် Booking ပြုလုပ်ပါက ကုန်ကျစရိတ်၏ (၁၀) ရာခိုင်နှုန်း ငွေသားပြန်အမ်းပေးမည်လည်းဖြစ်သည်။ အဆိုပါ အထူးအစီအစဉ်ကို ကမ္ဘာတစ်ဝန်းရှိ မည်သည့်နေရာမဆို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၃၀) မတိုင်မီ တည်းခိုရန်လိုအပ်မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အတွင်း ကြိုတင်ပြုလုပ်ထားသည့် Booking များအတွက် အသုံးပြုနိုင်မည်လည်း ဖြစ်သည်။ ထို့အပြင် လာမည့်လများအတွင်း Hotels ဝန်ဆောင်မှုတွင် လုပ်ဆောင်ချက်အသစ်များနှင့် အကျိုးခံစားခွင့်အသစ်များ ပိုမိုရရှိနိုင်ရန် ထပ်မံထည့်သွင်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။