မြန်မာနိုင်ငံတွင် အဓိကဖြစ်လေ့ဖြစ်ထရှိတဲ့ Virus အကြောင်း သိကောင်းစရာများ

Image Source: http://www.diogenesbandeira.com.br

မြန်မာနိုင်ငံသည် ခေတ်မီတိုးတက်လာသည်နှင့်အမျှ internet အသုံးပြုမှုကလည်း တွင်ကျယ်လာသလို အဲ့ဒီ အင်တာနက်ကတဆင့် မိမိရဲ့ဖုန်း ဒါမှမဟုတ် ကွန်ပျူတာထဲကို virus ဝင်ရောက်နိုင်မှုမှာလည်း အခွင့်အလမ်းများလာတော့တာပေါ့။ virus တွေဟာအင်တာနက်ကတဆင့် အများဆုံးဝင်ရောက်နိုင်သလို တခြားသော data transfer devices တွေဖြစ်တဲ့ memory stick, CD များမှလည်း အလွယ်တကူ ဝင်ရောက်နိုင်တယ်။ အခုဆောင်းပါးမှာ ဖော်ပြပေးချင်တာကတော့ ကွန်ပျူတာအများစုမှာဖြစ်တတ်တဲ့ virus တွေအကြောင်းရယ်၊ အဲ့ဒီ virus တွေကို ကာကွယ်ဖို့ ဘယ်လို software တွေသုံးသင့်ကြောင်းကို အဓိကပြောပြပေးသွားမှာဖြစ်ပါတယ်။

အဲ့တော့ ကွန်ပျူတာ virus ဆိုတာဘာလဲ?

ကွန်ပျူတာ virus ဆိုတာကတော့ သူ့ကိုယ်သူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီး ကွန်ပျူတာတစ်ခုကနေ တစ်ခုကို ပျံ့နှံ့ကူးစက်နိုင်ပါတယ်။ လူတွေမှာ Virus ကူးသလိုပဲ ပျံ့နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင် နှောက်ယှက်မယ်။ Windows ကို Error တွေများလာအောင်လုပ်မယ်။ User data တွေကို ဖျက်ဆီးမယ်။ Hardware တွေ၊ Software တွေရဲ့ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ် စတာတွေကို လုပ်ဆောင်ပါတယ်။

ဒါပေမယ့် Virus အများစုဟာ executable file တွေဖြစ်ကြပါတယ်။ ဥပမာ – chrome.exe, system.bat, flashy.com စသဖြင့်ပေါ့။ သူတို့ဟာ ကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင် / သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး။ ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါ၀င်ပဲ Computer Virus သည် မပျံ့နှံ့မကူးစက်နိုင်ပါ။ Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်။ Forward E-mail က attached file တွေ၊ memory stick (flash/ thumb drives)တွေ၊ Full sharing ကနေ virus infected file ထည့်တာတွေ၊ အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေစသဖြင့်ပေါ့။ virus အမျိုးအစားတွေကတော့ အများကြီးရှိတဲ့အတွက်ကြောင့် မြန်မာနိုင်ငံတွင် အဓိကဖြစ်လေ့ဖြစ်ထရှိတဲ့ virus တွေကို ပြောပြပေးချင်ပါတယ်။

– Malware

Malware ဆိုတာ အင်္ဂလိပ်စကား (၂) လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ။ အဲ့ဒီ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင်ရေးလေ့ရှိကြပါတယ်။ Malware တစ်ခုမှာ Computer Virus, Worms, Trojan Horses, Most Rootkits, Spyware, Dishonest Adware, Crimeware and Other Malicious and Unwanted Software တွေပါ၀င်လေ့ရှိပါတယ်။

– Worm

Worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါပဲ။ Virus တစ်ခုရဲ့ Sub-class လို့လည်းခေါ်လို့ရပါတယ်။ သူကတော့ Virus လို လူကဖြန့်မှပျံ့တာမျိုးမဟုတ်ပဲ သူဖာသူ Computer network ထဲမှာရှိတဲ့ အခြား ကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက် လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ်။ အကြီးမားဆုံး အန္တရာယ်ကတော့ သူက သူ့ဖာသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်။ Hard disk ရဲ့ used space ကို များလာစေတယ်။ Computer ရဲ့ System memory usage တွေ များလာစေတယ်။ Network bandwidth တွေကိုတက်လာစေတယ်။ Run ထားတဲ့ program တွေကို Not Responding ခဏခဏဖြစ်လာစေတယ်။ လူသိများတဲ့ Worm ကတော့ Blaster worm ပါ။ Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်။

– Trojan Horse

Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်။ ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်။ ဥပမာပေါ့ Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်။ အဲဒီတော့ အဲဒီ Game ကို Trojan horse လို့ခေါ်တာပေါ့။ တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ။ ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရမလို ဖြစ်နေတာပေါ့။

– Spyware

သူကတော့ သူခိုးပေါ့နော်။ သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်။ ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်။ Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်။ ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်။ သင့်ကို Error message တွေ အမျိုးမျိုးပြမယ် (ဥပမာ – သင့်ကွန်ပျူတာမှာ problems တွေများနေပြီ အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့။ တစ်ချို့လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့် Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ။ Spyware ကိုကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကိုရှောင်တာကောင်းပါတယ်။

– Adware

Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်။ သူကတော့ Screen မှာ Automatic ပေါ်လာအောင် ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်။ အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်။

– Crimeware

Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက် ရည်ရွယ်ပြီး ရေးကြတာများပါတယ်။ သူက user password တွေ၊ links တွေ၊ အချက်အလက်တွေကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့။ ဥပမာပြောရရင် ခုခေတ်စားနေတဲ့ keylogger တို့ keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲ ဖြစ်ပါတယ်။

Image Source: https://www.sandiegocomputerhelp.com

Virus အမျိုးအစားတွေလည်း ပြောပြပြီးပြီဆိုတော့ အဲ့ဒီ virus တွေမဝင်အောင် ဘယ်လိုကာကွယ်ကြမလဲ?

ကွန်ပျူတာ virus အန္တရာယ်ကနေ ကာကွယ်ချင်တယ်ဆိုရင်တော့ လုံခြုံစိတ်ချရတဲ့ Antivirus Software ကောင်းကောင်းတစ်ခုကို ကျိန်းသေပေါက် အသုံးပြုရမှာဖြစ်ပြီးတော့ အဲ့ဒီ Antivirus Software ကိုလည်းအစဉ်အမြဲ Latest update ပြုလုပ်ဖို့လိုအပ်မှာဖြစ်ပါတယ်။ ဒါ့အပြင်နောက်ဆုံးပေါ် Virus တွေရဲ့ အန္တရာယ်နှင့် သူတို့ရဲ့လုပ်ဆောင်ချက်တွေကိုလည်း တတ်နိုင်သမျှ သိရှိထားရမယ်။ အင်တာနက်မှ Software တွေ Application တွေ email attached file တွေ download မလုပ်ခင်မှာလည်း Virus အန္တရာယ် ရှိမရှိ သေချာစွာ စစ်ဆေးရမယ်။ အကယ်၍ သင့်ကွန်ပျူတာသို့ virus အနေဖြင့် ရောက်ရှိနေရင်လည်း Antivirus Software ကိုသုံးပြီး ကွန်ပျူတာတစ်ခုလုံးကို စစ်ဆေးသင့်ပါတယ်။ အခုလက်ရှိ trend ဖြစ်နေတဲ့ top 5 antivirus software တွေကတော့
1. Norton Antivirus
2. BullGuard Antivirus
3. Panda Antivirus
4. Bitdefender Antivirus
5. Avira Antivirus
တို့ပဲဖြစ်ပါတယ်။

ကာကွယ်ခြင်းက ကုသခြင်းထက်ထိရောက်တဲ့ သဘောဖြစ်တဲ့အတွက်ကြောင့် Virus တွေ သင့်ကွန်ပျူတာကို မကူးစက်မီ သင့်ကွန်ပျူတာအား ယုံကြည်စိတ်ချရသော Antivirus Software တစ်ခုခုဖြင့် ကာကွယ်ထားသင့်သည်ဟု အကြံပြုရင်း ကွန်ပျူတာ Virus များ အကြောင်းကို စာဖတ်သူများ ဗဟုသုတ ရစေရန် ရည်ရွယ်၍ ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။

Myat Noe Wai