မြန်မာနိုင်ငံအတွက် စတုတ္ထမြောက်Telecom Operator ဖြစ်သော MyTel မှ ဝန်ဆောင်မှုများ မကြာမီသုံးစွဲနိုင်တော့မည်

မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းနှင့် မိုဘိုင်းအင်တာနက်အတွက် စတုတ္ထမြောက် Telecom Operator ဖြစ်လာမည့် MyTel ၏ ဝန်ဆောင်မှုများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် စတင်သုံးစွဲနိုင်တော့မည် ဖြစ်ရာ အချိန်ကာလအားဖြင့် နီးကပ်လာပြီဖြစ်သည်။ အခြားသော Telecom များနှင့် ဝန်ဆောင်မှုတူသော်လည်း ဈေးနှုန်းလျှော့ချ၍ ဈေးကွက်ယှဉ်ပြိုင်မည်ဟု ကနဦးသတင်းများအရ သိရှိထားရသောကြောင့် အများပြည်သူများ အနေဖြင့် စိတ်ဝင်စားမှုရှိနေကြသည်။

Image Source: https://mm.myanmartechpress.com

Myanmar National Telecom နှင့် Vietel တို့ ပူးပေါင်းထူထောင်ထားသည့် MyTel အနေဖြင့် ၂၀၁၈ အစောပိုင်းကာလမတိုင်မီ အခြေခံအဆောက်အဦး ၅၀၀ဝ အထိ တည်ဆောက်သွားရန်ရည်ရွယ်ထားသည်ဟု သိရသည်။ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Vietel အနေဖြင့် ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံနှင့် ဆက်သွယ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းခဲ့ဖူးသော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။ ယခုအချိန်တွင် Vietel အနေဖြင့် မြန်မာ့ကျေးလက်ဒေသနေပြည်သူများကို ပစ်မှတ်ထား၍ ဖြန့်ချိရန် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး လက်ရှိအခြေအနေတွင် အခြေခံအဆောက်အဦးများကို စတင်ဆောက်လုပ်နေပြီဖြစ်သည်။
မိုဘိုင်းဖုန်း Sim Card များကိုလည်း ၂၀၁၈ ဇန်နဝါရီတွင် ဖြန့်ချိမည်ဖြစ်ပြီး ဖုန်းနံပါတ်များမှာ 096 ဖြင့် စတင်မည်ဟု သိရှိရသည်။ ထပ်မံသိရှိရသော သတင်းများအရ ဆောက်လုပ်ဆဲ MyTel ၏ အခြေခံ အဆောက်အဦးများအပြင် မြန်မာနိုင်ငံရှိ ကာကွယ်ရေးဝန်ကြီးဌာနနှင့် အခြားပုဂ္ဂလိက ကုမ္ပဏီတစ်ခုတို့ ပူးပေါင်း လုပ်ကိုင်နေသည့် MecTel မှ တာဝါတိုင် ၁၀၀ဝ နှင့် Fiber Optic Cable ၁၃၀၀ဝ ကီလိုမီတာ အပြင် အခြားသော နည်းပညာအကူအညီများကို MecTel မှ ပေးအပ်ထားကြောင်း သိရှိရသည်။


Image Source: http://www.seniorgeneralminaunghlaing.com

ကွန်ယက်များအနေဖြင့် 900 MHz နှင့် 2.1 GHz Bands များကို အသုံးပြုထားပြီး မိုဘိုင်းနက် ၀ေါ့လွှမ်းခြုံမှု အားနည်းလျက်ရှိသော ကျေးလက်ဒေသရှိ ပြည်သူများကို အဓိကထားဖြန့်ချိသွားမည်ဟု MyTel က ဆိုသည်။ လက်ရှိအနေဖြင့် လုပ်ငန်းသုံး အင်တာနက်အစီအစဉ်များကို စတင်ဝန်ဆောင်မှု ပေးနေပြီဖြစ်ပြီး Fixed Broadband Services အနေဖြင့် –
1. IPLC – International Private Leased Circuit
2. DPLC – Domestic Private leased Circuit
3. DIA is Dedicated Internet Access
4. IP transit 5. IP-VPN တို့ဖြစ်ကာ Bandwidth နှင့် ချိတ်ဆက်မှုအမျိုးအစား၊ အကွာအဝေးပေါ် မူတည်၍ ဈေးနှုန်းများ ကွာခြားမည်ဟု သိရှိရသည်။
Source: DevTelecoms, MyTel Myanmar
Hein Lin Htun