Facebook မှာရှိတဲ့အတုအယောင်

အခုခေတ်ကို အင်တာနက်ခေတ် အိုင်တီခေတ်လို့မခေါ်ဘဲ facebook ခေတ်လို့ပဲ ခေါ်လိုက်ရင် ကောင်းမလားပဲ။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးသိတဲ့အတိုင်း မြန်မာမှာလဲ facebook ကမ္ဘာမှာလဲ facebook ဖြစ်နေကြပြီ။ ကမ္ဘာ့အသုံးအများဆုံးဗီဒီယိုဝက်ဘ်ဆိုဒ် ဖြစ်တဲ့ youtube မှာ active ဖြစ်တဲ့အသုံးပြုသူ သန်းတစ်ထောင်ခန့်၊ လူမှုကွန်ယက် ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Twitter က အသုံးပြုသူဦးရေ သန်းသုံးရာကျော်ခန့် စတဲ့အသုံးပြု သူဦးရေအများဆုံးဝက်ဘ်ဆိုဒ်တွေကိုကျော်ပြီး ထိပ်ဆုံးမှာက facebook က active ဖြစ်တဲ့လူဦးရေတင် သန်းနှစ်ထောင်ခန့်နဲ့ရပ်တည်နေတယ်။ ဒီတော့စီးပွားရေး အတွက်သိပ်ကောင်းတဲ့ အသုံးပြုသင့်တဲ့နေရာတစ်ခုဖြစ်နေပါတယ်။

Facebook မှာစီးပွားရေးဘယ်လိုလုပ်ကြသလဲ။ ကြော်ငြာထည့်ကြတယ်။ ကိုယ့်ဆိုင် နာမည်ကြီးအောင် ကြော်ငြာတယ်။ ကိုယ့်လုပ်ငန်းနာမည်ကြီးအောင်ကြော်ငြာတယ်။ နည်းလမ်းကလဲ အမျိုးမျိုးပေါ့။ ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်း page ကို လူအများဆီ ရောက်အောင်ဖြန့်ပြီး ကြော်ငြာတယ်။ ကိုယ့် page မှာ like များများရအောင်လုပ်တယ်။ ကိုယ့်ရဲ့ပိုစ်တစ်ခုချင်းဆီ ကိုတောင်မှ facebook boost လို့ခေါ်တဲ့ ပို့စ်တစ်ခုချင်းဆီ like များများရအောင်လုပ်တာတွေလဲရှိတယ်။ ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်သမားတွေဆိုရင်လဲ facebook ကနေတဆင့် သူတို့ဝက်ဘ်ဆိုဒ်တွေဆီကို လူများများဝင်ကြည့်အောင် လူအများသိအောင် ကြော်ငြာတယ်။ ကမ္ဘာအရပ်ရပ်ကနေကြော်ငြာတွေနေ့စဉ်နဲ့အမျှထည့်ကြတာ facebook မှာ ဝင်ငွေ ဘယ်လောက်တောင်ရနေမလဲ။ facebook ရဲ့နောက်ဆုံးထုတ်ပြန်ချက်အရ ၂၀၁၇ ရဲ့ ဒုတိယသုံးလ(ဧပြီ၊ မေ၊ ဂျူလိုင်)ဝင်ငွေဟာ သန်းပေါင်းကိုးထောင်ကျော်ရှိပါတယ်။

ဒါပေမယ့်လို့ သင်က facebook မှာကြော်ငြာတော့မယ်ဆိုရင် အကြောင်းမသိသေးရင် သင့်ငွေတွေအများကြီးအလဟဿဖြစ်သွားနိုင်တယ်။ facebook မှာ စီးပွားရေးနဲ့ပတ်သက်ပြီး အတုတွေ အယောင်ဆောင်တွေရှိနေတယ်ဆိုတာ သင်သိပြီးပြီလား။ ကျွန်တော်ကိုယ်တိုင်ကြုံခဲ့ရပြီး ကမ္ဘာတစ်ဝှမ်းကလူများလဲကြုံရပါတယ်။

Facebook မှာ Virtual Bagel ဆိုတဲ့ page တစ်ခုရှိပါတယ်။ အဲဒီ page က BBC NEWS TECHNOLOGY မှ Rory Cellan-Jones တည်ထောင်ထားတဲ့ page ပါ။ facebook မှာ like တစ်ခုက ဘယ်လောက်တန်သလဲဆိုတာကို သိချင်တဲ့အတွက်သူထောင်တာပါ။ ဒီ page မှာဘာစိတ်ဝင်စားစရာပို့စ်မှတင်မထားဘဲ like တွေကို သူစဝယ်ပါတယ်။
.

Image Source : https://www.facebook.com/VirtualBagel/

အထက်ပါပုံမှာပြထားတဲ့ page ပါ။ ဒီနေရာမှာကြားဖြတ်ပြောချင်တာက like ဝယ်တဲ့အခါမှာမှန်ကန်တဲ့နည်းလမ်းနဲ့ မမှန်ကန်တဲ့နည်းလမ်းဆိုပြီးနှစ်မျိုးရှိပါတယ်။ မမှန်ကန်တဲ့နည်းလမ်းက Boostlikes.com လိုမျိုးဝဘ်ဆိုဒ်တွေမှာ like တွေကို အရေအတွက်နဲ့ဝယ်တာပါ။

Image Source : https://www.pinnacleoffice.ca/try-it-tuesday/

ပုံပါအတိုင်း like တစ်ထောင်ကို (ရ၁) ဒေါ်လာပါ။ (၃၅) ရာခိုင်နှုန်း discount တောင်ပါလိုက် ပါသေးတယ်။ ဒီဝက်ဘ်ဆိုဒ်တွေက မြန်မာနိုင်ငံလိုမျိုး ဖွံ့ဖြိုးဆဲနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ဖိလစ်ပိုင်၊ နီပေါ၊ အီဂျစ်၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် စတဲ့နိုင်ငံတွေမှာ clickfarms တွေကိုအသုံးပြုပြီး like တွေလုပ်ပေးတာပါ။ clickfarms ဆိုတာကတော့ ဒီလိုမျိုး page တွေအတွက် like နှိပ်ပေးဖို့ ပိုက်ဆံပေးပြီးခိုင်းတဲ့သူတွေကိုဆိုလိုတာပါ။ ဒီလိုနိုင်ငံတွေမှာ like အရေအတွက်ဘယ်လောက်ကလစ်ရင် ဘယ်လောက်ပေးတယ်ဆိုတာမျိုးရှိပါတယ်။ ဒီလို like ဝယ်ပုံမျိုးကို facebook က သေချာတားမြစ်ထားပါတယ်။ တဖက်ကနေပြီး like တွေကို မှန်ကန်တဲ့နည်းလမ်းနဲ့ဝယ်နိုင်ဖို့ facebook က ပြုလုပ်ပေးထားတယ်။ Virtual Begal Ltd တည်ထောင်သူ Rory Cellan-Jones က ဒီ facebook ကနေမှ မှန်ကန်တဲ့ နည်းနဲ့ like ရစေဖို့ပိုက်ဆံပေးပြီး ကြော်ငြာစေခဲ့တာပါ။ ဒီနေရာမှာ မိမိ page ကို ဘယ်မြို့ဘယ်နိုင်ငံမှာ ကြော်ငြာစေချင်သလဲ။ တနည်းအားဖြင့် ဘယ်မြို့ဘယ်နိုင်ငံက လူတွေကိုမြင်စေချင်သလဲဆိုတာကို facebook မှာ ရွေးချယ်လို့ ရပါတယ်။ Rory Cellan-Jones က အမေရိကန်၊ ယူကေ၊ ရုရှား၊ အိန္ဒိယ၊ အီဂျစ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ဖိလစ်ပိုင် ကို ရွေးချယ်ပြီးကြော်ငြာစေခဲ့ပါတယ်။ ဘာစိတ်ဝင်စားစရာပို့စ်မှတင်မထားတဲ့သူ့ page က တစ်ရက်အတွင်းမှာ like (၁၆၀၀) ရတယ်။ like နှိပ်တဲ့သူတွေရဲ့နိုင်ငံတွေကိုကြည့်တဲ့အခါမှာ အများဆုံးက အီဂျစ်၊ အင်ဒိုနီးရှားနဲ့၊ ဖီလစ်ပိုင်ဖြစ်ပြီး အမေရိကန်နဲ့ယူကေမှာ လုံးဝမရှိသလောက်နည်းနေတာကိုတွေ့ရတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေကပဲ like အများဆုံးရသလိုဖြစ်နေပါတယ်။

Image Source : http://www.bbc.com/news

အထက်ပါပုံက သူကြုံတွေ့ရတဲ့အခြေအနေကိုပြန်လည်ရေးသားဖော်ပြထားတဲ့ web page ပါ။ ဒါနဲ့ နောက်တစ်ခါ Rory Cellan-Jones က အမေရိကန်နဲ့ယူကေကိုပဲ ရွေးချယ်ပြီး ကြော်ငြာလိုက်တဲ့အခါမှာ like ရတဲ့နှုန်းက သိသိသာသာလျော့ကျသွား တာကို တွေ့ရတယ်။ ဒီတော့ သူ့ page မှာ like အများဆုံးရတဲ့နိုင်ငံတွေက အီဂျစ်၊ အင်ဒိုနီးရှား၊ ဖီလစ်ပိုင် စတဲ့နိုင်ငံတွေဖြစ်နေပါတယ်။ ဘာမှမဟုတ်တဲ့ သူ့ page ကိုဘယ်ကလူတွေက like တွေလုပ်နေသလဲ။ ဘာကြောင့်အရေအတွက်သိပ် များနေသလဲ။ ပိုဆိုးတာက ဒါကိုသံသယရှိပြီး သူ့ page ကို like လုပ်တဲ့အကောင့်တွေ ကိုစစ်လိုက်တဲ့အခါမှာ အကောင့်တစ်ခုဆိုရင် page တွေအတော်များများကို like လုပ်ထားတာတွေ တွေ့ရတယ်။ ဒီတော့ clickfarms တွေကနေရနေတဲ့ like တွေနဲ့တူနေသလိုလို သံသယဝင်စရာပါ။ ဒါပေမယ့် Rory Cellan-Jones က Boostikes.com လိုနေရာမျိုးကနေဝယ်တာမဟုတ်ဘဲ facebook ကို ပိုက်ဆံပေးပြီး facebook ကနေတိုက်ရိုက်ဝယ်တာပါ။

လွန်ခဲ့တဲ့တစ်နှစ်ခန့်က ကျွန်တော် page တစ်ခုထောင်ပါတယ်။ ကြော်ငြာဖို့အတွက် Facebook မှာပါတဲ့ promote page ကို ကလစ်ပြီး Master Card နဲ့ပိုက်ဆံထည့်ပြီး ကြော်ငြာပါတယ်။ အဲဒီမှာ like တွေ တဟုန်ထိုးတက်ပါတယ်။ သုံးလေးရက်အတွင်းကို like တွေ တစ်သောင်းကျော်ခန့်အထိဖြစ်လာတယ်။ ဒါပေမယ့် page like အရေအတွက်သာ များနေပြီး ကျနော်တင်တဲ့ပိုစ်တွေမှာ like အရေအတွက်က ရာဂဏန်းတောင်မရှိပါဘူး။ page like အရေအတွက်က သောင်းကျော်ပြီး ပို့စ်တွေမှာ like အရေအတွက်နဲ့ယှဉ်ရင် အရမ်းနဲနေတော့ စဉ်းစားစရာဖြစ်လာပါတယ်။ အဲဒီမှာ နောက်ထပ် ကျွန်တော်ပိုက်ဆံအကုန်ခံပြီးထပ်ကြော်ငြာတဲ့အခါ like အရေအတွက် တစ်သောင်းခွဲကနေ နှစ်သောင်းအထိတက်လာပြန်တယ်။ အဲဒီမှာ ပို့စ်တစ်ခုချင်းဆီမှာက like အရေအတွက်က ထူးခြားမလာဘူး။ တစ်သောင်းခန့်ရှိနေတုန်းက အရေအတွက်နဲ့ အတူတူနီးပါးကိုဖြစ်နေတယ်။

ပုံပါပြထားတဲ့စာရင်းတွေက ကျနော့်page ကို like သူတွေရဲ့စာရင်းပါ။ ဖေ့ဘွတ် page ထောင်သူတိုင်း ကိုယ့် page မှာဝင်ကြည့်နိုင်ပါတယ်။ မြင်တဲ့အတိုင်း အိန္ဒိယ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်အပါအဝင် ကမ္ဘာအနှံ့ကနိုင်ငံပေါင်းများစွာကလူ တွေပါနေပါတယ်။ ကိုယ်ကတော့မြန်မာဖြစ်တဲ့အတွက် မြန်မာနိုင်ငံကလူအများဆုံးမြို့ တွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ စတဲ့မြို့ကြီးတွေကိုပဲရွေးချယ်ပြီး ဖေ့ဘွတ်မှာ ကြော်ငြာခဲ့တာပါ။ like လုပ်သူအများစုကတော့ မြန်မာနိုင်ငံကအများစုဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်မရွေးချယ်ထားတဲ့ target လုပ်မထားတဲ့နိုင်ငံပေါင်းစုံကလူတွေပါနေတာက ဒီလူတွေ like လုပ်ထားတဲ့ပိုက်ဆံကို ကိုယ်ပဲပေးရတာဖြစ်တဲ့အတွက် အလကားနေရင်း အပိုကုန်သလိုဖြစ်နေပါတယ်။ Rory Cellan-Jones လိုပဲကျွန်တော်လည်းသံသယဖြစ်ပြီး ကျွန်တော့် page ကို like တဲ့သူတွေကိုဝင်ကြည့်ခဲ့ပါတယ်။ အကောင့်အတော်များများ မှာ အကောင့်တစ်ခုကို အတော်ကိုများပြားလှတဲ့ page တွေကို like ထားတာတွေ့ရ ပါတယ်။ like ထားတဲ့ page တွေကလဲအစုံပါ။ လေးငါးရာကနေ ထောင်ဂဏန်းထိ ရှိပါတယ်။ like ထားတဲ့ page တွေက သိပ်အဓိပ္ပါယ်မရှိဘူး။ ခွေး၊ ကြောင်၊ ကားအမျိုးအစားမျိုးစုံ၊ ဆိုင်ကယ်ဆိုရင်လဲ အမျိုးစုံ၊ မုန့်မျိုးစုံ၊ ထိုင်ခုံ၊ စားပွဲ စတဲ့အမျိုးအစားပေါင်းစုံအများကြီး like ထားတာက  clickfarms တွေလိုမျိုးပုံစံတွေနဲ့ ဆင်တူပြီးအတော်ကိုသံသယဖြစ်စရာ စဉ်းစားစရာပါ။ Virtual begal တည်ထောင်ခဲ့သူ Rory Cellan-Jones ရဲ့လေ့လာတွေ့ရှိချက်နဲ့လဲ အတော်ကိုဆင်တူ နေတာကို တွေ့ရပါတယ်။

ဒီလိုမျိုးကိုယ့်ရဲ့ page ကို အမှန်တကယ်စိတ်ဝင်စားခြင်းမရှိဘဲ like ထားတဲ့ အကောင့် တွေရဲ့ like များက ကိုယ့်အတွက်လုံးဝအသုံးမဝင်တဲ့အပြင် ပိုဆိုးစေတဲ့အချက်တွေ ရှိပါတယ်။ ဘယ်လိုပိုဆိုးစေတာလဲဆိုရင်တော့ သာမန်အခြေအနေတစ်ခုမှာ…သင့်ရဲ့ facebook page မှာ သင်ပို့စ်တစ်ခုတင်လိုက်ပြီဆိုရင် သင့် page ကို like ထားတဲ့ လူအားလုံးမြင်ရခြင်းမရှိဘဲ လူအနည်းငယ်ဆီကိုသာ ဖေ့စ်ဘွတ်ကမြင်စေပါတယ်။ ဒီမြင်တဲ့လူအနည်းငယ်က သင့်ပိုစ်ကို like ပေးတယ်။ comment ပေးတယ်ဆိုမှ နောက်ထပ်တစ်ဆင့် facebook က ထပ်ဖြန့်ပေးပါတယ်။ တကယ်လို့ သင့် facebook page မှာဒီလို like အတုတွေများနေတယ်ဆိုရင် သင်ပို့စ်တစ်ခုတင်တဲ့အခါ facebook က သင့်ရဲ့တကယ့်ပရိတ်သတ်အစစ်ဆီကိုပဲ သင်တင်တဲ့ပို့စ်ကိုမြင်စေပါတယ်။ ဒီတော့ ပိုပြီးနည်းတဲ့လူအကောင့်တွေဆီကိုပဲ facebook ကမြင်စေပါတယ်။ ဒါကြောင့် page like တွေဘယ်လောက်များနေပေမယ့် ကိုယ်တင်လိုက်တဲ့ပိုစ်မှာတော့ တကယ်မြင်ရသူ တကယ်ကြည့်ပြီး တကယ်ကြိုက်နှစ်သက်ပြီး like သူ comment ပေးသူတွေနည်းနေရခြင်း ဖြစ်ပါတယ်။ ဒီတော့ page တည်ထောင်သူက facebook boost လိုမျိုးကို ထပ်သုံးရပါတော့တယ်။ ဒါကတော့ ကိုယ့်ပို့စ်ကို လူများများထပ်မြင်အောင် ပိုက်ဆံပေးပြီး လူအများဆီရောက်အောင်ထပ်ဖြန့်ဖို့လုပ်ခြင်းပါ။ ဒီတော့ facebook က ပိုက်ဆံနှစ်ခါရပါတယ်။ သင့်ရဲ့ page ကို like များအောင်လုပ်တဲ့အခါတစ်ခါ သင့်ပို့စ်ကိုလူအများမြင်ရအောင်လုပ်တဲ့အခါ တစ်ခါပါ။

US state department ဟာ သူ့ရဲ့ facebook page ကို like သန်းပေါင်းများစွာရရှိဖို့ အတွက် ဒေါ်လာပေါင်း ၆၃၀ ၀၀၀(ခြောက်သိန်းသုံးသောင်း)ခန့်သုံးခဲ့ပါတယ်။ ဒါပေမယ့် အများစုက အမှန်တကယ်စိတ်ဝင်စားလို့ like တဲ့သူတွေမဟုတ်ဘဲ တကယ်သူ့ page ကို ဝင်ရောက်ကြည့်ရှုသူက နှစ်ရာခိုင်နှုန်းခန့်သာရှိကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။

Image Source : https://www.facebook.com/usdos/

ဒါတွေကိုဘယ်လိုဖြေရှင်းမလဲ။ ဆိုးတဲ့အချက်တစ်ခုက ဒီ like အတုတွေကို လိုက်ဖျက်နေ လို့လဲမရပါဘူး။ သိပ်များလှတဲ့အကောင့်တွေဖြစ်နေလို့ပါ။ ဒီလူတွေအတွက်က ကိုယ်ကုန်ခဲ့ရ တဲ့ပိုက်ဆံကအလကားသက်သက်ဖြစ်လို့နေပါတယ်။ ကိုယ်တိုင်က Boostlikes လိုမျိုး clickfarms တွေရဲ့ဝဘ်ဆိုဒ်ကနေဝယ်ခဲ့တာမဟုတ်ဘဲ facebook ကနေ အမှန်အကန်ဝယ်ခဲ့တာပါ။ ဒီ like အတုတွေက bots တွေကနေလာတာမျိုးလဲ မဖြစ်နိုင်ပါဘူး။ bots ဆိုတာ အင်တာနက်လိုင်းပေါ်မှာ အင်တာနက်စနစ်နဲ့ ပတ်သက်တဲ့ အလုပ်တွေကိုလုပ်တဲ့ဆော့ဝဲလ်တွေဖြစ်ပြီး သိပ်သိသာပြီး ဖျက်ဆီးနှိမ်နင်းပစ်ဖို့က လွယ်ကူပါတယ်။ ဒါဆိုရင် ဒီ like အတုတွေများတဲ့ နိုင်ငံတွေကို target မထားဘဲ မရွေးချယ်ဘဲ ကြော်ငြာမယ်ဆိုရင်ရော။ ဒါလဲအလုပ်မဖြစ်ပါဘူး။ ကျွန်တော်ဆိုရင် မြန်မာနိုင်ငံအတွင်းက မြို့တွေပဲဦးတည်ခဲ့ပေမယ့် အထက်မှာပြခဲ့တဲ့ ပုံအတိုင်း နိုင်ငံပေါင်းစုံကလူတွေပါဝင်နေပါတယ်။ ဒီလိုဘာကြောင့်ဖြစ် နေလဲဆိုတာ စဉ်းစားလို့မရခဲ့ဘူး။ facebook ကနေမှလိမ်ညာပြီးကိုယ် target မထားတဲ့နိုင်ငံတွေကိုပါ ဖြန့်တာမျိုးတော့မဖြစ်နိုင်ပါဘူး။ နောက်ဆုံးမှာ ဝက်ဘ်ဆိုဒ် တစ်ခုမှာရေးထားတဲ့ဆောင်းပါး တစ်ပုဒ်ကိုဖတ်ရတော့ ဖြစ်နိုင်ခြေရှိတယ်လို့လက်ခံမိပါတယ်။

ဒီဆောင်းပါးကရေးထားတာ အနှစ်ချုပ်ကတော့ clickfarms တွေက သူတို့ကိုပိုက်ဆံမပေးတဲ့အကောင့်တွေ page တွေအတွက်ပါ like လုပ်တာမျိုးပါ။ facebook ကနေသူတို့ကို သတိထားမိပြီး ပိတ်ပင်တာ တားမြစ်တာမလုပ်မိစေဖို့အတွက်  ယုတ္တိရှိဖို့အတွက် ပိုက်ဆံမရတဲ့ page တွေကိုပါ like တွေနှိပ်တာမျိုးပါ။

နောက်ထပ်သိထားသင့်တဲ့ facebook ရဲ့အားနည်းချက် ချွတ်ယွင်းချက်တစ်ခုကတော့ ပို့စ်အများစုကိုသင့်ကိုမပြဘဲထားထားခြင်းပါ။ သင် facebook မှာ friend ဖြစ်ထားတဲ့သူ တွေရဲ့ပို့စ်အားလုံးကိုသင်မြင်ရခြင်းမဟုတ်ဘဲ တစ်ချို့တစ်ဝက်ကိုသာပြပါတယ်။ page တစ်ခုကို like လုပ်ထားတာဖြစ်ပါစေ၊ သင်ကြိုက်နှစ်သက်တဲ့အဆိုတော်၊ မင်းသား၊ မင်းသမီးကို follow လုပ်ထားတာဖြစ်ပါစေ၊ အားလုံးကိုပြခြင်းမဟုတ်ဘဲ တစ်ချို့တစ်ဝက် ကိုသာပြခြင်းဖြစ်ပါတယ်။ သင်ပို့စ်တစ်ခုကိုတင်လိုက်တဲ့အခါမှာလဲ သင် friend ဖြစ်ထား တဲ့သူတွေထဲက တစ်ချို့တစ်ဝက်ဆီကိုသာရောက်ပါတယ်။ တကယ်လို့သင့်ပို့စ်ကိုမြင်ရ သူတွေက like လုပ်ခြင်း၊ comment ပေးခြင်း၊ share ခြင်း စတဲ့ထိတွေ့မှုတစ်ခုခုရှိမှသာ facebook က သင့်ရဲ့နောက်ထပ် friend တွေဆီကို သင့်ပို့စ်ကိုရောက်ရှိစေပါတယ်။ သင့်ပိုစ်က လူဘယ်နှစ်ယောက်ဆီကိုရောက်သလဲဆိုတာကို မြင်ရမှာမဟုတ်ပါဘူး။ ဒီလိုဆိုတော့ သင့်ရဲ့ News Feed မှာ ဘယ်လိုဖြစ်သွားနိုင်မလဲစဉ်းစားကြည့်ပါ။ သင် like လုပ်လေ့မရှိတဲ့ comment ပေးခြင်းမရှိတဲ့ ထိတွေ့မှုနည်းတဲ့ပို့စ်တွေကိုသင်မြင်ရဖို့က တဖြည်းဖြည်းချင်းနည်းလာပါတယ်။ သင်ကြိုက်နှစ်သက်တဲ့ သင်စိတ်ဝင်စားတဲ့အရာများသာ သင့် News Feed မှာပေါ်ဖို့အခွင့်အလမ်းသိပ်များနေပါတယ်။ စဉ်းစားကြည့်ပါ။ ဒီလိုဆိုရင် သင်က ပို့စ်တစ်ခုကိုကြိုက်ခဲ့ရင် like နှိပ်ခဲ့ရမယ့်အခြေအနေမျိုးဖြစ်ပါတယ်။ သင်က ပို့စ်ကိုကြိုက်ပေမယ့် like နှိပ်တဲ့အကျင့်မရှိသူတစ်ယောက်ဆိုရင် သင်ကြိုက်နှစ်သက်တဲ့ပို့စ်တွေကိုလဲ မြင်နိုင်ခြင်းနည်းကောင်းနည်းသွားနိုင်ပါတယ်။ လူတစ်ယောက်ဟာ ပို့စ်ကိုကြိုက်ပေမယ့် like နှိပ်ချင်မှနှိပ်ပါမယ်။ ဒါပေမယ့် facebook ရဲ့နည်းလမ်းစဉ်အရ သင်က ပို့စ်ကိုကြိုက်ရင် like ဖြစ်ဖြစ် comment ဖြစ်ဖြစ် ထိတွေ့ဆက်ဆံမှု တစ်ခုခုပြုလုပ်ရမယ့်အနေအထားမှာရှိနေပါတယ်။ Facebook မှာ like အများဆုံးရလေ့ ရှိတဲ့အရာတွေကိုသင်သိပါသလား။ အဲဒါကတော့ မွေးကင်းစကလေးငယ်ပုံများနဲ့ မင်္ဂလာဆောင်ပုံတွေဖြစ်ပါတယ်။

facebook ဘက်ကနေ ပြန်ပြောစရာတစ်ခုရှိပါတယ်။ ယေဘုယျအနေနဲ့ လူငယ်တစ်ယောက်မှာ facebook friends ၃၀၀ ခန့်ရှိပါတယ်။ ပျမ်းမျှအနေနဲ့ facebook အသုံးပြုသူတစ်ယောက်က page ပေါင်း ၄၀ လောက် like ထားလေ့ရှိပါတယ်။ နေ့စဉ်နဲ့အမျှ ပို့စ်ပေါင်း သန်းလေးထောင့်ရှစ်ရာ ခန့် share လေ့ရှိကြတယ်လို့ သိရပါတယ်။ ဒီလိုဆိုရင် သင်က တစ်ရက်ကိုတစ်ကြိမ် facebook သုံးတယ်ဆိုရင် ပျမ်းမျှအနေနဲ့ ပို့စ်ပေါင်း ၁၅၀၀ ခန့် မြင်ရမှာပါ။ အဲဒီတော့ ပို့စ်တွေကိုစစ် ထုတ်တဲ့နည်းလမ်း အသုံးပြုသင့်တယ်လို့ facebook က ပြောစရာရှိပါတယ်။ ဒါပေမယ့် ပြဿနာက facebook က အသုံးပြုတဲ့စစ်ထုတ်နည်းလမ်းက သူပိုက်ဆံရဖို့အတွက် အဓိက ပါဝင်နေတာပါ။ ဒီလိုစစ်ထုတ်နည်းကို facebook က အသုံးပြုထားတော့ page တွေအတွက် လိုချင်တဲ့ like နဲ့ ပရိတ်သတ်များဖို့အတွက်က facebook ရဲ့ promote page ကို နှိပ်ပြီး ကြော်ငြာစေဖို့ တွန်းအားပေးထားသလိုဖြစ်နေတာပါပဲ။ အထက်ကပြော ခဲ့တဲ့ boost ဆိုရင် ပို့စ်တစ်ခုချင်းဆီကို လူအများမြင်အောင်ပိုက်ဆံယူပြီးဖြန့်ပေးတာမျိုး ပါ။ သင်က page နဲ့ပတ်သက်ပြီးအတွေ့အကြုံမရှိသေးသူ၊ ခုမှစထောင်သူဆိုရင် သင့် page ကို like သူတိုင်းက page မှာသင်တင်တဲ့ပိုစ်တိုင်းကိုမြင်ရမယ်လို့ထင်ကောင်း ထင်နိုင်ပါတယ်။ ဒါပေမယ့်အဲဒီလိုမဟုတ်ဘဲသင့်pageကိုlikeလုပ်ထားတဲ့လူနည်းစုဆီပဲ ရောက်မှာပါ။

ဒီတော့ပုံပါအတိုင်း Boost Post ဆိုတာကို်နိပ်ပြီး သင့်ပို့စ်ကိုလူအများမြင်အောင် facebook ကိုပိုက်ဆံပေးဖြန့်မှသာ ရပါတော့တယ်။ သင့် page ကို like ထားတဲ့ လူတွေတောင်မှ ဒီလို boost လုပ်မှသာမြင်ရတဲ့အခြေအနေဖြစ်ပါတယ်။ လူဘယ်နှစ် ယောက်ဆီကိုရောက်တယ်ဆိုတာကလဲ Boost post လုပ်သူမှသာသိရပါတယ်။

လူကြည့်အများဆုံး ဗီဒီယိုဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ youtube ဆိုရင် ဖန်တီးပြုလုပ်သူတွေက သူတို့ရဲ့ဗီဒီယိုကိုကြည့်ရှုသူဦးရေပေါ်မှာမူတည်ပြီးများရင်များသလို ပိုက်ဆံရပါတယ်။ facebook မှာကျတော့ဆန့်ကျင်ဘက်ပါ။ ဖန်တီးပြုလုပ်သူက သူ့ရဲ့ဖန်တီးမှုကိုကြည့်ရှုသူ များချင်ရင် ပိုက်ဆံပေးရပါတယ်။ ဒါကတော့ ဒီဝက်ဘ်ဆိုဒ်နှစ်ခုရဲ့သဘောသဘာဝတွေ အပေါ်မှာလဲမူတည်နေပါတယ်။

ဘယ်လိုပဲဖြစ်ပါစေလူသုံးအများဆုံးဖြစ်တဲ့ facebook မှာ page ဖန်တီးတည်ထောင် သူတွေ follower များများနဲ့ နာမည်ကျော်ကြားသူတွေရှိနေဆဲပါ။ သင်လဲ facebook ပေါ်မှာ စီးပွားရေးအတွက်အသုံးပြုသူတစ်ယောက်ပဲဖြစ်ဖြစ်၊ နာမည်ကျော်ကြားသူ တစ်ယောက်ပဲဖြစ်ဖြစ်၊ သာမန် အသုံးပြုသူတစ်ယောက်ပဲဖြစ်ဖြစ် ဒီအချက်တွေကို သင်သိထားရင်တော့ သင့်အတွက်အများကြီးအသုံးဝင်ပါလိမ့်မယ်။
Nyi Nyi Tun