မြန်မာနိုင်ငံအင်တာနက်သုံးစွဲမှု၏ အနာဂတ် အလားအလာ

Image Source: https://icdn2.digitaltrends.com

မြန်မာနိုင်ငံရဲ့ အင်တာနက်အသုံးပြုမှုဟာ သိပ်မကြာသေးမီ နှစ်အနည်းငယ်အတွင်းမှာ တဟုန်ထိုးများပြားလာခဲ့ပါတယ်။ ဒါဟာ သိပ်အထူးအဆန်းတော့မဟုတ်ပါဘူး။ နိုင်ငံခြား တယ်လီဖုန်းအော်ပရေတာတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ မိုဘိုင်းဖုန်းကိုင်ဆောင်သူ အရေအတွက်လည်း များပြားလာသလို အင်တာနက်အသုံးပြုမှုဟာ ယခင်ကထက် ၉၇ ရာနှုန်းခန့်တိုးမြှင့်လာခဲ့ပါတယ်။ ဒါပေမယ့် ဒေသတွင်းနိုင်ငံတွေရဲ့ အင်တာနက်အသုံးပြုမှုနှင့် ယှဉ်ကြည့်လိုက်ရင် မြန်မာပြည်ရဲ့ အသုံးပြုမှုကစိတ်ဝင်စားဖွယ်ဖြစ်နေပါတယ်။ ဘာကြောင့်ပါလဲ။ Mozilla ကုမ္ပဏီရဲ့ လေ့လာဆန်းစစ်ချက်အရ မြန်မာပြည်ရဲ့ အင်တာနက်အသုံးပြုမှုက တစ်ဖက်စောင်းနင်းဖြစ်နေတယ်လို့ပြောစမှတ်ပြုပါတယ်။ အဲဒါကတော့ လူမှုမီဒီယာအတွက် အသုံးပြုတာအများဆုံးဖြစ်နေလို့ပါပဲ။ အင်တာနက်သုံးစွဲသူတိုင်းဟာ မိမိနှစ်သက်ရာ အကြောင်းအရာအတွက်သာ အသုံးပြုနေတာဖြစ်တဲ့အတွက် သိပ်အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဒီလိုဖြစ်ရပ်ရဲ့နောက်ကွယ်မှာ အရေးကြီးတဲ့ စျေးကွက်ပြိုင်ဆိုင်မှုကို တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ အင်တာနက်သုံးစွဲသူတွေကြားမှာ နာမည်ကြီးခဲ့တဲ့ ၀န်ဆောင်မှုတွေကလည်း အနည်းနှင့်အများ လွှမ်းမိုးမှုရှိတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ပထမဆုံးနာမည်ကြီးခဲ့တာက အခမဲ့ ဒေတာအစီအစဉ်များဖြစ်ပါတယ်။ အဓိကအနေနှင့် Facebook သုံးစွဲရာမှာ ဒေတာသုံးစွဲမှု လျှော့ချပေးခဲ့တဲ့ MPTရဲ့ Facebook Flex အစီအစဉ်ကြောင့် လူတော်တော်များများဟာ အရင်ကထက် လူမှုကွန်ရက်တွေကို ပိုမိုသုံးစွဲတဲ့ အလေ့အကျင့်ရခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ အချို့သော အင်တာနက်စာမျက်နှာတွေ( မြန်မာဝီကီပီးဒီးယား နှင့် အခြားဆက်စပ်စာမျက်နှာများ)ကိုပါ ဒေတာအခမဲ့နှင့် ဖတ်ရှုနိုင်တဲ့အတွက် တော်တော်အဆင်ပြေခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ နောက်ပိုင်းမှာ အခြားသော တယ်လီဖုန်းအော်ပရေတာတွေကလည်း လူမှုကွန်ရက်သီးသန့်သုံး ၀န်ဆောင်မှုများကို စျေးချိုချိုနှင့် ၀န်ဆောင်မှုပေးလာကြတာကြောင့်လည်း မြန်မာနိုင်ငံ အင်တာနက်သုံးစွဲသူပမာဏ ပိုမိုများပြားလာတယ်ပြောနိုင်ပါတယ်။ တစ်နည်းအားဖြင့် အခမဲ့/အခပေး ၀ိုင်ဖိုင်ဝန်ဆောင်မှု သိပ်မရှိတဲ့ မြန်မာနိုင်ငံမှာ ဒီလို ဒေတာအစီအစဉ်တွေပေးလာတာက တော်တော်လေးထိရောက်အကျိုးရှိခဲ့ပါတယ်။

Image Source: http://gs.statcounter.com

ဒါပေမယ့်လည်း ဒီဝန်ဆောင်မှုတွေက အကုန်ပြီးပြည့်စုံစေခဲ့တာ မဟုတ်ပါဘူး။ ဥပမာအားဖြင့် ခွင့်ပြုသတ်မှတ်ထားတဲ့ အင်တာနက်စာမျက်နှာတွေနှင့် အက်ပလီကေးရှင်းတွေကိုသာ သုံးစွဲရတဲ့အတွက် အင်တာနက်အသုံးပြုသူအများစုဟာ စုံလင်များပြားလှတဲ့ အခြားသော အကြောင်းအရာတွေကို ထိတွေခွင့်မရတော့ပါဘူး။ အခြားနိုင်ငံတွေမှာ အင်တာနက်ကတစ်ဆင့် အမျိုးမျိုးသော ပညာဗဟုသုတ အကြောင်းအရာတွေ ရရှိနေကြပေမယ့် မြန်မာနိုင်ငံမှာတော့ ဒီအခွင့်အရေးပြည့်ပြည့်ဝဝ မသုံးနိုင်သေးပါဘူး။ ဒါကတော့ ဒေတာဝန်ဆောင်မှုတွေ ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးဖို့လိုသေးတာကို ပြနေပါတယ်။ Google ရဲ့ မူဝါဒပိုင်းဆိုင်ရာ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ပီတာစင်ဟွန်ကတော့ မြန်မာနိုင်ငံ အင်တာနက်ဝန်ဆောင်မှု စစ်တမ်းနှင့်ပတ်သက်ပြီး “မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးမှာရှိတဲ့ အင်တာနက်သုံးစွဲသူ တွေကြားမှာ တူညီမှုတွေရှိကြပါတယ်။ မြန်မာနိုင်ငံက အင်တာနက်သုံးစွဲသူတွေရဲ့ ရည်ရွယ်ချက်ကို လိုက်မေးကြည့်တဲ့အခါ အားလုံးဖြေကြတာက မိသားစုတွေ မိတ်ဆွေတွေနှင့် အဆက်အသွယ် မပြတ်ဖို့၊ စိတ်အပန်းပြေဖို့၊ သတင်းတွေ ဗဟုသုတတွေရဖို့ အင်တာနက်သုံးစွဲတာပါဆိုတဲ့ အချက်ကိုပဲ ကျွန်တော်တို့ တွေ့ခဲ့ကြပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ဒါတင်မကပါဘူး။ “ဒီရည်ရွယ်ချက်တွေပြည့်ဝဖို့ အမျိုးမျိုးသော ဒေတာဝန်ဆောင်မှုတွေ၊ နှစ်သက်ရာ အော်ပရေတာကို ပြောင်းသုံးနိုင်မယ့် ဆင်းမ်ကဒ်များများထည့်လို့ရတဲ့ လက်ကိုင်ဖုန်းတွေကို မြန်မာအင်တာနက် အသုံးပြုသူတွေက ပိုမိုသုံးစွဲကြတာကိုလည်းတွေ့ရပါတယ်”လို့ စင်ဟွန်က ထပ်လောင်းပြောကြားထား ပါတယ်။
အလားတူအနေနှင့် LIRNEasia အဖွဲ့ရဲ့ အလုပ်အမှုဆောင်ဥက္ကဋ္ဌ ဟယ်လနီ ဂယ်ပယာကလည်း မြန်မာနိုင်ငံမိုဘိုင်းဖုန်းအသုံးပြုမှုကဏ္ဍမှာ ဆင်းကဒ် (၂) ခု တစ်ပြိုင်နက်သုံးလို့ရတဲ့ တရုတ်မိုဘိုင်းဖုန်းများက ထိပ်ဆုံးက ဦးဆောင်နေကြောင်း၊ အဓိကအားဖြင့် သုံးစွဲရလွယ်ကူတဲ့ အင်းဒရိုက်စနစ်သုံးဖုန်းများကို မြန်မာလူထုကပိုမိုအသုံးပြုကြကြောင်း မှတ်ချက်ပြုထားပါတယ်။
ဒါတွေကို ကြည့်ခြင်းအားဖြင့် မြန်မာလူထုအတွက်သင့်တော် ကိုက်ညီတဲ့အင်တာနက်သုံးစွဲနိုင်ဖို့ တိုးမြှင့်လုပ်ဆောင်ရာမှာ ထည့်သွင်းစဉ်းစားစရာတွေ ရှိနေပါတယ်။ နောက်ဆုံးလေ့လာခဲ့တဲ့ တယ်လီနောရဲ့ အခမဲ့ဒေတာအစီအစဉ်ဟာ မြန်မာ့အင်တာနက်သုံးစွဲသူတွေကြားမှာ လူကြိုက်များခဲ့ပေမယ့် လူမှုကွန်ရက်အသုံးပြုနိုင်ခြင်းထက် ပိုမိုကျယ်ပြန့်တဲ့ ၀န်ဆောင်မှုတွေ ထည့်သွင်းနိုင်ရင် ပိုကောင်းလိမ့်မယ်လို့ ပီတာစင်ဟွန်နှင့်ဟယ်လနီ ဂယ်ပယာတို့ အကြံပြုဆွေးနွေးထားပါတယ်။ မြန်မာလူထုကြားမှာ အင်တာနက်ကျွမ်းကျင်စွာအသုံးချနိုင်မှုတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲသင့်တဲ့ အရာတစ်ခုအဖြစ် ဆန်းသစ်တဲ့ ဒေတာဝန်ဆောင်မှုတွေဖြစ်လာဖို့ သူတို့နှစ်ဦးလုံး မျှော်လင့်နေပါတယ်။

Image Source: https://dealerauthority.com

“မြန်မာ့လူထုအတွက် ကျယ်ပြန့်တဲ့ အင်တာနက်အသုံးချမှုဖြစ်လာဖို့ ကျော်လွှားရမယ့် နောက်ထပ်ခေါင်းစားစရာ အရာတစ်ခုကတော့ Facebook ဖြစ်နေပါတယ်။ အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံတွေနည်းတူ မြန်မာနိုင်ငံရဲ့ အင်တာနက်သုံးစွဲမှုမှာ Facebook က အဓိကဖြစ်နေတာက မထူးဆန်းပေမယ့် အခမဲ့အစီအစဉ် ဟုတ်ခြင်း မဟုတ်ခြင်းကို Facebookသုံးစွဲသူတွေက ထည့်သွင်းစဉ်းစားခြင်းမရှိတော့တာက အံသြဖွယ်ရာပါပဲ။ ဒီအစီအစဉ်တွေရှိခြင်း/မရှိခြင်းက Facebook သုံးစွဲမှုအပေါ်မှာ အကျိုးသက်ရောက်မှုမရှိတာကို တွေ့ရပါတယ်။ မြန်မာ မိုဘိုုင်းဖုန်းသုံးစွဲသူတွေကို မေးကြည့်လိုက်ရင် သူတို့အနေနှင့် အင်တာနက်ဆိုတာ Facebook သုံးစွဲခြင်းကို ဆိုလိုကြောင်း ထင်မှတ်မှားနေကြတဲ့အထိ ဒီလူမှုကွန်ရက်က မြန်မာနိုင်ငံမှာ ခေတ်စားနေပါတယ်”လို့ ဂယ်ပယာက အံ့အားသင့်စွာ ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ လူမှုကွန်ရက်သုံးစွဲမှု အခြေအနေကို သိဖို့အတွက် Statcounter အဖွဲ့မှ ၂၀၁၇ခုနှစ် အောက်တိုဘာလအတွင်းမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ အများမျှော်လင့်ထားတဲ့အတိုင်း Facebook က ၉၄.၁၈ ရာခိုင်နှုန်းသုံးစွဲမှုနှင့်အတူ ဗိုလ်စွဲခဲ့ပါတယ်။ ဒုတိယနေရာမှာရှိနေတာက မထင်ထားတဲ့ Twitter ဖြစ်ပြီး အံသြဖို့ကောင်းတဲ့အချက်အနေနဲ့ တစ်ချိန်တုန်းက နာမည်ကြီးခဲ့တဲ့ Youtube ကတော့ စတုတ္ထနေရာမှာသာ ရှိခဲ့ပါတယ်။
စင်ဟွန်က “မြန်မာနိုင်ငံမှာ Facebook ကို တော်တော်ကြီးလူကြိုက်များနေတော့ သုံးစွဲသူတွေအနေနှင့် အခြားသော အင်တာနက်စာမျက်နှာတွေကို ဖတ်ရှုဖို့ စိတ်အားထက်သန်မှု မရှိကြဘူး”လို့ သူ့အမြင်ကို ပြောပါတယ်။ နောက်တစ်ချက်အနေနှင့် “Facebook မှာ နိုင်ငံရေးအသင်းအဖွဲ့တွေ၊ ကုမ္ပဏီတွေ၊ ၀န်ဆောင်မှုတွေ နှင့် လူမှုရေးအဖွဲ့အစည်းတွေရဲ့ ကိုယ်ပိုင်စာမျက်နှာတွေကတစ်ဆင့် အကြောင်းအရာမျိုးစုံကို ရှာဖွေသိရှိနိုင်တဲ့ အချက်ကလည်း အင်တာနက်သုံးစွဲသူတွေကို Facebook ကနေ စွန့်ခွာသွားဖို့ ဘယ်တော့မှ မစဉ်းစားလိုအောင် ဖန်တီးနေပါတယ်”လို့ ဂယ်ပယာက တွေးတွေးဆဆ ပြောပြထားပါတယ်။
“ဒီဖြစ်ရပ်ကို ပမာတင်ပြောရမယ်ဆိုရင် Catch – 22 (မလွတ်မြောက်နိုင်ဘဲ တဝဲလည်လည်ဖြစ်ခြင်း) ထဲ ရောက်နေသလိုပါပဲ။ ခင်ဗျားက လူတွေ အင်တာနက်ပိုသုံးနိုင်ဖို့ ကောင်းမွန်တဲ့ ဒေတာဝန်ဆောင်မှုတွေပေးတယ်။ လူတွေက အဲဒီဝန်ဆောင်မှုကတစ်ဆင့် Facebook ကို ပိုသုံးလာတယ်။ ခင်ဗျားက၀န်ဆောင်မှုတွေ ဘယ်လောက်တိုးပေးပေး သုံးစွဲသူတွေအနေနှင့်ကတော့ လူမှုကွန်ရက်ကလွဲလို့ ကျန်တဲ့ အင်တာနက်စာမျက်နှာတွေကို အထူးတလည် ကြည့်ဖြစ်လာတယ်လို့ မရှိပါဘူး။ စျေးကွက်ပြိုင်ဆိုင်မှုအရ ဒေတာအစီအစဉ်တွေကို အမြဲဆန်းသစ်နေအောင် ကြိုးစားသလောက် လူထုကြားမှာ အင်တာနက်သုံးစွဲမှုကတော့ နယ်ပယ်ကျယ်ပြန့်လာတယ်လို့ မပြောနိုင်တဲ့အနေအထားပေါ့ဗျာ” စင်ဟွန်က ရယ်မောဟန်ဖြင့်ပြောပါတယ်။

Image Source: http://moemaka.com

“အင်တာနက်အသုံးပြုမှု ကျယ်ပြန့်လာရေးအတွက် နောက်ထပ်အရေးကြီးတဲ့ အတားအဆီးကတော့ ဘာသာစကားဖြစ်ပါတယ်။ မြန်မာပြည်သူတွေ အင်တာနက်သုံးစွဲမှု ပိုမိုတိုးမြင့်လာဖို့အတွက် လူကြိုက်များတဲ့ နာမည်ကြီးအင်တာနက်စာမျက်နှာအားလုံးကို မြန်မာဘာသာနှင့် ဖတ်ရှုအသုံးပြုနိုင်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ တခြားဘာသာစကားတွေကို အသုံးပြုတဲ့ အင်တာနက်ဝန်ဆောင်မှုတွေက မြန်မာနိုင်ငံအတွက် သဟဇာတ သိပ်မဖြစ်ဘူးဗျ”လို့ စင်ဟွန်က မှတ်ချက်ပြုတယ်။ သူက ထင်သာမြင်သာလွယ်တဲ့ ဥပမာဖြစ်ရပ်တစ်ခုနှင့် ရှင်းလင်းပြခဲ့တယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကျန်းမာရေးပညာပေးနေတဲ့ ရန်ကုန်အခြေစိုက် အင်တာနက်စာမျက်နှာတစ်ခုအကြောင်းပါ။ အဲဒီပညာပေးစာမျက်နှာကို Facebook မှာလည်းတွေ့နိုင်ပါတယ်။ “သူတို့ကြုံခဲ့ရတဲ့ အခက်အခဲကတော့ ပိုထိရောက်တဲ့ သတင်းအချက်အလက်တွေ ဖြန့်ဝေနိုင်ဖို့ Facebook ကြော်ငြာဝန်ဆောင်မှုသုံးရာမှာ တွေ့ခဲ့ရတာပါ။ ကြော်ငြာဖို့အတွက် အသုံးပြုနိုင်တဲ့ စာလုံးအရေအတွက် ကန့်သတ်ထားတယ်။ ဒီတော့ မြန်မာစာနဲ့ရေးရင် အဓိပ္ပါယ်ပေါ်အောင်ရေးလို့ မရဘူး။ English ရေးပြန်တော့လည်း သုံးစွဲသူအများစုက နားမလည်တော့ စိတ်ဝင်စားမှုမရှိဘူး။ တော်တော် အခက်တွေ့ခဲ့ရတဲ့ ဘာသာစကားဆိုင်ရာ ပြဿနာပေါ့ဗျာ။ ဒါတွေကလည်း အင်တာနက် ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလားရေးမှာ မဖြစ်မနေစဉ်းစားရမယ့် အချက်ပါပဲ။ ကံကောင်းတဲ့ အချက်က နောက်ပိုင်းမှာ ဇော်ဂျီ၊ ယူနီကုတ်(ဒ်) စတဲ့ မြန်မာအရေးအသားတွေ တွင်တွင်ကျယ်ကျယ် အသုံးချလာနိုင်တော့ အရင်ကနှင့်စာရင် အင်တာနက်သုံးစွဲမှုအတွက် ပိုပြီးလွယ်ကူလာမယ်”လို့ မှန်းဆထားကြောင်း စင်ဟွန်က နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။
အဆုံးသတ်အနေနှင့် Mozilla ကုမ္ပဏီရဲ့ လေ့လာဆန်းစစ်ချက်အရ မြန်မာ့ အင်တာနက်သုံးစွဲသူတွေဟာ ပိုမိုကျယ်ပြန့်စုံလင်တဲ့ နည်းပညာနယ်ပယ်ထဲ တိုးဝင်နိုင်ဖို့ စိတ်အားထက်သန်နေကြပါပြီ။ ဒေတာဝန်ဆောင်မှုအစီအစဉ်တွေကိုလည်း ပိုမိုသင့်တော်ကောင်းမွန်လာဖို့ မျှော်လင့်နေကြပါတယ်။ အခုလောလောဆယ် Facebook က သုံးစွဲသူအများဆုံးဖြစ်နေပေမယ့် နောင်မကြာခင်မှာ လူမှုကွန်ရက်တင်မကပါဘူး အခြားသော အင်တာနက်စာမျက်နှာတွေကိုပါ ပိုမိုဖတ်ရှု အသုံးချလာကြမယ်လို့ ယုံကြည်ထားကြပါတယ်။ ဒီကျယ်ပြန့်လာမယ့် အင်တာနက်အသုံးပြုမှုအတွက် သုံးစွဲသူနှင့် ၀န်ဆောင်မှုပေးသူအကြား နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် သင်တော်လျော်ညီတဲ့ ဒေတာဝန်ဆောင်မှုတွေကို မိုဘိုင်အော်ပရေတာများမှ တီထွင်ကမ်းလှမ်းနိုင်ပါစေလို့ တောင်းဆုပြုလိုက်ရပါတယ်။ ။
Ref: Forbes ( Sep/2017)
Htoo Zeya Maung