မြန်မာနိုင်ငံအတွက် အသုံးဝင်လာနိုင်ဖွယ်ရှိသော နည်းပညာဆန်းများ

နည်းပညာခေတ်မှာ အစစအရာရာပြောင်းလဲတိုးတက်မှုဟာ ကမ္ဘာနဲ့ အဝှမ်း အလွန်မြန်ဆန်ပြီး ပြန့်နှံ့မှုအား အလွန်ကောင်းလှပါတယ်။ နည်းပညာကောင်းများ အမြန်ပြန့်နှံ့ခြင်းဟာ ကောင်းသော တိုးတက်မှုတွေကို ဖြစ်စေနိုင်ပေမယ့် လူသားတွေကို ဆိုးကျိုးဖြစ်စေမယ့် နည်းပညာတွေ ပြန့်နှံ့မှု မြန်ရင်တော့ လူသားအရင်းအမြစ်တွေအတွက် အန္တရာယ်များလှပါတယ်။ မြန်မာနိုင်ငံအပါအဝင် တိုးတက်နေဆဲနိုင်ငံတွေမှာ နည်းပညာတိုးတက်ဖို့ဟာ အလွန်ကိုပဲလိုအပ်နေပါသေးတယ်။ ဒါကြောင့် မြန်မာနိုင်ငံအတွက် သင့်တော်ပြီး အသုံးဝင်နိုင်မယ့် နိုင်ငံတကာ နည်းပညာဆန်း အချို့ကိုဗဟုသုတ အဖြစ်ဖော်ပြလိုက်ရပါသည်။

(၁) စွမ်းအင် သက်သာစေသော BioLite Home Stove အိမ်တွင်းမီးဖို

မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့ အခြား နည်းပညာ အသစ်တစ်ခုကို ထပ်မံ ဖော်ပြလိုပါတယ်။
မြန်မာနိုင်ငံ အပါအဝင် အခြား ဖွံ့ဖြိုးဆဲ နိုင်ငံအချို့ကနေရာတော်တော်များများမှာ မီးသွေး သို့မဟုတ် သဘာဝ ထင်းနဲ့ ချက်ပြုတ် စားသောက်နေကြရတုန်းပါပဲ။ ရလဒ်အားဖြင့် သစ်ပင်တွေကို ပိုမို အသုံးပြုရပြီး ပတ်ဝန်းကျင် ပြုန်းတီးမှုကို ဖြစ်စေပါတယ်။ ကမ္ဘာပေါ် မှာ နှစ်စဉ် လူပေါင်း ၁.၅ သန်းဟာ မီးခိုးငွေ့များ ရှူရှိုက်ရမှု ကြောင့် သေဆုံးနေရပါတယ်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်းကြီးရဲ စစ်တမ်းအရ နှစ်စဉ် လူလေးသန်းခန့်ဟာ COPD လို့ခေါ်တဲ့ အဆုတ်ရောဂါတစ်မျိုး မီးခိုးငွေ့တွေအဆမတန် ရှုရှိုက်ရမှုတွေ ကြောင့်သေဆုံးလျက်ရှိပါတယ်။
ဒါအပြင့် တစ်နှစ်ထက် တစ်နှစ်တိုးတက်လာတဲ့ ကမ္ဘာ့လူဦးရေအရ သဘာဝအရင်းအမြစ်တွေနဲ့ စွမ်းအင်တွေကို ပိုမို သုံးစွဲနေရပါတယ်။ ကမ္ဘာရဲ့လူဦးရေ တစ်ဝက်ဟာလုံလောက်တဲ့ လျှပ်စစ်မီးနဲ့ စွမ်းအင်ကို သုံးစွဲနိုင်ခွင့် အပြည့်အဝ မရတဲ့ အချိန်မှာ သစ်ပင် မီးရှို့ခြင်း၊ တောမီးလောင်ခြင်းတို့လို သဘာဝအရင်းအမြစ်တွေ ပြုန်းတီးရမှုတွေကလည်း တန်ဖိုးရှိလှတဲ့စွမ်းအင်ကို အလဟဿဖြစ်စေပါတယ်။
ဒီလိုဒုက္ခတွေကနေ နည်းပါးစေဖို့အတွက် ပေါ်ထွက်လာတဲ့ နည်းပညာ အသစ်တစ်ခုကတော့ Bio Lite Home Stove လို့ခေါ်တဲ့မီးဖိုတွေ ဖြစ်ပါတယ်။ မီးဖိုမှာ ပါဝင်တပ်ဆင်ထားတဲ့ ဂျင်နရေတာက အပူစွမ်းအင်ကို လျှပ်စစ် အဖြစ်ပြောင်းပေးပါတယ်။ ထိုမှတဆင့် မီးဖိုထဲထည့်ထားတဲ့ မီးသွေးသို့မဟုတ် သစ်သားကို လောင်ကျွမ်းစေပါတယ်။ ဒါပေမယ့် မီးခိုးမထွက်စေပါဘူး။ ထွက်လာတဲ့ လျှပ်စစ်ကိုလည်းပါဝါ မော်ဒျူးလို့ခေါ်တဲ့ ပစ္စည်းတစ်မျိုးကို အသုံးပြုပြီး လျှပ်စစ်ပစ္စည်းတွေကို အားသွင်းလို့ရပါတယ်။

Image Source: http://www.igreenspot.com

ထူးခြားတဲ့ နောက်တစ်ချက်က သာမာန်မီးဖိုတွေနဲ့ယှဉ်ရင် လောင်စာအသုံးပြုရမှုက တစ်ဝက်ခန့် လျော့ပါးသွားစေတဲ့ အတွက် မီးခိုးထွက်မှုနှုန်းက ၉၅ ရာခိုင်နှုန်းအထိ နည်းသွားတာပါပဲ။ ဒါဟာ ဖွံ့ဖြိုးမှု အားနည်းသေးတဲ့ နိုင်ငံတွေက မိသားစုတွေအတွက် လောင်စာ ကုန်ကျစရိတ်ကို တစ်နှစ်မှာ ဒေါ်လာ ၂၀၀ အထိ သက်သာစေပါတယ်။ ကုန်ကျစရိတ်သက်သာပြီး သန့်သန့် ရှင်းရှင်း နဲ့ အစားအသောက်များ ချက်ပြုတ်လို့ရရုံမကပဲ အယ်လ်အီးဒီမီးလုံးတွေနဲ့ လက်ကိုင်ဖုန်းတွေကိုလည်း အားသွင်းလို့ရနိုင်ပါသေးတယ်။ လက်ရှိမှာတော့ HomeStove ကို လက်လီရောင်းချမှုထက်စာရင် အိန္ဒိယ၊ ဂါနာနဲ့ ယူဂန်ဒါ နိုင်ငံတွေမှာ မီးဖိုအလုံးပေါင်းများစွာကို အစမ်းအသုံးပြုနေစေတဲ့ အဆင့်ရောက်နေပါပြီ။

Image Source: https://www.stilkante.com

ဒီလို အဖက်ဖက်ကနေ အကျိုးဖြစ်တဲ့ Home Stove ရဲ့အဓိက အားနည်းချက်ကတော့ စျေးနှုန်း ဖြစ်ပါတယ်။ မီးဖိုတစ်ခုရဲ့ ရောင်းစျေး ဒေါ်လာတစ်ရာဟာ မီးဖိုကို အသုံးပြုခြင်းဖြစ် ရရှိမယ့် အကျိုးနဲ့ ယှဉ်ရင် နည်းပါးတယ်ဆိုပေမယ့် ဆင်းရဲတဲ့ မိသားစုတွေ အတွက်တော့ ဒါဟာ စိန်ခေါ်မှု တစ်ရပ် ဖြစ်နေပါသေးတယ်။ ဒါကြောင့်မို့လို့ Home Stove ကို ကမ္ဘာတစ်လွှားမှာ လက်ကားရောင်းချမှု ပြုလုပ်နိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် BioLite အဖွဲ့သားများကတော့ ဒီလို ကနဦး အခက်အခဲကို ကျော်လွှားပြီး အောင်မြင်အောင် ဆောင်ရွက်ကြဖို့ ကြိုးစားနေကြဆဲလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာလည်း နေရာဒေသ အတော်များများမှာ မီးသွေးမီးဖိုကို အသုံးပြုနေကြဆဲပါပဲ။ အထူးသဖြင့် အသိပညာ နည်းပါးသေးတဲ့ ရပ်ဝေးတွေမှာ မီးသွေးအသုံးပြုရင်းနဲ့ အကြောင်းအမျိုးမျိုးကြောင့် မီးမတော်တဆမှုတွေဖြစ်ပြီး သေဆုံး ပျက်စီးရမှုတွေက အခုအချိန်အထိ ကြားနေရတဲ့ အဖြစ်အပျက်တွေပါ။ Home Stove လို စိတ်ချရတဲ့ နည်းပညာနဲ့ မီးဖိုမျိုး မြန်မာနိုင်ငံမှာ အသုံးပြုနိုင်ကြမယ်ဆိုရင် စွမ်းအင်ခြွေတာမှု အတွက်ရောပတ်ဝန်းကျင် သန့်ရှင်းမှု အတွက်ပါ အကျိုးပြုစေမှာ အသေအချာပါပဲ။

Image Source: http://americanpreppersnetwork.com

(၂) ပလပ်စတစ် အစားထိုး အိတ်များ

Casava carrier bag လို့ခေါ်တဲ့ ပလပ်စတစ်အစားထိုး အိတ်တွေနဲ့ ခွက်တွေကို အင်ဒိုနီးရှားနိုင်ငံမှာ စတင်အသုံးပြုနေကြပါပြီ။ ဘာလီကျွန်းမှာ နေထိုင်တဲ့ လူငယ် စွန့်ဦးတီထွင်သူတစ်ဦး Kevin Kumalaက စတင်တီထွင်လိုက်တာပါ။ အင်ဒိုနီးရှားနိုင်ငံဟာ အရှေ့တောင် အာရှမှာ သစ်တော ပြုန်တီးမှု အများဆုံးနဲ့ သဘာဝ ပတ်ဝန်းကျင်အပျက်စီးဆုံး နိုင်ငံတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ နိုင်ငံစီးပွားရေး အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့ တစ်ဖက်မှာ နာမည်ကြီး ဘာလီကျွန်းအပါအဝင် လမ်းတွေပေါ်မှာ စည်းကမ်းမဲ့ ပလပ်စတစ် အသုံးပြုမှုတွေ ပိုမိုများပြားလာပါတယ်။တစ်စထက် တစ်စ ဆိုးရွားလာတဲ့ ပျက်စီးမှုတွေကို ကာကွယ်ဖို့ နည်းလမ်းတွေကို ရှာကြရင်းနဲ့နောက်ဆုံးမှာ ပလပ်စတစ် အစားထိုးနိုင်တဲ့ နည်းကို ရလာခဲ့ပါတယ်။

Image Source: http://whatiwouldbuy.com

ကိစ္စတစ်ခုကို ပိုမိုကောင်းမွန်အောင် လုပ်တဲ့ အကောင်းဆုံးနည်းလမ်းတွေဟာ ရိုးစင်းတတ်ပါတယ်။ အင်ဒိုနီးရှားရဲ့ပလပ်စတစ် လျှော့ချနိုင်ရေး လမ်းစဉ်ကတော့ သဘာဝ ပစ္စည်းဖြစ်တဲ့ Casava လို့ခေါ်တဲ့ ပီလောပီနံဥကနေ ပလပ်စတစ် အစားထိုးပစ္စည်းတွေ စထုတ်တာပါပဲ။ အကျိုးရလဒ်ကတော့ ဒီအိတ်တွေကို စွန့်ပစ်လိုက်ရင် ပလပ်စတစ်အိတ်တွေလို သဘာပတ်ဝန်းကျင်ကို မပျက်စီးစေပဲ အလိုအလျောက် ဆွေးမြေ့ပျက်စီးသွားတာပါပဲ။

Image Source: http://www.producebusinessuk.com

နောက်တစ်ချက်ကတော့ ဒီပလပ်စတစ် အစားထိုးအိတ်တွေကို တိရိစ္ဆာန်လေးတွေ မတော်တဆ စားမိတာမျိုး ဖြစ်ရင်လည်း သဘာဝပစ္စည်းဖြစ်လို့အန္တရာယ် မဖြစ်စေတော့ပါဘူး။ ပင်လယ်ထဲကို စွန့်ပစ်တဲ့ ပလပ်စတစ်တွေကြောင့် ရေသတ္တဝါလေးတွေ မသေသင့်ပဲ သေရတဲ့ ဘေးဆိုးတွေကလည်း အလွန်ကို နည်းပါးလာစေမှာပါ။ ပင်ကိုက ရေငုတ်ဝါသနာပါပြီး ပင်လယ်နဲ့ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့ Kevin Kumala ရဲ့ စိတ်ကူးကောင်းလေးကနေ အစပြုလာခဲ့တဲ့ ဒီနည်းပညာဟာ သာမန်ပလပ်စတစ်ထုတ်လုပ်မှုထက် စရိတ်စက် ပိုတဲ့အတွက် စီးပွားဖြစ် ထုတ်လုပ်ဖို့အရေးမှာ စိန်ခေါ်မှုတစ်ခုဖြစ်နေဆဲပါ။ ဒါပေမယ့် Kevin Kumala ရဲ့ကုမ္ပဏီ ဖြစ်တဲ့ Avani Eco ကတော့
ကြံသကာနဲ့ ပြောင်းတို့လို သဘာဝ ထုတ်ကုန်တွေကနေ သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုနိုင်မယ့် နည်းပညာအဆန်းတွေကို ဆက်လက်တီထွင်ကြမှာပါ။

Image Source: https://energibaik.com

တိုးတက်လာတဲ့ ခေတ်နဲ့ အညီ လူသုံးကုန်ပစ္စည်းတွေ ပိုမိုများပြားစွာ အသုံးပြုလာတဲ့ မြန်မာနိုင်ငံမှာလည်း ပလပ်တစ် ဆန့်ကျင်ရေးနဲ့ ပတ်သက်ပြီး တစ်စထက်တစ်စ ပြုလုပ်လာနေကြပါပြီ။ ပီလောပီနံဟာလည်း မြန်မာနိုင်ငံမှာ နှစ်ခြိုက်စွာ စားသုံနေကြတဲ့ အစားအသောက်တစ်မျိုး ဖြစ်ပြီး စီးပွားဖြစ် စိုက်ပျိုးမှုတွေလည်း တစ်စထက်တစ်စ များလာတဲ့အနေအထားတစ်ရပ်မှာရှိပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အတော်အတန် အထောက်အကူပြုနိုင်မယ့် သဘာဝအရင်းအမြစ်ကို သုံးစွဲထားတဲ့ အိတ်ထုတ်တဲ့ ဒီလိုနည်းပညာမျိုး မြန်မာနိုင်ငံကို ရောက်လာခဲ့ရင် ပတ်ဝန်းကျင်အတွက် အတော်လေး အသုံးဝင်လာမှာ ဖြစ်လို့ နည်းပညာ ဆန်းတစ်ခု အနေနဲ့ ရေးသားဖော်ပြလိုက်ရပါတယ်။

Image Source: https://energibaik.com

(၃) အင်းဆက် ပေါင်မုန့်

နောက်ဆုံး နည်းပညာအဆန်းတစ်မျိုးကတော့ အင်းဆက်နဲ့ လုပ်တဲ့ ပေါင်မုန့် အကြောင်းပါပဲ။
ကြားရတာ နည်းနည်းတော့ ဆန်းနေပါလိမ့်မယ်။ တကယ်လည်း ပိုးကောင်နဲ့ ပေါင်မုန့်ပြုလုပ်လို့ ရနေပါပြီ။

Image Source: https://miastodzieci.pl

ပေါင်မုန့်လို အစားအသောက်မျိုးဟာ ဂျုံနဲ့မှ ပြုလုပ်လို့ရမယ်မှန်း အားလုံးအသိပါ။ ဒါပေမယ့်
ပုရစ်ကို အသုံးပြုပြီး ပေါင်မုန့် ပြုလုပ်နည်းကိုတော့ ဖင်လန်နိုင်ငံမှာ စတင် အသုံးပြုရောင်းချနေပါပြီ။ ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက သာမန်အရွယ်အစားရှိ ပေါင်မုန့်တစ်လုံးရဲ ့ အလေးချိန် အနည်းငယ်မျှသာ ရှိတဲ့ ပုရစ် အကောင် ရ၀ ကို ခြောက်အောင်လှန်း၊ အမှုန့်ကြိတ်ပြီး ဂျံုနဲ့ ရောစပ်ကာ ပြုလုပ်ခြင်းအားဖြင့် အာဟာရရှိတဲ့ ပေါင်မုန့် ပြုလုပ်နည်းကို ရနိုင်ပါတယ်။

ပါဝင် ပစ္စည်း ဖြစ်တဲ့ ပုရစ်မှာ လူကို အကျိုးပြုတဲ့ အဆီ၊ အသားဓာတ်၊ ကယ်လ်စီယမ်၊ သံဓာတ်နဲ့ သွေးအားရော ကိုယ်ခံအားကိုပါ ကောင်းစေတဲ့ ဗီတာမင် ဘီ ၁၂ တို့ပါဝင်ပါတယ်။ ဒါကြောင့် အာဟာရဓာတ် ပြည့်ဝရုံမျှမက နည်းပညာ ကျယ်ပြန့်လာရင် တစ်ကမ္ဘာလုံး စားသုံးနေတဲ့ နေ့စဉ်အသားစားသုံးမှုကိုလည်း လျော့လာစေမှာပါ။ ဘာလို့လဲ ဆိုတော့ ပုရစ်ကိုလည်း အသား အဖြစ်စားလို့ရလို့ပါပဲ။ လူသားဦးရေ တိုးတက်လာတာနဲ့ အမျှ အသားစားသုံးမှုဟာလည်း တဖြည်းဖြည်း များလာပါတယ်။ တိရစ္ဆာန်လေးတွေကို အချိန်မီ ပြန်လည် မွေးမြူခြင်း မရှိတဲ့ ကိစ္စမျိုးတွေကြောင့် မျိုးတုံးသတ်ဖြတ်မှုတွေ၊ မတရား သတ်ဖြတ်မှုတွေကြောင့် တဖြည်းဖြည်းနဲ့ ရှားပါးမှုတွေ ဖြစ်လာပါတယ်။ တကယ်လို့ ပုရစ်ကနေ ပေါင်မုန့် ထုတ်နိုင်တဲ့ ဒီလို နည်းပညာသာ ကမ္ဘာ့နေရာအနှံ့ တွင်ကျယ်လာရင် အကောင်ကြီးတွေကို အသားအဖြစ် စားသုံးရမှုတွေ နည်းလာပါလိမ့်မယ်။ လေ့လာမှုတစ်ခုအရဆိုရင် ဒီလိုအသားသုံးစွဲမှု လျော့လာတဲ့ ပမာဏဟာ အင်္ဂလန်တစ်နိုင်ငံလုံးစာခန့်ကြီးမားနိုင်တယ်လို့ သိရပါတယ်။ အင်းဆက်တွေကို အသားအဖြစ် စားသုံးဖို့ မွေးမြူကြမယ်ဆိုရတော့ မွေးရတဲ့ မြေနေရာ၊ ကျွေးရတဲ့ အစာ ပမာဏလည်း ပိုမိုနည်းပါးနိုင်တဲ့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း အထောက်အကူဖြစ်ပါတယ်။

လူသားတွေဟာ အသစ်အသစ်သော နည်းပညာတွေကို ရှာဖွေစမ်းသပ်နေကြဆဲပါ။ တီထွင် ဖန်တီးမှု အားကောင်းလွန်းပြီး တဲ့ ဖင်လန် လူမျိုးတွေရဲ ့ကြိုးစားမှု ရလဒ်ကြောင့် ခုဆိုရင် ပေါင်မုန့် တစ်လုံးကို ပျှမ်းမျှ လေးယူရိုခန့် တန်ဖိုးရှိတဲ့ ပုရစ်ပေါင်မုန့်ဟာ သူတို့နိုင်ငံမှာ အရောင်းအားကောင်းလာတဲ့ ပေါင်မုန့် ဖြစ်လာပါပြီ။ ပုရစ်ပေါင်မုန့်လိုပဲ အခြားအင်းဆက်နဲ့ပြုလုပ်တဲ့ မုန့်တွေကို ဒိန်းမတ်၊ ဗြိတိန်နဲ့ ဆွစ်ဇလန်လို နိုင်ငံကြီးတွေမှာလည်း စမ်းသပ်ရောင်းချနေကြပါပြီ။ ဒါဟာ Fazer မုန့်လုပ်ငန်းနဲ့ ပိုင်ရှင်ဖြစ်သူ Markus Hellstrom တို့ရဲ့အောင်မြင်မှုပါပဲ။
ဒီပေါင်မုန့်နဲ့ပတ်သက်သောမကောင်းတဲ့ အချက်တစ်ခုကတော့ ပိုးကောင်ကို စားစရာတစ်ခုအဖြစ် လက်ခံဖို့ ခက်ခဲနေတဲ့ လူတွေကို စမ်းသပ်စားသုံးကြည့်စေရာမှာ ခက်နေဦးမယ့် အချက်ပါပဲ။ ဒါပေမယ့် ပိုးကောင်တွေကို အသားအဖြစ် စားသုံးနိုင်တဲ့ အချက်နဲ့သန့်ရှင်းစွာချက်ပြုတ်နိုင်ရင် အခြားစားနေကျ အသားတွေလို စားနိုင်တယ်ဆိုတဲ့ အချက်တွေကြောင့် ကျော်လွှားနိုင်မယ်လို့ ယူဆရပါတယ်။ ပုရစ်နဲ့ ပြုလုပ်ထားပေမယ့် ပေါင်မုန့်အရသာကိုသာ ခံစားရခြင်းကလည်း ပုရစ်ပေါင်မုန့်ရဲ့ကောင်းကွက်ကြီးတွေထဲက တစ်ခုပါပဲ။

Image Source: https://news.sbs.co.kr

ဒီနည်းပညာဟာ မြန်မာနိုင်ငံနဲ့ အလွန်ပဲ သင့်တော်တယ်လို့ ယူဆမိပါတယ်။ အကြောင်းကတော့ မြန်မာနိုင်ငံမှာလည်း ပုရစ်ကြော်ကို အရသာ ရှိတဲ့ အစားအသောက် အဖြစ် နှစ်ခြိုက်စွာ စားသုံးနေကြလို့ပါ။ ပေါင်မုန့် အမျိုးအစားတွေလည်း အမျိုးမျိုး ရှိပေမယ့် လူတန်းစား အားလုံးအတွက်တော့ လက်လှမ်းမီဖို့ သိပ်မလွယ်တဲ့ အနေအထားမှာ ရှိနေဆဲပါ။ ဒီလို ပုရစ်ပေါင်မုန့်ထုတ်တဲ့ ပညာရပ်မျိုးကို မြန်မာနိုင်ငံမှာသာ စျေးသက်သက်သာသာနဲ့ ထုတ်လုပ်နိုင်မယ်ဆိုရင် မြန်မာပြည်သူပြည်သားတွေအတွက် ပိုမိုအာဟာရရှိပြီး စျေးသင့်တော်တဲ့ အစားအသောက်ကောင်းတစ်ခုရဲ့တန်ဖိုးတစ်ခုကို ရရှိစေမှာပါ။

အထက်ဖော်ပြပါနည်းပညာတွေဟာ ထူးခြား ဆန်းသစ်ရုံသာမကပဲ သဘာ၀ပတ်ဝန်းကျင်ကို ထိန်းသိမ်းလိုခြင်းနဲ့ လူတန်းစားမရွေး သုံးနိုင်ရန်ရည်ရွယ်ခြင်းတို့လို ရည်ရွယ်ချက်ကောင်းတွေနဲ့ ပြည့်ဝနေပါတယ်။ စျေးနှုန်းကြီးမြှင့်နေခြင်းနဲ့ ကမ္ဘာအနှံ့ ပျံ့နှံ့နိုင်ရန်ကြိုးပမ်းရာမှာ စိန်ခေါ်မှုတွေ ရှိနေနိုင်သေးပေမယ့် ကောင်းမွန်တဲ့စေတနာအရင်းနဲ့ နည်းပညာအခြေခံကြောင့် အောင်မြင်ပြီး မြန်မာနိုင်ငံမှာလည်း တွင်ကျယ်စွာအသုံးပြုနိုင်လာမယ့် အချိန်တစ်ခုရောက်လာပါစေကြောင်း ဆန္ဒပြုလိုက်ရပါတယ်။

Aurora