ooredoo မှ မြန်မာအမျိုးသမီးငယ်များအား ဒစ်ဂျစ်တယ်နှင့် ခေါင်းဆောင်မှု အရည်အသွေးများ မြှင့်တင်ပေးရန် Tech Age Girls အစီအစဉ် ၂၀၂၂-၂၀၂၃ ကို ပံ့ပိုး

အူရီဒူးမြန်မာမှ မြန်မာအမျိုးသမီးငယ်များအား ဒစ်ဂျစ်တယ်နည်းပညာဖြင့် အရည်အသွေး မြှင့်တင်ပေးနိုင်ရန်နှင့် ဒစ်ဂျစ်တယ် ပိုင်းဆိုင်ရာ ကျားမကွာဟချက်များကို ပေါင်းကူးဖြည့်ဆည်းပေးနိုင်ရန်အတွက် Tech Age Girls(TAG) မြန်မာအစီအစဉ် ၂၀၂၂-၂၀၂၃ ကို ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။ TAG မြန်မာအစီအစဉ် ၂၀၂၂-၂၀၂၃ တွင် အမျိုးသမီးငယ် ၂၂၀ ဦးပါဝင်သွားမည် ဖြစ်သည်။
TAG အစီအစဉ်သည် အသက် ၁၆ မှ ၂၀ နှစ်အတွင်းရှိ အမျိုးသမီးငယ်လေးများအား ခေါင်းဆောင်မှုနှင့် လူမှုဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နည်းပညာကျွမ်းကျင်မှု စွမ်းရည်များဖြင့် ပံ့ပိုးပေးသောအစီအစဉ်တစ်ခုဖြစ်သည်။ ၎င်းအစီအစဉ်သည် အမျိုးသမီးများအား ခေါင်းဆောင်မှုနှင့် လူမှုဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နည်းပညာအား အကောင်းဆုံးအသုံးချဆောင်ရွက်နိုင်စေရန် ပံ့ပိုးကူညီပေးသည့်အတွက် ပါဝင်သည့် အမျိုးသမီးများကိုသာမက ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းများကိုပါ အကျိုးရစေနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/OoredooMyanmar

“အူရီဒူးမြန်မာသည် လူမှုအသိုင်းအဝိုင်းများအတွက်ပိုမိုကောင်းမွန်သော ဒစ်ဂျစ်တယ်အနာဂတ်ကို တည်ဆောက်ရန်နှင့် ကျွန်တော် တို့တည်ရှိသောနေရာ၏ လူမှုစီးပွားတန်ဖိုးကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရာမှာအထူးသဖြင့် အူရီဒူးမြန်မာ၏ ပင်မ CSR မဏ္ဍိုင်များဖြစ်သည့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာ အထောက်အပံ့ဖြင့် အလေးထားပံ့ပိုးပေးလျက်ရှိပါတယ်။ကျွန်တော်တို့၏လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်များမှတစ်ဆင့် ဒေသခံလူမူအသိုင်းအဝိုင်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးကူညီရန်နှင့် ရရှိသင့်သည့် အခွင့်အလမ်းအလားအလာ ကောင်းများရရှိနိုင်အောင် ပံ့ပိုးပေးလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ယခုလို အမျိုးသမီးငယ်လေးတွေကို နည်းပညာကို ကောင်းစွာအသုံးပြုခြင်းဖြင့် အရည်အသွေးမြှင့်တင်ပေးနိုင်မယ့် အစီအစဉ်ကောင်းတစ်ခုကို ပံ့ပိုးခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်” ဟု အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ် မှ ပြောကြားသည်။
အူရီုဒူးသည် မြန်မာစာပေပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု ပရဟိတအဖွဲ့(MBAPF) နှင့် ပူးပေါင်းပြီး TAG အစီအ စဉ်ကို ၂၀၁၆ ခုနှစ်မှစတင်ပြီး အင်တာနက်ချိတ်ဆက်မှုနှင့် ဒစ်ဂျစ်တယ်ပစ္စည်းများဖြင့် ပံ့ပိုးပေးခဲ့ပါသည်။ အဆိုပါ အစီအစဉ် ၏ အကျိုးရှိမှုကို တွေ့မြင်ရသောကြောင့် အူရီဒူးမြန်မာသည် ၂၀၁၉ ခုနှစ်တွင်အဓိကထောက်ပံ့သူဖြစ်လာခဲ့ပြီး၂၀၂၀-၂၀၂၁တွင်ပါဝင်သူဦးရေ နှစ်ဆတိုးမြှင့်လက်ခံပေးရန်ပိုမိုတိုးမြှင့်ပံ့ပိုးပေးခဲ့သည်။
TAG အစီအစဉ်သည်တစ်နှစ်တာကြာမြင့်ပြီး အပိုင်း၃ပိုင်း ပါဝင်ပါသည်။ ပထမပိုင်းတွင် ICT စွမ်းရည်များ လေ့ကျင့် သင်ကြားပေးခြင်း၊ ဒုတိယပိုင်းတွင်ခေါင်းဆောင်မူစွမ်းရည်၊လုပ်ငန်းခွင်စွမ်းရည်နှင့် စီမံကိန်းများအား စီမံခန့်ခွဲမှူစွမ်းရည်များ လေ့ကျင့်သင်ကြားခြင်းနှင့်တတိယပိုင်းတွင်ခေါင်းဆောင်မှုထိပ်သီးအစည်းအဝေး၊စီမံကိန်းအကောင်အထည်ဖော်မှု၊ အစီရင်ခံ ခြင်းနှင့် စိစစ်အကဲဖြတ်ခြင်းစသည်ဖြင့်ပါဝင်သည်။ ယခုနှစ်ဒုတိယပိုင်းတွင် အမျိုးသမီးအခွင့်အရေးဟူသော အမည်ဖြင့် ကဏ္ဍအသစ်တစ်ခု ပါဝင်မည်ဖြစ်သည်။
Tech Age Girlsအစီအစဉ်တွင်ပါဝင်တက်ရောက်သူများသည် ကောင်းမွန်စွာ ပြင်ဆင်ထားသော လေ့ကျင့်မှုများမှတစ်ဆင့် အသင်းအဖွဲ့အလိုက် ပေါင်းစည်းလုပ်ဆောင်နိုင်မှုစွမ်းရည်များ၊ နည်းပညာနှင့် လုပ်ငန်းပိုင်းကျွမ်းကျင်မှုစွမ်းရည်များကို ရရှိမည်ဖြစ်သည်။ နောက်ဆုံးတွင် ပါဝင်သူများသည် မိမိတို့၏ လူမှုဝန်းကျင်အသီးသီးတွင် ခေါင်းဆောင်များအဖြစ် တာဝန်ယူဆောင်ရွက်စေနိုင်ရန် ယုံကြည်မှုနှင့် စိတ်ခွန်အားတို့ကို မြှင့်တင်ပေးနိုင်ရန် မျှော်လင့်ထားသည်။