လူငယ်တွေအနေနဲ့ တစ်စထက်တစ်စ ပိုမိုရင်းနီးလာတဲ့ Play-to-earn

Crypto currency, Bitcoin, Ethereum, NFT ဆိုတဲ့စကားလုံးတွေကို အဓိပ္ပာယ်မသိ၊ အလုပ်လုပ်ပုံတွေ မသိကြဘူးဆိုရင်တောင်မှ ကြားဖူးနားဝရှိကြသလို ရင်းနီးကြမယ်ဆိုတာကတော့ မမှားပါဘူး။ နိုင်ငံတစ်ကာမှာ လည်ပတ်နေကြတာ နှစ် တော်တော်ကြာနေပြီ ဆိုပေမယ့် ၂၀၂၁ နှစ်ကုန်ပိုင်း ၂၀၂၂ အစပိုင်းလောက်မှာမှ မြန်မာနိုင်ငံမှာ အရင်ထက်ပိုပြီး တွင်တွင်ကျယ်ကျယ်ဖြစ်လာတာလို့ပြောလို့ရပါတယ်။ တွင်ကျယ်လာတယ် ဆိုပေမယ့် မစမ်းသပ်ရဲတာ၊ မယုံရဲတာ စတဲ့အကြောင်းအရင်းတွေနဲ့ မလေ့လာကြတဲ့သူတွေ၊ အသုံးမပြု ကြတဲ့သူတွေ၊ မသိကြသေးတဲ့သူတွေကလည်း အတော်လေးကို များနေပါသေးတယ်။ Crypto နဲ့ ပက်သက်ပြီးတော့ Crypto Currency, Bitcoin, Ethereum, NFT, Blockchain, coin, wallet စတဲ့ Keyword တွေကိုတော့ အတွေ့များကြမယ်လို့ထင်ပါတယ်။ 

အခုဆောင်းပါးအတွက် လိုအပ်တဲ့အကြောင်းအရာတွေကို အကျဉ်းပြောပြရမယ်ဆိုရင်တော့ Crypto Currency လို့ခေါ်တဲ့ Crypto ဟာ digital currency ပုံစံမျိုးနဲ့ တည်ရှိတဲ့ ငွေကြေး အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဒီဂျစ်တယ်စနစ်နဲ့ပဲတည်ရှိတာဖြစ်တဲ့အတွက် ငွေစက္ကူပုံစံမျိုးနဲ့ တည်ရှိမှာတော့ မဟုတ်ပါဘူး။ ငွေစက္ကူတွေကို အသုံးပြုတဲ့အခါသိမ်းဆည်းဖို့အသုံးကြတဲ့ ဘဏ်တွေ၊ ပိုက်ဆံအိတ်တွေလိုပါပဲ၊ Digital Currency တစ်ခုဖြစ်တဲ့ Crypto ကိုအသုံးပြုဖို့အတွက် Cryptocurrency Wallet ကိုတော့ မရှိမဖြစ် လိုအပ်ပါတယ်။ Bitcoin နဲ့ Ethereum ဆိုတာတွေကတော့ Crypto လို့ခေါ်တဲ့ Digital Currency ရဲ့ Currency အမျိုးအစားတွေ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းနိုင်ငံအလိုက် ငွေကြေးအမျိုးအစားတွေကွဲပြားကြသလိုပဲ တည်ရှိတဲ့ Crypto ရဲ့ Currency အမျိုးအစားတွေပါ။

အခုပြောပြပေးမယ့် Play-to-earn ဆိုတဲ့စကားလုံးနဲ့ နီးစပ်တဲ့ Free-to-play, Play-to-win ဆိုတဲ့ ဂိမ်းတွေကို တွေးမိနေကြမယ်လို့တော့ထင်ပါတယ်။ Free-to-play ဆိုတာကတော့ အခမဲ့ Download ပြုလုပ်ဆော့ကစားနိုင်တဲ့ ဂိမ်းတွေကိုခေါ်တာဖြစ်သလို Pay-to-win ဆိုတာကတော့ ဂိမ်းဆော့ကစားဖို့အတွက် ငွေကြေးသုံးစွဲမှ အနိုင်ရမယ့် ဂိမ်းလို့ အလွယ်မှတ်လို့ရပါတယ်။ ဒါဆို Play-to-earn အတွက်တော့ မေးစရာဖြစ်လာပါပြီ။ Play-to-earn ကတော့ free-to-play လိုအခမဲ့ download ပြုလုပ်နိုင်မယ်၊ ငွေကြေးသုံးစွဲစရာမလိုဘူး။ မတူတဲ့အချက်ကတော့ ဂိမ်းဆော့ကစားရင်း ပိုက်ဆံပြန်ရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အလကားနေရင်း ပိုက်ဆံရနေမှာမျိုးတော့ မဟုတ်ပါဘူး။ 

အချိန်ပေးပြီးဆော့ကစားရတဲ့ဂိမ်းလား ကြော်ငြာတွေကြည့်ရတဲ့ဂိမ်းလား ဒီလိုအမျိုးအစားတွေပေါ် လိုက်ပြီး In Game Currency တွေရတာမျိုးပါ။ ကိုယ်ရလာတဲ့ In game currency ပေါ်လိုက်ပြီး သတ်မှတ်ထားတဲ့ ပမာဏရောက်တာနဲ့ နာမည်ကြီး အသုံးများကြတဲ့ Bitcoin, Ethereum တို့လို Currency တွေဒါမှမဟုတ် တစ်ခြား Currency အမျိုးအစားတွေနဲ့ Exchange ပြုလုပ်ပြီး ထုတ်ယူနိုင်မှာပါ။ Play-to-earn တစ်ချို့ဂိမ်းတွေက တစ်ကယ်ထုတ်လို့ရတယ်ဆိုပေမယ့် ကိုယ့်ဘက်ကအချိန်တွေ စိုက်ထုတ်ရတာမျိုးကတော့ ရှိပါတယ်။

Play-to-earn ဂိမ်းတွေအကြောင်းကိုတော့ Sky Hight ကရှင်းပြထားတဲ့ Facebook Video မှာလည်း ဝင်ရောက်လေ့လာကြည့်နိုင်သလို Play-to-earn ဆော့ကစားနိုင်တဲ့ဂိမ်းတွေကို မျှဝေပေးနေတဲ့ Play to Earn – Myanmar Facebook Page https://www.facebook.com/PlaytoEarnMM မှာလည်း ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။