Prudential Myanmar မှ ကိုဗစ်-၁၉ ဆိုင်ရာ လူမှုအကျိုးပြု လုပ်ငန်းစဉ်များအတွက် ငွေကျပ် (၁၃၁) သန်းကျော်ပံ့ပိုး

Prudential Myanmar သည် ကူးစက်ရောဂါ ပြန့်ပွားနေသည့် ကာလအတွင်း မြန်မာနိုင်ငံအတွင်းရှိ ထောင်ပေါင်းများစွာသော ပြည်သူများကို ကူညီပံ့ပိုးပေးနိုင်ရန် အက်ရှင်အေ့ဒ် (ActionAid)၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြုပြင်မွမ်းမံရေးကုသိုလ်ဖြစ် အဖွဲ့အစည်းနှင့် WaterAid စသည့် NGOs အဖွဲ့အစည်း (၃) ခု အပါအဝင် လူမှုရေးလုပ်ငန်း အဖွဲ့အစည်းတစ်ခုဖြစ်သော ဒို့အိမ် (၎င်း၏ I DO NATION အစီအစဉ် မှတစ်ဆင့်) ဖြင့်ပူးပေါင်း၍ လူမှု အကျိုးပြုလုပ်ငန်းစဉ်များစွာကို ကဏ္ဍအလိုက် စတင် ချမှတ်ဆောင်ရွက်လျက် ရှိသည်။
Prudential Myanmar အနေဖြင့် အဆိုပါ လူမှုအကျိုးပြု လုပ်ငန်းစဉ်များအား အထောက်အပံ့ ဖြစ်စေရန် အမေရိကန် ဒေါ်လာ တစ်သိန်း (ခန့်မှန်းခြေ မြန်မာကျပ်ငွေ ၁၃၁ သန်းကျော်) ပါဝင်ပံ့ပိုးကူညီထားသည်။ အဆိုပါ ရန်ပုံငွေများသည် အာရှ၊ အမေရိကန်နှင့် အာဖရိက နိုင်ငံများအတွင်း စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေးလျက် ရှိသူများ အပါအဝင် Prudential ၏ လူမှုအသိုင်းအဝိုင်း အတွက် ငွေကြေးဆိုင်ရာ ထောက်ပံ့မှုများ ပြုလုပ်ပေးနိုင်ရန် မ,တည်ပေးထားသော Prudential ၏ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကုစားမှု ရန်ပုံငွေအချို့အား အသုံးပြုထားခြင်း ဖြစ်ပါသည်။ ရန်ပုံငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ (၂ ဒဿမ ၅) သန်း အသုံးပြုရန် ရည်ရွယ်ထားသော Prudential ၏ ကိုဗစ်-၁၉ ကုစားမှု ရန်ပုံငွေများကို ကူးစက်ရောဂါ ကာကွယ်တားဆီးရေးအပါအဝင် ကပ်ရောဂါ၏ နောက်ဆက်တွဲ လူမှုရေး၊ စီးပွားရေးဆိုင်ရာ အခက်အခဲ များကို အမြန်ဆုံး ဖြေရှင်းပေးနိုင်သည့် လူမှုအကျိုးပြုနှင့် ကုသိုလ်ဖြစ် လုပ်ငန်းစဉ်များတွင် ပါဝင်ထောက်ပံ့ပေးနိုင်ရန်အတွက် Prudential ဝန်ဆောင်မှု ပေးလျက်ရှိသော ဈေးကွက်များသို့ ခွဲဝေဖြန့်ဖြူးခဲ့ပြီး ဖြစ်သည်။

Photo Source https://www.facebook.com/PrudentialMyanmarLifeInsurance

မြန်မာနိုင်ငံတွင် ရန်ပုံငွေ ထည့်ဝင်ခဲ့ပြီးဖြစ်သော လူမှုအကျိုးပြု လုပ်ငန်းစဉ်များမှာ ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့ကူးစက်မှုအား ကာကွယ်တားဆီးရာတွင် နည်းလမ်းအမျိုးမျိုးဖြင့် အမြန်ဆုံး ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။ အဆိုပါ လုပ်ငန်းစဉ်များအား နေအိမ်ပြင်ပရှိ နေရာများတွင် သန့်ရှင်းရေးအတွက် အခြေခံအဆောက်အုံများ ပိုမို ကောင်းမွန်လာစေရန်၊ အိမ်ထောင်စုများ အတွက် နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များ ဖြန့်ဝေပေးနိုင်ရန်၊ လမ်းဘေး စားသောက်ဆိုင်ငယ် လေးများအား ငွေကြေးဆိုင်ရာ ကူညီပံ့ပိုးပေးနိုင်ရန်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သန့်ရှင်းရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေး လုပ်ငန်းများ ပိုမို ထိရောက်စွာ လုပ်ဆောင်နိုင်ရန် ယခုလုပ်ငန်းစဉ်များအား အဓိကထား ဆောင်ရွက်သွားမည် ဖြစ်သည်။
“ကိုဗစ်-၁၉ ကြောင့် နိုင်ငံတစ်ဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ ထိခိုက်ဆုံးရှုံးမှုတွေကို လျှော့ချနိုင်ဖို့ မြန်မာနိုင်ငံက အစိုးရတာဝန်ရှိသူတွေ၊ ရှေ့တန်းမှာ လက်တွေ့ လုပ်ကိုင်နေကြသူတွေနဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်မှုတွေအတွက် ကျွန်တော်တို့ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ Prudential Myanmar ရဲ့ “ဒို့တွေတစ်ကယ် ကောင်းကျိုးပြုကြတယ်” (We DO Good) ဆိုတဲ့ အရင်းခံ စိတ်ထားနဲ့ လူမှုအသိုင်းအဝိုင်းအတွက် လိုအပ်နေတဲ့ အချိန်တွေမှာ တတ်စွမ်းသရွေ့ ကူညီကာကွယ်ပေးဖို့ ကတိကဝတ်ပြုထားပါတယ်။ အခုလို မိတ်ဖက် NGO နဲ့ လူမှုရေးလုပ်ငန်း အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ကိုဗစ်-၁၉ တားဆီးနှိမ်နင်းရေး လုပ်ငန်းစဉ်အမျိုးမျိုးမှာ ပါဝင်ဆောင်ရွက်ရင်းကနေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ကာလအတွင်းမှာ ပြည်သူတွေကို အဘက်ဘက်ကနေ ကူညီပံ့ပိုးပေးနိုင်တဲ့အတွက် ဝမ်းသာပီတိ ဖြစ်ရပါတယ်” ဟု Prudential Myanmar ၏ CEO ဖြစ်သူ Mr. Asit Rath မှပြောကြားသည်။

Photo Source https://www.facebook.com/PrudentialMyanmarLifeInsurance

Prudential Myanmar သည် ကိုဗစ်-၁၉ ကာလအတွင်း ရန်ကုန်မြို့ရှိ အကူအညီလိုအပ်နေသော ခေါင်းရွက်ဗျက်ထိုး ဈေးသည်များ၏ ကျန်းမာရေးနှင့် ရှင်သန်ရပ်တည်နိုင်ရေးတို့ကို ကူညီပေးနိုင်ရန် ဒို့အိမ်နှင့် MultiVerse Advertising တို့ ဦးဆောင်သော I DO NATION လှုပ်ရှားမှုကိုလည်း ထောက်ပံ့ကူညီပေးလျက် ရှိသည်။ ရန်ကုန်မြို့တွင် ရှင်သန်ရပ်တည်ရေး အတွက် နေ့စဉ် လမ်းမများပေါ်တွင် ဈေးရောင်းနေကြရသည့် ခေါင်းရွက်ဗျက်ထိုး ဈေးသည်ပေါင်း (၇၀,၀၀၀) ကျော်ရှိပြီး ၎င်းတို့ကို မှီခိုအားထားနေရသည့် မိသားစုဝင်ပေါင်း (၃၀၀,၀၀၀) ကျော် ရှိသည်။
ယနေ့အထိ I DO NATION အစီအစဉ်မှတစ်ဆင့် ရန်ကုန်မြို့နယ် (၆) မြို့နယ်မှ ခေါင်းရွက်ဗျက်ထိုးဈေးသည်ပေါင်း (၁,၂၀၀) အတွက် ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ပြီး ဈေးသည် (၅,၀၀၀) ကျော်အတွက် PPE နှင့် လက်သန့်စင်ရေး ပစ္စည်းများ ဝေမျှပေးခဲ့ပြီး ဖြစ်ပါသည်။ ကိုဗစ်-၁၉ ကာလအတွင်း အသွားအလာကန့်သတ်မှုများကြောင့် ဈေးမရောင်းနိုင်ဘဲ ဝင်ငွေဆုံးရှုံးနေရသည့် ခေါင်းရွက်ဗျက်ထိုး ဈေးသည်များအတွက် တိုက်ရိုက် ငွေသားလှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။ ၎င်းတို့ လှည့်လည်ရောင်းချနေသော လူထူထပ်သည့်နေရာများတွင် လက်ဆေးရန် လိုအပ်သည့်ပစ္စည်းများ ပြင်ဆင်ထားရှိပေးခဲ့သည်။ အဆိုပါ နေရာများတွင် နှာခေါင်းစည်း၊ လက်အိတ်၊ လက်သန့်ဆေးရည်ဗူးများနှင့် ကိုဗစ်-၁၉ အကြောင်း အသိပညာပေး လက်ကမ်းစာစောင်များကို မျှဝေပေးခဲ့သည်။
Prudential Myanmar ၏ လှုပ်ရှားမှုများနှင့် ကိုဗစ်-၁၉ ဆိုင်ရာ အသိပေးကြေညာချက်များအတွက် နောက်ဆုံးရ အချက်အလက်များကို ကုမ္ပဏီ၏ Facebook စာမျက်နှာ – https://www.facebook.com/PrudentialMyanmarLifeInsurance တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။