ကမ္ဘာလုံးဆိုင်ရာ အသေးစား စီးပွားရေးလုပ်ငန်းများ အခြေအနေ အစီရင်ခံစာတစ်ရပ်ထုတ်ပြန်

Facebook ၊ ကမ္ဘာ့ဘဏ်၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) တို့၏ လက်ရှိ ပူးပေါင်းလုပ်ကိုင်နေမှုမှတဆင့် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း (၅၀) ကျော်ရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMBs) ၏ COVID-19 ကာလအတွင်း တွေ့ကြုံခဲ့ရသည့် စီးပွားရေးအရ သက်ရောက်မှုများနှင့် ကျန်းမာရေး အကျပ်အတည်း ကာလအတွင်း ဆက်လက်ရပ်တည်နိုင်ရန် လုပ်ကိုင်ဆောင်ရွက်ခဲ့သော ချိန်ဆပြုပြင်မှုများကို ထင်ဟပ်ပြသနိုင်ရန် ရည်ရွယ်၍ “အသေးစား စီးပွားရေးလုပ်ငန်းများ အခြေအနေ” ခေါင်းစဉ်ဖြင့် စစ်တမ်း အစီရင်ခံစာတစ်စောင်ကို ယခု သီတင်းပတ်အတွင်း ထုတ်ပြန်လိုက်ကြောင်းသိရသည်။
အဆိုပါ သုတေသနစစ်တမ်း၏ ရည်ရွယ်ချက်မှာ အသေးစား စီးပွားရေးလုပ်ငန်းများ၏ သဘောထားတင်ပြမှုများကို ပိုမို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာကြစေရန်နှင့် လုပ်ငန်းများ၏ ပြောင်းလဲလာသည့် အခြေအနေအရပ်ရပ်ကို သုံးသပ်လေ့လာ အကဲဖြတ်နိုင်ရန် ဖြစ်သည်။ ထုတ်ပြန်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
အသေးစားစီးပွားရေး လုပ်ငန်းတွေဟာ ကျွန်မတို့ လူမှုအသိုင်းအဝိုင်းအတွက် အချက်အချာကျတဲ့ ကဏ္ဍတစ်ရပ်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေး အသိုက်အဝန်းရဲ့ အညတရ သူရဲကောင်းတွေလည်း ဖြစ်ပါတယ်။ ကော်ဖီဆိုင်၊ စာအုပ်ဆိုင်နဲ့ စားသောက်ဆိုင်တွေကနေစပြီး ရေပိုက်ပြင်သူ၊ မင်္ဂလာဆောင် စီစဉ်သူနဲ့ ဂရပ်ဖစ်ဒီဇိုင်း ရေးဆွဲသူတွေအထိ နိုင်ငံတိုင်းမှာ အသေးစား စီးပွားရေးလုပ်ငန်းတွေဟာ အလုပ်အကိုင်နဲ့ တိုးတက်ပြောင်းလဲမှုတွေ ရှိလာအောင် ဖန်တီးပေးပြီး ဆင်းရဲချို့တဲ့မှုနဲ့ လုပ်ခလစာ မညီမျှမှုကို လျှော့ချနိုင်အောင် ပံ့ပိုးပေးနေပါတယ်။ ဒါပေမဲ့ သူတို့တွေ မကြုံစဖူး ကြီးမားတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေကြရပါပြီ။ COVID-19 ကပ်ရောဂါဟာ လူထုကျန်းမာရေးအတွက် အရေးပေါ် အခြေအနေ တစ်ခုတင်မက အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို အကျပ်အတည်းဖြစ်အောင် အပြင်းအထန် ရိုက်ခတ်လာနေတဲ့ စီးပွားရေး ကပ်ဘေးကြီးတစ်ခုလည်း ဖြစ်ပါတယ်။

Photo Source https://dataforgood.fb.com/global-state-of-smb/

ဒီနေ့မှာတော့ ကမ္ဘာတစ်ဝန်းက အသေးစားစီးပွားရေး လုပ်ငန်းတွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေ ဘယ်လောက်ကြီးမားလဲဆိုတာ အရှိအတိုင်း တင်ပြလိုက်ပါပြီ။ Facebook ကနေ OECD ၊ ကမ္ဘာ့ဘဏ်တို့နဲ့ ပူးပေါင်းပြီး ကမ္ဘာလုံးဆိုင်ရာ အသေးစား စီးပွားရေးလုပ်ငန်းများ အခြေအနေ အစီရင်ခံစာကို ထုတ်ပြန်လိုက်ပါတယ်။ ဗိုင်းရပ်စ်ကြောင့် ရိုက်ခတ်မှုတွေ မဖြစ်ခင်ကတည်းက တောက်လျှောက် ဆောင်ရွက်လာခဲ့တဲ့ အစီရင်ခံစာတွေရဲ့ ပထမပိုင်းဖြစ်ပြီး အရင်ကတော့ ဒီကနဦး အစီရင်ခံစာဟာ အခုထက်ပိုပြီး စိတ်ကျေနပ်စရာကောင်းတဲ့ ရုပ်ပုံတစ်ခုကို ပုံဖော်ပြနိုင်လိမ့်မယ်လို့ ထင်ခဲ့တာပါ။ အဲဒီ့အစား နိုင်ငံပေါင်း (၅၀) ကျော်မှာရှိတဲ့ အသေးစား စီးပွားရေးလုပ်ငန်း ဦးဆောင်သူ (၃၀,၀၀၀) ကျော်ကို စစ်တမ်းကောက်ယူရာမှာ တွေ့ရှိချက်တွေကတော့ ဝမ်းနည်းစရာပါပဲ။
ဖြေဆိုသူတွေထဲက တစ်ဝက်နီးပါးက ဒီနှစ် ဇန်နဝါရီလကနေ မေလအတွင်း သူတို့လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တချို့နိုင်ငံတွေမှာတော့ ဒီလိုဖြေတဲ့ အရေအတွက်က တစ်ဝက်ကျော် အထိ မြင့်တက်နေတာ တွေ့ရပါတယ်။ လက်ရှိ လုပ်ငန်းလည်ပတ်နေသူတွေရဲ့ သုံးပုံတစ်ပုံကတော့ ဝန်ထမ်းအင်အား လျှော့ချခဲ့ရတယ်လို့ တင်ပြထားပါတယ်။ ဒါဟာ အလုပ်အကိုင်ရှားပါးမှု အကျပ်အတည်းကို ကာလအတော်ကြာ
ခံစားရနိုင်တယ်ဆိုတဲ့ စိုးရိမ်စရာ အရိပ်အယောင်တစ်ခုပါ။ ပြီးတော့ အရင်နှစ် ဒီလိုအချိန်နဲ့ နှိုင်းယှဉ်ရင် ရောင်းအားကျသွားတယ်လို့ လုပ်ငန်းလည်ပတ်နေတဲ့ ဖြေဆိုသူတွေရဲ့ သုံးပုံ နှစ်ပုံက ပြောပါတယ်။ တခြားကိစ္စတွေမှာလည်း ဒီအတိုင်း သိသိသာသာ လျှော့ကျသွားတာပါပဲ။
စစ်တမ်းအရ ဟိုတယ်နဲ့ခရီးသွားလာရေးကဏ္ဍဟာ ကိုဗစ်ဆိုင်ရာ ကန့်သတ်တားမြစ်ချက်တွေနဲ့ ခရီးသွား ပြည်သူတွေရဲ့ အသုံးစရိတ် လျှော့ချမှုကြောင့် သက်ရောက်မှု အပြင်းထန်ဆုံးဖြစ်တယ်လို့ တွေ့ရှိရပါတယ်။ ဒီလုပ်ငန်းနယ်ပယ်ထဲက စီးပွားရေးလုပ်ငန်း ထက်ဝက်ခန့်ဟာ လုပ်ငန်းပိတ်သိမ်းခဲ့ရတယ်လို့ တင်ပြခဲ့ကြပါတယ်။ ပိုင်ရှင်တစ်ဦးတည်းနဲ့ပဲ လုပ်ငန်းလည်ပတ်တဲ့ အသေးဆုံး စီးပွားရေးလုပ်ငန်းတွေဟာ အခြား လုပ်ငန်းတွေထက် ပိတ်သိမ်းမှုနှုန်း ပိုပြီး များပြားခဲ့ပါတယ်။

Photo Source https://dataforgood.fb.com/global-state-of-smb/

ဒါ့အပြင် ကျား၊ မ အခြေအနေ ကွာခြားမှုတစ်ရပ်ကိုလည်း ဖော်ပြထားပါတယ်။ အမျိုးသမီး ဦးဆောင်တဲ့ စီးပွားရေးလုပ်ငန်းတွေဟာ အမျိုးသားဦးဆောင်တဲ့ လုပ်ငန်းတွေထက် (၇% ပိုပြီး) ပိတ်သိမ်းခဲ့တာ တွေ့ရပါတယ်။ ပိတ်သိမ်းခဲ့ရသူတွေဟာ စီးပွားရေးလုပ်ငန်းအပေါ် ထားရှိတဲ့ ကန့်သတ်တားမြစ်ချက်တွေရဲ့ သက်ရောက်မှုအရှိဆုံး နယ်ပယ်တွေမှာ လုပ်ကိုင်နေသူတွေ ဖြစ်ပုံရပါတယ်။ အကြောင်းက အမျိုးသမီးဦးဆောင်တဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ကန့်သတ်တားမြစ်ချက်တွေ ပိုပြီး တင်းကျပ်လေလေ အမျိုးသားတွေ ဦးဆောင်နေတဲ့ လုပ်ငန်းတွေထက် ပိုပြီး ပိတ်သိမ်းနိုင်ခြေများလေလေ ဖြစ်နေတာပါ။
Facebook ဆိုတာ အသေးစား စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ လုပ်ငန်းထဲမှာ ပါပါတယ်။ စီးပွားရေး လုပ်ငန်းပေါင်း သန်း (၁၆၀) ကျော်ဟာ customer တွေဆီကို ထိတွေ့ရောက်ရှိဖို့၊ ဈေးရောင်းဖို့နဲ့ လုပ်ငန်းတိုးချဲ့ဖို့ Facebook ၊ Instagram ၊ Messenger နဲ့ WhatsApp တွေကို လစဉ် အသုံးပြုနေကြပါတယ်။ သူတို့တွေဟာ Facebook လူမှုအသိုင်းအဝိုင်းရဲ့ အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်တဲ့အတွက် ကပ်ရောဂါ အစပျိုးခါစ နေ့တွေကတည်းက Facebook အနေနဲ့ ကျရောက်လာနိုင်မယ့် အခက်အခဲတွေကို အသိပေးကြေညာပြီး အကူအညီပေးနိုင်အောင် စတင်ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ မကြာသေးခင်က အွန်လိုင်းပေါ်မှာ ပစ္စည်းတွေ အလွယ်တကူ ရောင်းချနိုင်အောင် Facebook Shops လုပ်ဆောင်ချက်နဲ့ မိတ်ဆက်ပေးခဲ့ပြီး သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ သင်တန်း၊ အကြံဉာဏ်နဲ့ သတင်းအချက်အလက်တွေကို ကျန်းမာရေး စောင့်ရှောက်မှု ကျွမ်းကျင်သူတွေ အပါအဝင် ပညာရှင်တွေဆီက အကူအညီ ရရှိနိုင်အောင် Business Resource Hub [https://www.facebook.com/business/resource] ကို ဖန်တီးပေးခဲ့ပါတယ်။
စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တွေဆိုတာ ဒဏ်ခံနိုင်တဲ့သူတွေ ဖြစ်ပါတယ်။ စစ်တမ်းမှာလည်း အများစုဟာ အနာဂတ်စီးပွားရေးနဲ့ပတ်သက်ပြီး အကောင်းမြင်စိတ်ရှိတယ်ဆိုတာ ပြသခဲ့ကြပါတယ်။ လက်ရှိ စစ်တမ်းကောက်ယူချိန်မှာ လုပ်ငန်းရပ်ဆိုင်းထားရတဲ့သူတွေထဲက လေးပုံ သုံးပုံနီးပါးဟာ ကန့်သတ်တားမြစ်ချက်တွေ ဖြေလျှော့တဲ့အချိန်မှာ ပြန်ပြီး လုပ်ငန်းလည်ပတ်သွားမယ်လို့ မျှော်လင့်ထားကြပါတယ်။ ဘယ်လို ပြန်ပြီးကုစားနိုင်မယ်ဆိုတာ မသေချာပေမယ့် ပုံမှန် ပြန်လည်ပတ်နိုင်ဖို့ အသေးစား စီးပွားရေးလုပ်ငန်း အများစုဟာ အစိုးရ ဒါမှမဟုတ် အခြား အဖွဲ့အစည်းတွေဆီက အကူအညီ အထောက်အပံ့တွေ လိုအပ်နိုင်ပါတယ်။ Facebook အနေနဲ့ ဒီစစ်တမ်းကနေ ဘယ်လိုနယ်ပယ်ကဏ္ဍတွေကို အကူအညီပေးရမလဲဆိုတာ အကဲဖြတ်နိုင်ပြီး အကောင်းဆုံးသော တိုးတက်ပြောင်းလဲမှုတွေ ဖန်တီးနိုင်ဖို့ မျှော်လင့်ပါတယ်။ အခုကာလကတော့ ကမ္ဘာတစ်ဝန်းလုံးက စီးပွားရေး လုပ်ငန်းတွေအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ကာလဆိုပေမဲ့ Facebook အနေနဲ့ ဒါတွေကို ကျော်လွှားနိုင်ဖို့ အစွမ်းကုန် ပံ့ပိုးပေးသွားမယ်လို့ သံန္နိဌာန်ချထားပါတယ်။
https://dataforgood.fb.com/global-state-of-smb/ တွင် အစီရင်ခံစာ အပြည့်အစုံကို ဒေါင်းလုဒ်ရယူနိုင်ပါသည်။