Galaxy Buds2 Pro, Buds2 နဲ့ Buds FE တွေဆီရောက်ရှိလာတဲ့ Samsung ရဲ့ Galaxy AI Feature

Samsung အနေနဲ့ Galaxy S24 Series နဲ့အတူ Galaxy AI Feature တွေကို အရင်လကမိတ်ဆက်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ တချို့သော Galaxy AI Feature တွေကို TWS earphone တွေမှာပါ အသုံးပြုနိုင်တော့မယ်လို့ ထပ်ပြီး ကြေငြာပေးခဲ့ပါတယ်။

Live Translation နဲ့ Interpretation စနစ်တွေပါဝင်တဲ့ Galaxy S24 Series ကနေ Galaxy Buds2 Pro အထိ Device တွေကို Samsung အနေနဲ့ အိန္ဒိယမှာ စတင်ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။ Galaxy AI Feature တွေထဲကနှစ်ခုကို Galaxy Buds တွေမှာ သုံးစွဲနိုင်မှာ ဖြစ်ပြီး ဒီလိုသုံးစွဲမှုအတွက်လည်း အင်တာနက်ချိတ်ဆက်ထားဖို့ မလိုဘူးလို့ Samsung ကုမ္ပဏီဘက်ကပြောကြားခဲ့ပါသေးတယ်။

Live Translation စနစ်မှာ အသုံးပြုသူတွေအနေနဲ့ Galaxy Buds အသုံးပြုပြီး စကားပြောနေချိန်မှာပဲ အချိန်နဲ့တပြေးညီဘာသာပြန်ပေးမယ့် စာကြောင်းတွေက Galaxy S24 မှာ မြင်ရမှာ ဖြစ်သလို Interpretation လုပ်ဆောင်ချက်ကလည်း မျက်နှာချင်းဆိုင်စကားပြောနေတဲ့အချိန်မျိုးမှာ Galaxy Buds က ဘာသာပြန်ပေးနိုင်မယ်လို့ သိရပါတယ်။

Samsung ကထုတ်ပြန်ခဲ့တဲ့ Press Release မှာ “အသုံးပြုသူတွေအနေနဲ့ Buds Mic ကနေတိုက်ရိုက်စကားပြောနိုင်မှာ ဖြစ်သလို ဘာသာပြန်လိုက်တဲ့စကားလုံးတွေကလည်း Galaxy S24 Series မှာ ပုံမှန်အသံနီးပါးမျိုးနဲ့ ဘာသာပြန်ပေးသွားမှာ ဖြစ်ပါတယ်။ စကားပြောနေတဲ့လူနှစ်ယောက်ဟာလည်း Galaxy S24 Series Smartphone နဲ့ Galaxy Buds တွေကို ကိုင်ဆောင်အသုံးပြုထားမယ်ဆိုရင်တော့ စကားပြောတာကို ဘာသာပြန်ဖို့ ဖုန်းကို ပြန်လွှဲပေးနေရတာမျိုး လိုအပ်တော့မှာ မဟုတ်ပါဘူး။

အခုလို Galaxy AI လုပ်ဆောင်ချက်တွေပါဝင်တဲ့ Galaxy Buds တွေကို အိန္ဒိယနိုင်ငံမှာ စတင်ဝယ်ယူနိုင်ပြီ ဖြစ်ပြီး တခြားစမတ်ဖုန်းဈေးကွက်တွေမှာလည်း မကြာခင်ဝယ်ယူရရှိနိုင်တော့မယ်လို့ သိရပါတယ်။