Google ရဲ့ “Circle to Search” လုပ်ဆောင်ချက်ကို Pixel 8, Pixel 8 Pro နဲ့ Samsung Galaxy S24 Series တွေမှာ အသုံးပြုနိုင်ပြီ

Samsung Galaxy S24 Series မှာ စတင်မိတ်ဆက်ခဲ့တဲ့ Galaxy Unpacked Event မှာ Google ရဲ့ “Circle to Search” လုပ်ဆောင်ချက်ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် Google ရဲ့အခုကြေငြာချက်မှာတော့ “Circle to Search” လုပ်ဆောင်ချက်ကို Samsung Galaxy S24 Series တွေမှာတင်မကဘဲ Google ရဲ့ Pixel 8 နဲ့ Pixel 8 Pro ဖုန်းတွေမှာပါ ကမ္ဘာတစ်ဝှမ်းတရားဝင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

Image from Google

ဒီလုပ်ဆောင်ချက်ကို အသုံးပြုပြီး User တွေအနေနဲ့ ဖုန်းကတစ်ဆင့် ကိုယ်ရှာဖွေချင်တဲ့အကြောင်းအရာကို Circling, highlighting, scribbling, tapping လုပ်ပြီး အလွယ်တစ်ကူရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ Social Media App တွေကတစ်ဆင့် Video ကြည့်ကြည့်၊ ဓာတ်ပုံပဲကြည့်ကြည့် ကိုယ်ရှာချင်တဲ့အကြောင်းအရာကို စက်ဝိုင်းလေး ဝိုင်းပေးပြီး ရှာနိုင်တာက အသုံးပြုသူတွေအတက် တကယ်ကို အဆင်ပြေစေတဲ့ အချက်တစ်ချက်ပါပဲ။ စက်ဝိုင်းမှမဟုတ်ပါဘူး Messaging App ထဲမှာဆိုရင်လည်း ကိုယ်ရှာချင်တဲ့အကြောင်းအရာကို ပို့ထားတဲ့ Message မှာ Highlight လုပ်ရင်း အလွယ်တကူရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

Image from Google

စားသောက်ဆိုင်ရှာတာ၊ မုန့်တွေရှာတာ၊ ပစ္စည်းတွေကိုရှာတာတွေအပြင် ကိုယ်သိချင်တဲ့ စကားလုံးတွေ စကားစုတွေကိုလည်း လက်ရှိအသုံးပြုနေတဲ့ Application ကမထွက်ဘဲ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ အရင်ကလို သုံးနေရင်းတန်းလန်း Home Button ကိုနှိပ်ပြီး နောက်ထပ် App တစ်ခုထဲဝင်တာ ဒါမှမဟုတ် Navigation Bar တွေထိသွားပြီး ရှာဖွေနေစရာမလိုအပ်တော့ပါဘူး။