Pocket PC တွေ နေဝင်ချိန်ရောက်ပြီလား

      Pocket PC လို့ ခေါ်တဲ့ အိတ်ဆောင်ကွန်ပျူတာငယ်လေးတွေကို ၁၉၇၀ ပြည့်နှစ်ကတည်းက စတီထွင်နေတာလို့ ပြောရင် ခင်ဗျားတို့ ယုံနိုင်ပါ့မလား။ ၁၉၈၂ မှာ Hewlett Packard (HP) က စာကြောင်းတစ်ကြောင်းပဲ ဆန့်တဲ့ ပထမဆုံး Pocket PC ကို စပြီး ထုတ်ခဲ့ပါတယ်။ အဲဒီကောင်လေးရဲ့ အမည်က HP-75 လို့ ခေါ်ပါတယ်။ Calculator လို တစ်ကြောင်းပဲ ဆန့်တဲ့ LCD Screen ကို တပ်ဆင်ထားပြီးတော့ BASIC Operation System နဲ့ မောင်းနှင်ပါတယ်တဲ့။ CPU က 8-bit ပဲရှိပါသတဲ့။ HP-75C နဲ့ HP-75D ရယ်လို့ မော်ဒယ်နှစ်မျိုးနဲ့ ထုတ်လုပ်ခဲ့ပြီး စျေးနှုန်းအနေနဲ့ အမေရိကန်ဒေါ်လာ ၉၉၅ ဒေါ်လာလောက်ကျသင့်ခဲ့တာကို တွေ့ရပါတယ်။

Image Source: https://commons.wikimedia.org

ပုံ (၁) – HP-75D

၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှာ ထွက်လာတဲ့  HP 95LX, HP 100LX နဲ့ HP 200LX လို Pocket PC နဲ့ PDAs (Personal Digital Assisstant) တွေမှာတော့ Specifications တွေ မြင့်လာပါပြီ။ Microsoft ရဲ့ MS-DOS 5.0 လို Operation System တွေသုံးလာတာကို တွေ့ကြရပါတယ်။

Image Source: http://review.kakaku.com

ပုံ(၂) – HP 200LX

ဒီလိုနဲ့ Pocket PC နဲ့ PDAs တွေရဲ့ စွမ်းဆောင်ရည်တွေ မြင့်မားလာတာနဲ့အမျှ Pocket PC တွေဟာ Laptop တွေနေရာမှာ အစားထိုးနိုင်မလားလို့တောင် မေးခွန်းထုတ်လာခဲ့ကြပါတယ်။ နောက်ပိုင်းပေါ်လာတဲ့ Pocket PC နဲ့ PDA အများစုက Microsoft ရဲ့ Windows Mobile OS ကို အများဆုံး အသုံးပြုလာကြပြီး ရုပ်ရှင် ဇာတ်ဝင်ခန်းအချို့မှာပါ မင်းသမီး၊ မင်းသားတွေရဲ့ အသုံးအဆောင်တစ်ရပ်အနေနဲ့ အသုံးပြုလာကြတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း ခန့်မှန်း ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ Pocket PC တွေ စတင်ဝင်ရောက်လာပြီး ၂၀၀၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ လေးဖြူရဲ့ “ခဏလေးများ” သီချင်းခွေထဲက “မင်းမှမင်း” သီချင်းမှာ သရုပ်ဆောင် ခိုင်ဆုမြင့်မွန် ကိုင်ထားတဲ့ HP iPAQ H2210 Pocket PC ကို မြင်တွေ့ခဲ့ရမှာပါ။ ၂၀၀၅-၂၀၀၆ ဝန်းကျင်မှာတော့ Alpha ကွန်ပျူတာက ကိုရဲမြတ်သူက အိတ်ဆောင်ကွန်ပျူတာတွေအတွက် တိပိဋက Application တွေ ရေးသားဖြန့်ဝေခဲ့ပါတယ်။

Image Source: http://www.krotovina.narod.ru

ပုံ(၃) – HP iPAQ H2210 Pocket PC

ဒါပေမယ့် ၂၀၀၇ ခုနှစ်ကစပြီး Smartphone တွေရဲ့ တိုးတက်ပြောင်းလဲလာမှုက အရှိန်အဟုန် မြင့်စ ပြုလာပါပြီ။ ၂၀၀၇ ခုနှစ်မှာ Apple က သူ့ရဲ့ ပထမဆုံး iPhone ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီ iPhone ဟာ ကမ္ဘာမှာ ပထမဆုံး Multi-touch Screen နဲ့ စမတ်ဖုန်း ဖြစ်လာခဲ့တော့တာပါပဲ။ အဲဒီအချိန်က မြန်ဆန်စွာ စာရိုက်နိုင်တဲ့အတွက် နာမည်ကြီးခဲ့တဲ့ ပထမဆုံး စမတ်ဖုန်းလည်း ဖြစ်လာခဲ့ပါတယ်။
၂၀၀၈ မှာတော့ ပထမဆုံး Android စနစ်သုံး စမတ်ဖုန်းထွက်လာပါပြီ။ HTC Dream လို့ ခေါ်တဲ့ အဲဒီ စမတ်ဖုန်းကတော့ Physical Keyboard နဲ့ ထွက်လာခဲ့တာပါ။

Image Source: https://baomoi.com

ပုံ(၄) – HTC Dream

၂၀၁၀ နောက်ပိုင်းမှာတော့ Google ဟာ Android ကို အဆင့်မြှင့်တင်ခဲ့ပါတယ်။ Touch စနစ်သုံး စမတ်ဖုန်း အမျိုးအစားပေါင်းများစွာပေါ်ထွက်လာခဲ့ပြီး Open Source ဖြစ်တဲ့ Android ရဲ့ တိုးတက်မှုဟာလည်း တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပါတယ်။ စမတ်ဖုန်းတစ်လုံးချင်းစီရဲ့ လုပ်ဆောင်နိုင်စွမ်းဟာလည်း မြင့်မားလာပြီး Multi-purpose အနေနဲ့ ကဏ္ဍအသီးသီးမှာ တွင်ကျယ်လာခဲ့ပါတယ်။
နည်းပညာလောကမှာ    Pocket PC တွေဟာ အသုံးပြုသူတွေကြားထဲကို စမတ်ဖုန်းတွေထက် ပိုမိုဆောလျင်စွာ ရောက်ရှိခဲ့ပေ မယ့် ခေတ်စနစ်ရဲ့ လျင်မြန်တဲ့ နည်းပညာစီးကြောင်းကြားမှာ စမတ်ဖုန်းတွေကို မယှဉ်နိုင်ခဲ့ပါဘူး။ ကမ္ဘာ့အကြီးမားဆုံး Pocket PC ကုမ္ပဏီကြီး ဖြစ်တဲ့ Hewlett Packard (HP) အနေနဲ့ Microsoft ရဲ့ Windows Mobile OS ကို သုံးပြီး ထုတ်ခဲ့တဲ့ Pocket PC နဲ့ PDA တွေကို ဆက်လက် ထုတ်နိုင်ပါဦးမလားလို့ မေးခွန်းထုတ်လာကြပါပြီ.။
Computer Operation System တွေထဲမှာ လူသုံးအများဆုံးနဲ့ အအောင်မြင်ဆုံးဖြစ်တဲ့ Windows OS ကို ထုတ်လုပ်ခဲ့တဲ့ Microsoft ကတော့ Mobile လောကမှာ အလဲလဲအကွဲကွဲပါပဲ။ Pocket PC နဲ့ PDA အပြင် Windows စနစ်သုံး Smart Phone တွေမှာတောင် Windows Phones တွေရဲ့ ရာခိုင်နှုန်းက အနည်းဆုံးဖြစ်နေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Image Source: http://thegear.co.kr/14870

ပုံ(၅) Operating System တွေရဲ့ စျေးကွက်ခွဲဝေမှု

အနာဂတ်မှာ Pocket PC တွေနဲ့ PDA တွေရဲ့ အခန်းကဏ္ဍက ကျဉ်းမြောင်းလာပါတယ်။ သုံးစွဲသူတွေအနေနဲ့ စမတ်ဖုန်းတစ်လုံးတည်းကနေ သီချင်းနားထောင်တာ၊ ဓာတ်ပုံရိုက်တာ၊ အီးမေးလ်ပို့တာ၊ အင်တာနက်အသုံးပြုတာ၊ စျေးဝယ်တာ စတဲ့ လုပ်ငန်းပေါင်းစုံကို လုပ်ဆောင်နေရတာကို ပိုပြီး သဘောကျ နှစ်ခြိုက်လာနေကြပါပြီ။
အသုံးပြုသူတွေကတော့ ဘက်စုံသုံးစမတ်ဖုန်းတွေကို Pocket PC တွေ နေရာမှာ အစားထိုးပြီး အသုံးပြုလာကြပါပြီ။ Pocket PC တွေ ဆက်လက်ရပ်တည်နိုင်ဖို့က ရွေးချယ်စရာများများစားစား မရှိပါဘူး။ ကျရှုံးနေတဲ့ Windows mobile OS တွေအစား နောင်အနာဂတ်မှာ Open Source ဖြစ်တဲ့ Andriod OS ကိုရွေးချယ်မှာလားဆိုတဲ့ မေးခွန်းကိုရဲရဲ ဖြေဖို့ ပဲ ကျန်ပါတော့တယ်။
Microsoft ရဲ့ CEO ဖြစ်တဲ့ Steve Ballmer ကတော့ အခုလိုပြောပါတယ်။
“iPhone က စမတ်ဖုန်းနဲ့ ကမ္ဘာကြီးကို ပြောင်းလဲ ပစ်ခဲ့တယ်။ Android ကတော့ အဲဒီပြောင်းလဲမှုကို တကယ့် Pocket PC စစ်စစ် တွေအဖြစ် ထုထည်ကြီးမားအောင် လုပ်ပစ်ခဲ့တာ ”။

Ref:     Wiki – Smartphones, Pocket PC

မိုးအိပ်မက်