ဘက်စုံအသုံးပြုနိုင်သည့် အက်ပလီကေးရှင်းတစ်ခုဖြစ်လာရန် Viber တွင်လုပ်ဆောင်ချက်အသစ်များ ထည့်သွင်းသွားမည်

ဆက်သွယ်ပြောဆိုရေး အက်ပလီကေးရှင်း Rakuten Viber အား ပိုမိုပြီးပြည့်စုံမှုရှိသော ဘက်စုံသုံး အက်ပလီကေးရှင်းတစ်ခု ဖြစ်လာစေရန် လုပ်ဆောင်ချက် အသစ်များနှင့်အတူ အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားမည်ဟု လက်ရှိ Rakuten Viber ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Ofir Eyal မှ ပြောကြားခဲ့သည်။

ပုံမှန် စာတိုပေးပို့ခြင်းနှင့် ဖုန်းခေါ်ဆိုခြင်း ဝန်ဆောင်မှုပိုင်းဆိုင်ရာများတွင်သာမက အထူးသဖြင့် Fintech (နည်းပညာအခြေပြု ဘဏ္ဍာရေး ဝန်ဆောင်မှု) ကဏ္ဍပိုင်းဆိုင်ရာ လုပ်ဆောင်ချက် အသစ်များကိုလည်း Viber အက်ပလီကေးရှင်းတွင် ရရှိအသုံးပြု နိုင်စေရန် ရည်ရွယ်လုပ်ဆောင်သွားမည် ဖြစ်သည်။

Viber အနေနှင့် အက်ပလီကေးရှင်းမှတဆင့် ငွေပေးချေခြင်း ဝန်ဆောင်မှုအား ကမ္ဘာတစ်ဝန်းတွင် မိတ်ဆက်သွားရန် ဆောင်ရွက်လျက်ရှိပြီး အသုံးပြုသူများ အနေနှင့် Viber ပလက်ဖောင်းအား ၎င်းတို့၏ ကိုယ်ပိုင် ဒစ်ဂျစ်တယ် ပိုက်ဆံအိတ် တစ်ခု အဖြစ် အသုံးပြုသွားနိုင်မည် ဖြစ်သည်။ ငွေလွှဲပြောင်းမှုအပြင် ငွေပေးချေမှုများပါ ပြုလုပ်နိုင်မည့် အဆိုပါ ဒစ်ဂျစ်တယ် ပိုက်ဆံအိတ်များ အား ဘဏ်အကောင့်များ အပြင် Visa နှင့် Mastercard များဖြင့်လည်း ချိတ်ဆက်ထားနိုင်မည် ဖြစ်ပြီး အခြားသူများထံ ငွေလွှဲခြင်း၊ ထုတ်ကုန်များ ဝယ်ယူခြင်းနှင့် ဘေလ်ပေးဆောင်ခြင်းများ အား အလွယ်တကူ လုံခြုံစိတ်ချမှု အပြည့်ဖြင့် လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။ ဤဝန်ဆောင်မှု၏ ကနဦး ခြေလှမ်းအဖြစ် တစ်ဦးမှတစ်ဦးသို့ ငွေလွှဲနိုင်မည့် ဝန်ဆောင်မှုအား အခမဲ့ စတင်ပေးအပ်သွားရန် စီစဉ်ထားပြီး ယခုလက်ရှိတွင် ဂျာမနီနှင့် ဂရိနိုင်ငံများ၌ အသုံးပြုနိုင်ပြီ ဖြစ်သည်။ အစောပိုင်းကာလများ၌ Viber အနေနှင့် အဆိုပါ ဈေးကွက် ၂ ခုမှ အသုံးပြုသူများ၏ အကြုံပြုချက်များ အပေါ်မူတည်၍ အဆိုပါဝန်ဆောင်မှုအား ဆက်လက် အဆင့်မြှင့်တင်သွားမည် ဖြစ်ကာ ထိုနောက်တွင်မှ အခြားသော ကမ္ဘာတစ်ဝန်းမှ ဈေးကွက်များတွင် မိတ်ဆက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ 

ဓာတ်ပုံ – Rakuten Viber ၏ အမှုဆောင်အရာရှိချုပ် Mr.Ofir Eyal

“စိန်ခေါ်မှုတွေ ရှိနေတဲ့ကြားကနေ ကုမ္ပဏီရဲ့ ရည်မှန်းချက်၊ ရည်ရွယ်ချက် တွေကို ရရှိပိုင်ဆိုင်နိုင်အောင် တစ်စိုက် မတ်မတ် ကြိုးစားလုပ်ဆောင်ပေးကြတဲ့ Team တစ်ခုလုံးကို ဦးဆောင်ခွင့်ရရှိတဲ့ အတွက် Rakuten Viber ရဲ့ CEO တစ်ယောက်အနေနဲ့ တစ်ကယ့်ကို ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ဒါ့အပြင် ပိုမိုကောင်းမွန်တဲ့ အသုံးပြုမှု အတွေ့အကြုံသစ်တွေနဲ့အတူ ဘက်စုံအသုံးပြုနိုင်တဲ့ အက်ပလီကေးရှင်းတစ်ခု အဖြစ်တည်ဆောက်တဲ့ အခါမှာလည်း Viber ရဲ့ မြင့်မားတဲ့ စံချိန်စံနှုန်းတွေ၊ ဆန်းသစ်တီထွင်မှုတွေကို ဆက်လက်ထိန်းသိမ်းပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ Viber ကို ဒီနေ့လိုမျိုး အခြေအနေ ရောက်လာစေဖို့အတွက် ကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ အဖွဲ့သားတွေ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိကြောင်း ပြောကြားပါရစေ” ဟု Mr. Eyal မှ ပြောကြားသွားခဲ့ပါသည်။

ပြီးခဲ့သည့်လအနည်းငယ်အတွင်း Viber သည် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ချိတ်ဆက်ပြောဆိုနိုင်သည့် လုပ်ဆောင်ချက် များအပြင် အသုံးပြုမှုပိုင်းဆိုင်ရာ အတွေ့အကြုံများ ပိုမိုကောင်းမွန်လာစေရန် အတွက် စီးပွားရေးနှင့် ဖျော်ဖြေရေးပိုင်း ဆိုင်ရာ လုပ်ဆောင်ချက်များကိုလည်း အက်ပလီကေးရှင်း အတွင်း ထပ်မံထည့်သွင်းပေးခဲ့သည်။

APAC (အာရှပစိဖိတ်ဒေသ) သည် Viber အသုံးပြုမှု အမြင့်မားဆုံးသော ဒေသများအနက် တစ်ခု အပါအဝင်ဖြစ်ပြီး နှစ်စဉ် အသုံးပြုသူပေါင်း ၂၀% ကျော် မြင့်တက်လျက်ရှိသည့်အတွက် ဤဒေသတွင်း ဈေးကွက်များနှင့် ကိုက်ညီမှု အရှိဆုံးသော ပူးပေါင်းဆောင်ရွက်မှု များနှင့် ပရောဂျက်များကိုလည်း Viber မှ အထူးအလေးထား ဆောင်ရွက်လျက် ရှိသည်။ သို့ဖြစ်၍ Viber အနေနှင့် အာရှ ပစိဖိတ်ဒေသများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ပြုလုပ်သွားမည့်အပြင် နိုင်ငံတစ်နိုင်ငံချင်းစီ အလိုက် အသုံးပြုသူ ပမာဏ ပိုမိုများပြားလာစေရန်အတွက် အကျိုးကျေးဇူး အရှိဆုံးနှင့် သင့်တော်မှု အရှိဆုံး ပူးပေါင်းဆောင်ရွက်မှုများ၊ နည်းဗျူဟာများ နှင့် ဝန်ဆောင်မှုများကိုလည်း ဆက်လက်လုပ်ဆောင် သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း Rakuten Viber သည် အသုံးပြုသူများ၏ စီးပွားရေးလုပ်ငန်းများ စီမံခန့်ခွဲခြင်းနှင့် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ဆက်သွယ်ပြောဆိုခြင်းတို့အား ထိထိရောက်ရောက်နှင့် လုံခြုံစိတ်ချမှု အပြည့်ဖြင့် ဆောင်ရွက် နိုင်သည့် လူသုံးအများဆုံးနှင့် ယုံကြည်စိတ်ချရမှု အရှိဆုံး စာတိုပေးပို့ရေး အက်ပလီကေးရှင်းတစ်ခု အဖြစ် ရပ်တည် လျက်ရှိသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ Content Creator များနှင့် ကုန်ပစ္စည်းအမှတ်တံဆိပ်များ သည်လည်း Viber အား ၄င်းတို့၏ ဒစ်ဂျစ်တယ်ချန်နယ်တစ်ခုအဖြစ် မြင့်မားစွာ အသုံးပြုလာကြသည်ကိုလည်း တွေ့မြင်ရသည်။

မြန်မာနိုင်ငံသည် Viber ၏ အဓိက အရေးပါသည့် ဈေးကွက်တစ်ခုဖြစ်သည်နှင့်အညီ ၄င်း၏ နောက်ဆုံးပေါ် နည်းပညာများနှင့် စွမ်းဆောင်ရည်များအား မြန်မာပြည်သူပြည်သားများ ပိုမိုအသုံးပြုနိုင်စေရန်အတွက် Viber ၏ ကမ္ဘာလုံးဆိုင်ရာ ကမ်ပိန်းများကိုလည်း မြန်မာဘာသာဖြင့် ဆက်လက်မျှဝေပေးသွားမည်ဖြစ်သည်။