4G ထက်အဆတစ်ရာခန့်ပိုမြန်လာမယ့် 5G

Image Source : https://www.linkedin.com

4G, 5G ဆိုတာကတော့ အားလုံးသိထားကြတဲ့အတိုင်း ကြိုးမဲ့ဆက်သွယ်ရေးကွန်ယက်ကြီးရဲ့ ကွဲပြားတဲ့ လုပ်ဆောင်ချက်အမျိုးမျိုးနဲ့ အမြန်နှုန်းတွေကို အဆင့်ခွဲခြားသတ်မှတ်ပြီး ခေါ်ဆိုကြတဲ့ အမည်တွေပဲဖြစ်ပါတယ်။ အရပ်စကားနဲ့ အလွယ်တကူပြောရရင်တော့ တစ်ခေတ်ထက်တစ်ခေတ် ပိုမိုအဆင့်မြင့်လာတဲ့ ဆက်သွယ်ရေးစနစ်တွေလို့ ဆိုနိုင်ပါတယ်။

အခုလက်ရှိကမ္ဘာကြီးမှာ အများဆုံး အသုံးပြုနေကြတာကတော့ 4Gစနစ်ပါ။ ကမ္ဘာ့နိုင်ငံတိုင်း လိုလိုပါပဲ။ ချွင်းချက်အနေနဲ့ကတော့ ဖွံ့ဖြိုးဆဲနိုင်ငံအချို့မှာဆိုရင် အဓိကမြို့ကြီးတွေလောက်ပဲ 4Gစနစ်အသုံးပြုနိုင်ပြီး နယ်တွေမှာတော့ 3Gလောက်ပဲ သုံးနေရတာမျိုးတွေ ရှိပါတယ်။ မြန်မာနိုင်ငံဆိုရင်လည်း အဲလိုပါပဲ။ 4G စနစ်ကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးစတဲ့မြို့ကြီး(၃)မြို့မှာ လွန်ခဲ့တဲ့လပိုင်းလောက်ကပဲ စတင်အသုံးပြုခွင့်ရခဲ့တာပါ။ ကျန်တဲ့တစ်နိုင်ငံလုံးကတော့ 3G ပါပဲ။

5G ရဲ့ဖြစ်နိုင်ခြေအမြန်နှုန်း

5G စနစ်ရဲ့ အမြန်နှုန်းတွေနဲ့ပက်သတ်ပြီး ခန့်မှန်းမှုတွေ အမျိုးမျိုးရှိနေကြပါတယ်။ Nokia ကုမ္ပဏီကတော့ 5G ရဲ့အမြန်နှုန်းဟာ 4G ထက် အနည်းဆုံးအဆပေါင်း(၄၀)လောက် ပိုမြန်နိုင်မယ်လို့ ဆိုထားပါတယ်။ ရုပ်ထွက်မြင်ကွင်းပိုင်းမှာလည်း 5G မှာ 8Kb အသုံးပြုမှာဖြစ်ပြီး 4G ရဲ့လက်ရှိ 4Kb ထက်(၁၆)ဆလောက်တောင် ကြည်လင်ပြတ်သားစွာ မြင်ရမယ်လို့ဆိုပါတယ်။ Verizon နဲ့ AT&T ဆက်သွယ်ရေးကုမ္ပဏီကြီးတွေကတော့ လိုင်းဆွဲအားအမြန်နှုန်းပိုင်းမှာ 5G ဟာ 4G ထက် အနည်းဆုံး(၁၀)မှ အဆတစ်ရာထိ ပိုမိုမြန်ဆန်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

3G စနစ်တုန်းကတော့ သာမန်ရုပ်ရှင်ဇာတ်ကားတစ်ကား Download ယူမယ်ဆိုရင် နာရီနဲ့ချီပြီး ကြာနိုင်ပါတယ်။ 4G စနစ်မှာတော့ ရုပ်ရှင်တစ်ကားကို မိနစ်အနည်းငယ်နဲ့ Download ယူနိုင်လာပါတယ်။ 4G ဟာအင်တာနက်လိုင်းဆွဲ တစ်စက္ကန့်ကို 42Mb ထိရှိပါတယ်။ 5G စနစ်ဆိုရင်တော့ ရုပ်ရှင်တစ်ကားကို စက္ကန့်အနည်းငယ်နဲ့တင် အပြီး Download ဆွဲနိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ Nokia ကတော့ 5G စနစ်ရဲ့ အင်တာနက်လိုင်းဆွဲအားဟာ တစ်စက္ကန့်အတွင်း 73 Gb အထိ Download ဆွဲနိုင်လိမ့်မယ်လို့ လည်းခန့်မှန်းထားကြပါတယ်။

5G ကိုအမြန်ဆုံး အသုံးပြုနိုင်ဖို့ ကြိုးစားနေကြသူများ

5G စနစ်ကို အမြန်ဆုံးအသုံးပြုနိုင်ဖို့အတွက် ကြိုးစားဆောင်ရွက်နေကြတာကတော့ အမေရိကန်နဲ့ ဥရောပကော်မရှင်အပါအ၀င် တရုပ်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ပဲဖြစ်ပါတယ်။ အားလုံးထဲမှာတော့ အမေရိကန်က လက်ဦးမှုရယူနိုင်ဖို့ အဘက်ဘက်မှ  ကူညီပံ့ပိုးမှုအားနဲ့ ကြိုးစားလုပ်ဆောင်နေပါတယ်။ သမ္မတအိုဗားမားလက်ထက်တုန်းကလည်း 5G စနစ်သုတေသနလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာသန်း(၄၀၀)လောက် ထောက်ပံ့ကူညီပေးခဲ့သလို အမေရိကန်နိုင်ငံရဲ့  ဆက်သွယ်ရေးကော်မရှင်ဥက္ကဌကလည်း မိမိတို့အနေနဲ့ 5G စနစ်ကိုပထမဦးဆုံး နိုင်ငံဖြစ်အောင်ကြိုးစားရမှာဖြစ်သလို ကျယ်ပြန့်ပြီး ထုထည်ကြီးမားတဲ့ လိုင်းအားကြီးကိုပိုင်ဆိုင်ထားနိုင်ဖို့ အရေးကြီးတယ်လို့လည်း သက်ဆိုင်ရာပညာရှင်များအား မှာကြားထားပါတယ်။

Verizon နဲ့ AT&T ဆက်သွယ်ရေးကုမ္ပဏီကြီးတွေကတော့ ယခု ၂၀၁၇ ခုနှစ်အတွင်းမှာ 5G စနစ်နဲ့ပက်သတ်ပြီး စမ်းသတ်အကောင်အထည်ဖော်တဲ့ အဆင့်တစ်ခုအနေနဲ့ သရုပ်ပြတဲ့အဆင့်တစ်ခုကို ရောက်ရှိနိုင်လိမ့်မယ်လို့ ဆိုထားပေမယ့် ၂၀၂၀ ခုနှစ်လောက်မှသာ အောင်မြင်စွာအသုံးပြုနိုင်တဲ့အဆင့်ကို ရောက်ရှိနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ တောင်ကိုရီးယားနဲ့ ဂျပန်တို့ကတော့ လာမယ့် ၂၀၁၈ ခုနှစ်နဲ့ ၂၀၂၀ တွေမှာကျင်းပကြမယ့် ၎င်းတို့ရဲ့အိုလံပစ်ပွဲတော်တွေအမီ အသုံးပြုခွင့်ရနိုင်လိမ့်မယ်လို့ဆိုထားပါတယ်။

အခုလက်ရှိအသုံးပြုနေကြတဲ့ 4G စနစ်ထက် အဆင့်မြင့်တဲ့အမြန်နှုန်းနဲ့ လုပ်ဆောင်ချက်တွေပေးနိုင်မယ့် 5G စနစ်ကြီးကို အမြန်ဆုံးတီထွင်အောင်မြင်ပြီး လူတွေရဲ့အကျိုးစီးပွါးတွေအတွက် ကောင်းတဲ့ဘက်ကနေ အသုံးချနိုင်ကြစေဖို့ ရည်ရွယ်ဖော်ပြပေးလိုက်ပါတယ်။