MasterCard မှ အသစ်မိတ်ဆက်လိုက်တဲ့လက်ဗွေခရက်ဒစ်ကဒ်

Image Source : https://www.mastercard.us/en-us.html

အရင်တုန်းကတော့ခရက်ဒစ်ကဒ်အားလုံးမှာ လုံခြုံရေးအတွက်PIN နံပါတ်တွေနဲ့ လက်မှတ်ကိုသာ အသုံးပြုခဲ့ကြပါတယ်။ အခုတော့ အဲဒီလို PIN နဲ့ လက်မှတ်တို့ကိုမသုံးပဲ လက်ဗွေစနစ်ကို လုံခြုံရေးအတွက်အသုံးပြုထားတဲ့ ခရက်ဒစ်ကဒ်ကို MasterCard မှ ပြီးခဲ့တဲ့အပတ်က မိတ်ဆက်ပေးလိုက်ပါတယ်။ အဲဒီလက်ဗွေခရက်ဒစ်ကဒ်နဲ့သက်ဆိုင်တဲ့ သတင်းအပြည့်အစုံကိုတော့ ဒီ(http://www.theverge.com/2017/4/20/15368666/fingerprint-scanner-credit-card-mastercard ) လင့်ခ်ရဲ့ ရေးသားချက်အတိုင်း အောက်မှာဖော်ပြပေးထားပါတယ်။


သုံးစွဲသူရဲ့ လက်ဗွေကိုအသုံးပြုပြီး မိုဘိုင်းငွေပေးချေစနစ်များနဲ့ ဝယ်ယူမှုမြင့်တက်လာချိန်မှာ fingerprint scanner တစ်ခုပါဝင်တဲ့ ခရက်ဒစ်ကတ်တစ်မျိုးကို MasterCard က မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီကတ်ဟာ သာမန်ကတ်ရဲ့ အရွယ်အစားအတိုင်းပါပဲ။ သုံးစွဲသူတွေအနေနဲ့ PIN ဒါမှမဟုတ် လက်မှတ် ထည့်သွင်းစရာမလိုဘဲ ကတ်ကိုထိတွေ့ရုံနဲ့ ငွေပေးချေမှု ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

တောင်အာဖရိကမှာ စမ်းသပ်နေတဲ့ အဲ့ဒီကတ်အသစ်ကို magnetic stripe-only terminal တွေကလွဲပြီး လက်ရှိ chip-and-PIN reader အားလုံးနဲ့ အသုံးပြုနိုင်တယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ မကြာခင်မှာတော့ ဥရောပနဲ့ အာရှ-ပစိဖိတ်ဒေသမှာ စမ်းသပ်သွားဖို့ စီစဉ်ထားပြီး အမေရိကန်မှာတော့ ၂၀၁၈ ခုနှစ် အစောပိုင်းမှာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

ကုမ္ပဏီရဲ့သတင်းထုတ်ပြန်ချက်မှာတော့ ဒီကတ်ကိုသုံးစွဲရာမှာ ပိုမိုအဆင်ပြေချောမွေ့စေပြီး ပိုမိုလုံခြုံမှုရှိစေမှာ ဖြစ်တယ်လို့ MasterCard ရဲ့ လုံခြံုရေးဆိုင်ရာအကြီးအကဲ Ajay Bhalla က ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ လက်ဗွေဟာ ပုံတူမပွားနိုင်တဲ့ အရာဖြစ်တယ်ဆိုတဲ့ Bhalla ရဲ့ပြောကြားချက်က မှားယွင်းတယ်လို့ ဆိုရပါမယ်။ Fingerprint scanner တွေကို ဖုန်းတွေမှာ မိတ်ဆက်ခဲ့ချိန်က တစ်စုံတစ်ယောက်ရဲ့ လက်ဗွေကို ခိုးယူတုပရာမှာ အလွယ်တကူနဲ့ ပြုလုပ်နိုင်ခဲ့တာကို တွေ့ရပါတယ်။ လိမ်လည်သူများအနေနဲ့ dental mold တစ်ခုကို သုံးပြီး သုံးစွဲသူတွေရဲ့ လက်ဗွေကို အလွယ်တကူ ရယူနိုင်ပါတယ်။ ကိုယ့်ရဲ့ လက်ဗွေပါသွားပြီဆိုရင်တော့ PIN နဲ့ password တွေလို အလွယ်တကူ ပြောင်းလဲလို့ မရနိုင်ပါဘူး။

လုံခြံုရေးပညာရှင်အချို့ကတော့ လက်ဗွေဟာ PIN ထက် ပိုကောင်းတဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ “Chip နဲ့ PIN ပေါင်းစပ်ရာမှာ PIN က အားနည်းချက်ရှိတဲ့အရာပါ။ လက်ဗွေကို သုံးစွဲလိုက်တာဟာ ဒီအားနည်းချက်တွေကို ဖယ်ရှားလိုက်တာပါပဲ။ နောက်ပြီး လက်ဗွေတွေဟာ ဆိုးရွားလှတဲ့ password သုံးစွဲမှုတွေကို ရှောင်လွှဲစေနိုင်ပါတယ်” လို့ Berlin ရဲ့ Security Research Labs မှာ သုတေသီ Karsten Nohl က BBC News ထံ ပြောကြားခဲ့ပါတယ်။