MPT မှ အဆင့်မြင့် အိုင်တီနည်းပညာ ကျွမ်းကျင်မှုသင်တန်းသစ်ဖွင့်လှစ်

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် MPT အနေဖြင့် အထူးအောင်မြင်ခဲ့သည့် ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ အစီအစဉ်၏ နောက်ဆက်တွဲအဖြစ် ၂၀၂၀ ခုနှစ် အတွက် ကွန်ပျူတာပညာကျွမ်းကျင်မှု ဆရာဖြစ် သင်တန်းသစ်ကို NLD ပညာရေးကွန်ရက်နှင့်ပူးပေါင်းကာ စတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွန်ပျူတာပညာကျွမ်းကျင်မှုဆရာဖြစ်သင်တန်းသည် ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီအစီအစဉ်မှ တစ်ဆင့် အောင်မြင်ခဲ့သည့် သင်တန်းသားများကို မိုက်ခရိုဆော့ဖ် ကွန်ပျူတာအက်ပလီကေးရှင်းနှင့် အိုင်တီနည်းပညာကျွမ်းကျင်မှု သင်ကြားရေးနည်းလမ်းများကို သေချာစွာလေ့ကျင့်သင်ကြားပေးနိုင်ရန် ရည်ရွယ်ထားခြင်းသည့်အတွက်ကြောင့်ဖြစ်သည်။

Photo Source – https://www.mpt.com.mm/mm/

အဆိုပါသင်တန်းကိုတက်ရောက်မည့် သင်တန်းသား (၅၀) အနေဖြင့် သင်တန်းပြီးဆုံးပြီးနောက် မိမိတို့ ကျွမ်းကျင်တတ် မြောက်လာသည့် အဆင့်မြင့်ကွန်ပျူတာပညာများကို နိုင်ငံတစ်ဝန်းရှိ NLD ပညာရေးကွန်ရက် သင်တန်းကျောင်းများမှ တစ်ဆင့် သက်ဆိုင်ရာဒေသများ၌ ပြန်လည်မျှဝေသင်ကြားပေးနိုင်ရန်ရည်ရွယ်ထားကြောင်းလည်းသိရသည်။ ယခုသင်တန်း ပထမအသုတ်ကို သင်တန်းသား (၂၅) ဦးဖြင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၉) ရက်တွင် ရန်ကုန်မြို့ရှိ MPT သင်တန်း ကျောင်း၌ စတင်ဖွင့်လှစ်လိုက်ခြင်းလည်းဖြစ်သည်။
“MPT အနေနဲ့ မြန်မာနိုင်ငံက အခွင့်အရေးနည်းပါးလှတဲ့ လူငယ်တွေကို တစ်ဖက်တစ်လမ်းကနေ ကွန်ပျူတာပညာကျွမ်း ကျင်မှုတွေ မျှဝေသင်ကြားမှုကနေတစ်ဆင့် တစိုက်မတ်မတ်နဲ့ ကူညီပံ့ပိုးပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒီဂျစ်တယ်နည်း ပညာတွေက ကုန်ထုတ်လုပ်မှုစွမ်းအားကို တိုးတက်စေနိုင်သလို စီးပွားရေးဆိုင်ရာ အခွင့်အလမ်းသစ်တွေကို ဖန်တီးပေးနိုင် မှာဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုအတွက် ဒီဂျစ်တယ်နည်းပညာကျွမ်းကျင်တတ် မြောက်သူတွေ လုံလုံလောက်လောက် ရှိနေဖို့လည်းလိုအပ်ပါတယ်။ မိုဘိုင်းလ် အင်တာနက်နဲ့ ကွန်ပျူတာနည်းပညာတွေ တိုးတက်လာတာနဲ့အမျှ နိုင်ငံရဲ့ ခေတ်မီ ဒီဂျစ်တယ်စီးပွားရေးစနစ်ကို တည်ဆောက်ရာမှာ မြန်မာနိုင်ငံသားအားလုံး ပါဝင်ခွင့်ရရှိစေဖို့အတွက်လည်း ကျွန်တော်တို့အနေနဲ့ ရည်မှန်းထားပါတယ်” ဟု MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှု ဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးမြင့်သိန်းထွန်း မှ ပြောကြားသည်။

Photo Source – https://www.mpt.com.mm/mm/

ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ အစီအစဉ်ကို MPT နှင့် NLD ပညာရေး ကွန်ရက်တို့ ပူးပေါင်း၍ မြို့ပြများတွင်သာမက မြို့ပြမဟုတ်သည့် ဒေသများတွင်နေထိုင်သော လူငယ်များအားပညာရေးနှင့် နည်းပညာပိုင်းတို့ကို လက်လှမ်းမီစေရန် အတွက် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။ ၎င်းအစီအစဉ် စတင်ခဲ့သည့် ၂၀၁၆ ခုနှစ်မှ စတင်ပြီး နိုင်ငံတစ်ဝန်းမှ ကျောင်းသူ၊ ကျောင်းသားပေါင်း (၅,၀၀၀) ကျော်သည် MPT ၏ ယခုအစီအစဉ်မှတစ်ဆင့် ကွန်ပျူတာ နည်းပညာ ကျွမ်းကျင်မှုပညာရပ်များ တတ်မြောက်ခဲ့ပြီး ဖြစ်သည်။
MPT အနေဖြင့် ဒီဂျစ်တယ် နည်းပညာ တတ်ကျွမ်းမှု ကွာဟချက်လျော့ချရေးကို နည်းလမ်းမျိုးစုံဖြင့် တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ တစ်ဝန်းရှိ MPT Telecenter ပေါင်း ၁၅၀ ကျော်၌ လူအများအတွက် အသုံးဝင်ပြီး အကျိုးရှိသည့် သတင်းအချက်အလက်များ၊ ဆက်သွယ်ရေးဝန်ဆောင်မှုများကိုလည်း မျှဝေပေးအပ်လျက်ရှိ သည်။ MPT အနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ အမေ့အိမ် ပညာဒါန သင်တန်းကျောင်းများတွင် အင်တာနက် ကွန်ရက်ချိတ်ဆက်မှုနှင့်အတူ လက်ပ်တော့ကွန်ပျူတာအလုံး ၃၀၀ ကိုအသုံးပြုပြီးသင်တန်းများကိုလည်း ထောက်ပံ့ပေး လျက်ရှိသည်။ MPT သည် နိုင်ငံတစ်ဝန်း၌ မိုဘိုင်းလ်အသုံးပြုမှုဆိုင်ရာ ဆွေးနွေးပွဲများကျင်းပပြုလုပ်ပေးလျက်ရှိပြီး အနာဂတ်မျိုးဆက်သစ်လူငယ်များအား မိုဘိုင်းလ်ဖုန်းများကို လုံခြုံစိတ်ချစွာအသုံးပြုတတ်စေရန် အသိပညာပေးမှုများကို လည်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
MPT ၏ လူမှုအကျိုးပြု လုပ်ငန်းဆောင်ရွက်မှုများနှင့် လူငယ်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ချက်များကို အသေးစိတ် သိရှိလိုပါက အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
http://mpt.com.mm/en/about-home-en/csr-activities/