တရုတ်ကုန်သည်ကြီးများအသင်းချုပ်က COVID-19 ကာကွယ်ဆေး တစ်ဦးလျှင် ကျပ်ငါးသောင်းဖြင့်ထိုးနှံပေးမှုတွင် လူစာရင်းထပ်မံလက်ခံရန် လတ်တလောမရှိသေးဟုသိရ

တရုတ်ကုန်သည်ကြီးများ အသင်းချုပ်က တစ်ဦးလျှင် ငါးသောင်းကျပ်ဖြင့်ထိုးနှံပေးသည့် COVID-19 ကာကွယ်ဆေးစာရင်း‌ပေးမှု လက်တလော ထပ်မံလက်ခံရန် မရှိသေးကြောင်းသိရ ဆေးထိုးရန် သွားရောက်စုံစမ်းသည့်ပြည်သူများထံမှ သိရသည်။
ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Event Park ၌ အဆိုပါအသင်းက ဦးဆောင်ဖွင့်လှစ်ထားသော ကိုယ်ထူကိုယ်ထစရိတ်ကျခံသည့် COVID-19 ကာကွယ်ဆေးထိုးနှံရေးစင်တာတွင် ဩဂုတ် ၂၄ ရက်မှစတင်၍ ကြိုတင်စာရင်းပေးထားသူများအား ဆေးထိုးနှံပေးလျက်ရှိသည်။

Photo Source https://bit.ly/3DtE5Jz

ကာကွယ်ဆေးထိုးရန်သွားရောက်စုံစမ်းသူတစ်ဦးက ” တစ်ယောက်ကို ငါးသောင်းသွင်းပြီး ဆေးထိုးလို့ရတယ်ဆိုလို့ သွားတာ စာရင်းမပေးထားရင် ထိုးလို့မရသေးဘူး။ ထိုးမယ်ဆိုရင် တရုတ်ကုန်သည်များအသင်းမှာ စုံစမ်းပါဆိုလို့သွားမေးတာ။ လက်တလောတော့ စာရင်းအသစ်လက်မခံသေးပါဘူးတဲ့။ ၆ လပိုင်းတုန်းက စာရင်းကောက်တုန်းက နာမည်ပေးထားပြီး ငွေသွင်းထားတဲ့သူတွေကို အခုထိုးပေးနေတာပါ ” လို့ ဩဂုတ် ၂၆ ရက်က ပြောကြားခဲ့သည်။
ကိုယ်ထူကိုယ်ထ စရိတ်ကျခံ၍ COVID-19 ကာကွယ်ဆေးထိုးပေးသည့် အဆိုပါအစီအစဉ်နှင့် ပတ်သက်၍ ပြည်သူများကြား စိတ်ဝင်စားမှုမြင့်တက်နေပြီး ဆေးထိုးမှုခံယူရန် သုဝဏ္ဏဘူမိ Event Park သို့ လာရောက်စုံစမ်းသူများပြားလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ကြိုတင်စာရင်းပေးသွင်းထားသည့်ကာကွယ်ဆေးထိုးမည့်သူများလည်း အဆိုပါ Event Park တွင် များပြားလျှက်ရှိပြီး တန်းစီစောင့်ဆိုင်းမှုများ ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတရုတ်ကုန်သည်ကြီးများအသင်းသို့ သွားရောက်မေးမြန်းရာတွင် ရုံးအောက်မှ တာဝန်ကျသူတစ်ဦး ” အခုမှ စာရင်းပေးမှာဆိုရင် မရတော့ပါဘူး။လက်မခံသေးပါဘူး။ ၆ လပိုင်းတုန်းက စာရင်းကောက်ထားတာတွေကို ထိုးပေးနေတာဖြစ်ပါတယ် ” ဟု ဩဂုတ် ၂၆ ရက်က ပြောကြားခဲ့သည်။
အဆိုပါစင်တာကို ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့် ရန်ကုန်တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ် (MCCOC) မှ ဦးစီးဆောင်ရွက်ခြင်းဖြစ်ကြောင်း ကြေညာထားမှုအရ သိရသည်။
သင်္ဃန်းကျွန်းမြို့နယ် ၊ သုဝဏ္ဏလမ်းဆုံမီးပွိုင့်အနီး အထက်ပုဇွနတောင်လမ်းရှိ ကိုယ်ထူကိုယ်ထ စရိတ်ကျခံသည့် COVID-19 ကာကွယ်ဆေး ထိုးနှံရေးစင်တာကို သြဂုတ် ၂၄ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ကြိုတင်စာရင်းပေးထားသူများကို ကာကွယ်ဆေးစတင်ထိုးနှံခဲ့ကြောင်း သိရသည်။
ယင်းစင်တာတွင် ကြိုတင်စာရင်ပေးထားသည့် လူများ၊အသင်းအဖွဲ့များ၊ကုမ္ပဏီများကို ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ပြီး လူမျိုးဘာသာမရွေးထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ် (MCCOC) က တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် Sinopharm Vaccine အမျိုးအစား COVID-19 ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ပြီး လူတစ်ဦးလျှင် ဆေးထိုးစရိတ် ငါးသောင်းကျပ်ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဝယ်ယူထားသည် Sinopharm Vaccine အမျိုးအစား COVID-19 ကာကွယ်ဆေး အလုံးရေ ၇၀၀ ၀၀၀ သည် သြဂုတ် ၂၁ ညနေပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
Soure Eleven Media