COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် MPT သုံးစွဲသူများ SMS မှတစ်ဆင့် လှူဒါန်းနိုင်မည့် အစီအစဉ်ကို ပြန်လည်ဖွင့်လှစ်

MPT က မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်မှု အရှိန်အဟုန် မြင့်တက်နေခြင်းနှင့်အတူ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အထောက်အပံ့ပြု လှူဒါန်းလိုသူ MPT သုံးစွဲသူ ပြည်သူများအနေဖြင့် SMS (စာတို) ပေးပို့ခြင်းမှတစ်ဆင့် လှူဒါန်းနိုင်မည့် အစီအစဉ်ကို အောက်တိုဘာလ (၃)ရက်မှ စတင်၍ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်းသိရသည်၊၊
ယခုအစီအစဉ်ကို COVID-19 ပထမလှိုင်းဖြစ်ပွားစဉ် ကာလအတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် အထောက်အပံ့ပြုနိုင်စေရန် ရည်ရွယ်၍ လွန်ခဲ့သည့် ဧပြီလမှ မေလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ပြီး ရရှိခဲ့သည့် လှူဒါန်းငွေများအားလုံးကို Corona Virus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ လွှဲပြောင်းလှူဒါန်းခဲ့ပြီးဖြစ်သည်၊၊
ယခု အစီအစဉ်တွင် ပါဝင်လှူဒါန်းလိုသူ MPT သုံးစွဲသူ ပြည်သူများအနေဖြင့် 9900 သို့ 500 ဟုရိုက်နှိပ်ပြီး SMS(စာတို) ပေးပို့ခြင်းဖြင့် တစ်ကြိမ်လျှင် အလှူငွေကျပ် ၅၀၀ ကို အကြိမ်အရေအတွက် ကန့်သတ်ထားခြင်းမရှိဘဲ မိမိတို့ ဖုန်းဘေလ်ရှိသလောက် ပါဝင် လှူဒါန်းနိုင်မည်ဖြစ်ကာ မည်သည့်ဝန်ဆောင်ခမျှကျသင့်ခြင်းမရှိပါ၊၊ GSM/WCDMA စနစ်ကို အသုံးပြုသည့် ကြိုတင်ငွေဖြည့်စနစ်ကို သုံးစွဲသူ ဖြစ်စေ၊ အသုံးပြုပြီးမှ ငွေပေးချေ သည့်စနစ်ကို သုံးစွဲသူဖြစ်စေ မည်သူမဆို ပါဝင်လှူဒါန်းနိုင်ပါသည်၊၊ အသုံးပြုပြီးမှ ငွေပေးချေသည့်စနစ်ကို သုံးစွဲသူများအတွက် လှူဒါန်းလိုက်သည့် ငွေပမာဏကို ငွေတောင်းခံလွှာတွင် ထည့်သွင်း ကောက်ခံသွားမည် ဖြစ်ပြီး ကြိုတင်ငွေဖြည့်စနစ် အသုံးပြုသူများအတွက်မူ ငွေဖြည့်သွင်းထားသည့် ပမာဏထဲမှနုတ်ယူသွားမည်ဖြစ်ပါသည်၊၊

Photo Source https://www.facebook.com/mptofficialpage

“မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေနဲ့ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ စတင်ဖြစ်ပွားချိန်ကစပြီး အများပြည်သူတွေကို ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုတွေ အဆက်မပြတ်ပေးအပ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက် နိုင်ခဲ့ရုံသာမက COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်တွေမှာလည်း အကူအညီ ဖြစ်စေဖို့အတွက် လိုအပ်တဲ့လှူဒါန်းမှုတွေနဲ့ ဆက်သွယ်ရေးဆိုင်ရာ အထောက်အပံ့တွေကို ဆောင်ရွက်ပေးခဲ့ပါတယ်။ COVID-19 ပထမလှိုင်းအတွင်း SMS (စာတို) ပေးပို့လှူဒါန်းခြင်းအစီအစဉ် ကနေ MPTသုံးစွဲသူတွေရဲ့ လှူဒါန်းငွေကျပ်သိန်း ၂၀၀ ကျော်ကိုလည်း COVID-19 အမျိုးသားအဆင့်ဗဟိုကော်မတီကို အောင်မြင်စွာ လွှဲပြောင်း လှူဒါန်းနိုင်ခဲ့ပြီး ဖြစ်ပါတယ်၊၊ ဒါ့အပြင် MPT အနေနဲ့ ငွေကျပ် သိန်း(၁,၀၀၀) ကို လည်းထပ်မံလှူဒါန်း နိုင်ခဲ့ပါတယ်။ အခုလို ကူးစက်ပျံ့ပွားမှု ပြန်လည်မြင့်တက်လာချိန်မှာ MPT သုံးစွဲသူအများပြည်သူတွေအဖို့ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွေမှာ တစ်တပ်တစ်အားပါဝင်လှူဒါန်းနိုင်ဖို့အတွက် အခုလို SMS စနစ်နဲ့ လှူဒါန်းနိုင်မယ့် အစီအစဉ်ကို ပြန်လည်ဖွင့်လှစ်ပေး လိုက်တာဖြစ်ပါတယ်” ဟု MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ ဉီးမျိုးသန်းက ပြောကြားခဲ့သည်၊၊

Photo Source https://www.facebook.com/mptofficialpage

တာဝန်သိပြည်တွင်းဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် MPT သည် မြန်မာပြည်နှင့်အတူ ရှိနေမည် ဟူသည့်ဆောင်ပုဒ်နှင့်အညီ နိုင်ငံတစ်ဝန်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် ဘက်ပေါင်းစုံမှ ဆက်လက်ကာ ကူညီပံ့ပိုးလျက်ရှိပါသည်၊၊ ဆက်သွယ်ရေးဆိုင်ရာကူညီထောက်ပံ့မှုများအဖြစ် ဖိုင်ဘာအင် တာနက် ချိတ်ဆက်ပေးခြင်း၊ အော်တိုတယ်လီဖုန်းလိုင်းများ တပ်ဆင်ပေးခြင်း၊ ဆင်းမ်ကတ်နှင့် ငွေဖြည့်ကတ်များလှူဒါန်းခြင်း၊ သုံးစွဲသူပြည်သူများသို့ နှာခေါင်းစည်းလှူဒါန်းခြင်းနှင့် နိုင်ငံတစ်ဝန်းရှိ မိဘမဲ့ဂေဟာများသို့ အခြေခံစားသောက်ကုန် လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် မကြာသေးမီကလည်း ဖောင်ကြီး COVID-19 ကုသရေးစင်တာအတွက် လိုအပ်သော မြန်နှုန်းမြင့် ဖိုင်ဘာအင်တာနက်လိုင်းများ တိုးချဲ့ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည်၊၊ အလားတူပင် ဧရာဝတီဖောင်ဒေးရှင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တို့ပူးပေါင်းဆောင်ရွက်ထားသော COVID-19 အရေးပေါ် ကုသရေးဌာန ဧရာဝတီစင်တာ (သုဝဏ္ဏ) တွင် အင်တာနက် ရရှိအသုံးပြုနိုင်ရန် လိုအပ်သော ဆက်သွယ်ရေးဆိုင်ရာ ကူညီထောက်ပံ့မှုများအဖြစ် မြန်နှုန်းမြင့် ဖိုင်ဘာအင်တာနက်လိုင်းများ၊ ဝိုင်ဖိုင် နှင့်ဆက်စပ် ပစ္စည်းများ ကို ထောက်ပံ့ ဆောင်ရွက်လျက်ရှိသည်၊၊