Facebook ၏ Manage Activity လုပ်ဆောင်ချက်များအကြောင်း

Manage Activity ဆိုတာကတော့ Facebook ပေါ်မှာ ကိုယ့်အကြောင်းအရာတွေကို ဘယ်လိုပြသချင်လဲ ဆိုတာနဲ့ပတ်သတ်ပြီး ကိုယ့်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှု (Activity) တွေကို ထိန်းချုပ်နိုင်တဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ Manage Activity ကို အသုံးပြုပြီး တစ်ခြားသူ မမြင်စေချင်တော့တဲ့ အရင်က ပိုစ့်တွေကို သိမ်းဆည်းနိုင်၊ ဖျက်ပစ်နိုင်အောင် ပြုလုပ်နိုင်ပါတယ်။
ဥပမာ – Facebook ပေါ်မှာ ကိုယ်မျှဝေထားတဲ့ အကြောင်းအရာတွေအနက် ကိုယ့်တစ်ယောက်တည်းအတွက်ပဲ မြင်တွေ့သိမ်းဆည်းထားနိုင်ပြီး တခြားသူတွေ မမြင်စေချင်တဲ့ အကြောင်းအရာတွေကို ‘Archive’ လုပ်ဆောင်ချက်နဲ့ သိမ်းဆည်းထားနိုင်ပါတယ်။ လွန်ခဲ့တဲ့လအနည်းငယ်လောက်က ကိုယ်တင်ထားတဲ့ ပိုစ့်တစ်ခုကို ကိုယ်တိုင်ကြည့်ရှုနိုင်ပေမဲ့ Facebook ‌ပေါ်ကတစ်ခြားသူတွေ မမြင်နိုင်အောင် သိမ်းဆည်းထားနိုင်တဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။

Photo Source https://drive.google.com/drive/folders/1CzvWBQkXi2tJmki6a6hKxIVvsM_ZVsVs

ဒါ့အပြင် Manage Activity လုပ်ဆောင်ချက်ကို အသုံးပြုပြီး ကိုယ်မလိုချင်တော့တဲ့ ပိုစ့်တွေကို အမှိုက်စာထားရန်နေရာ (trash) ဆီကို ရွေ့ပြောင်းနိုင်ပါတယ်။ အမှိုက်စာထားရန်နေရာကို ရောက်သွားတဲ့ ပိုစ့်တွေဟာ ကိုယ်တိုင် အပြီးမဖျက်မချင်း (ဒါမှမဟုတ်) ပြန်ပြီး ရယူသိမ်းဆည်းမှု မလုပ်မချင်း ရက် (၃၀) ကြာ ရှိနေမှာဖြစ်ပြီး အဲဒီ့နောက်မှာတော့ အလိုအလျောက် ပျောက်ပျက်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ ကိုယ်ဖျက်လိုက်တဲ့ ပိုစ့်တွေအပေါ် မတင်မကျဖြစ်၊ စိတ်ပြောင်းပြီး ပြန်ရယူလိုတယ်ဆိုရင် အသုံးပြုနိုင်ဖို့ ဖြစ်ပါတယ်။
ကိုယ်ဖန်တီးထားတဲ့ ပိုစ့်တွေသာမက ကိုယ်အမည်ကတ်တွဲထားတဲ့ ပို့စ်တွေ၊ ကိုယ်ဘက်က တုန့်ပြန်ချက်တစ်ခုခု ပေးခဲ့တဲ့ လုပ်ဆောင်ချက်တွေကိုလည်း စီမံခန့်ခွဲနိုင်ပါတယ်။
ပို့စ်တွေ အများကြီးကို တစ်ကြိမ်တည်းနဲ့ အလွယ်တကူ စီမံခန့်ခွဲနိုင်အောင် Manage Activity မှာ ကိုယ်တင်ထားတဲ့ ပိုစ့်တွေအများကြီးကိုကြည့်ရှုစစ်ဆေးနိုင်ဖို့ ပြုလုပ်ပေးထားပါတယ်။ ဒါ့အပြင် ကိုယ်ရှာချင်တဲ့သူ တစ်ယောက်တည်းနဲ့ပဲ သက်ဆိုင်တဲ့ ပိုစ့်တွေ (ဒါမှမဟုတ်) ကိုယ်ရှာချင်တဲ့ ရက်စွဲအတွင်းက ပိုစ့်တွေ စသည်ဖြင့် ကိုယ်ရှာချင်တဲ့ အကြောင်းအရာ၊ အမျိုးအစားအလိုက် စစ်ထုတ်ပေးနိုင်အောင် ဖန်တီးထားပါတယ်။

Photo Source https://drive.google.com/drive/folders/1CzvWBQkXi2tJmki6a6hKxIVvsM_ZVsVs

Manage Activity လုပ်ဆောင်ချက်ကို ဘယ်လိုအသုံးပြုရမလဲ?
Facebook ပေါ်မှာ ကိုယ်မျှဝေထားတဲ့ ပိုစ့်တွေ၊ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ စတဲ့ အကြောင်းအရာအချို့ကို iPhone ဖစ်စေ၊ Android ဖြစ်စေ ဒါမှမဟုတ် Facebook Lite အက်ပလီကေးရှင်းတွေမှာဖြစ်စေ Manage Activity ရဲ့ လုပ်ဆောင်ချက်မှတ်တမ်းကနေတစ်ဆင့် စီမံခန့်ခွဲနိုင်ပါတယ်။
အဲဒီ့နေရာကနေ တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုတဲ့ အကြောင်းအရာတွေကို တစ်ကြိမ်တည်းနဲ့ ရွေးချယ်နိုင်ပါတယ်။ ရွေးချယ်ထားတဲ့ ပိုစ့်တွေကို အောက်ပါအတိုင်း စီမံနိုင်ပါတယ်။
(၁) သိမ်းဆည်းရန်နေရာကို ရွှေ့ပါ။ အကြောင်းအရာတွေကို ကိုယ်ပိုင် သိမ်းဆည်းရန်နေရာကို ရွှေ့လိုက်တဲ့အခါ ကိုယ်တစ်ယောက်တည်းပဲ မြင်တွေ့နိုင်အောင် လုပ်ဆောင်ပေးပါတယ်။ သိမ်းဆည်းထားရာကနေ ပြန်ထုတ်လိုက်မယ်ဆိုရင် မသိမ်းဆည်းခင်ကအတိုင်း တစ်ခြားသူတွေ ပြန်မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။
(၂) အမှိုက်စာထားရန်နေရာကို ရွှေ့ပါ။ အမှိုက်စာထားရန်နေရာကို ရွှေ့လိုက်တဲ့ အကြောင်းအရာတွေဟာ ရက် (၃၀) အကြာမှာ အလိုအလျောက် ပျောက်ပျက်သွားမှာဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေ အမှိုက်စာထားရန်နေရာမှာ ရှိနေစဉ်အချိန်အတွင်း ကိုယ်တစ်ယောက်တည်းပဲ မြင်တွေ့နိုင်မှာပါ။
(၃) ရက် (၃၀) အတွင်း အမှိုက်စာထားရန်နေရာက ပိုစ့်တွေကို Facebook ပေါ်မှာ မူလက တင်ထားတဲ့အတိုင်း ပြန်ထားနိုင်၊ သိမ်းဆည်းရန်နေရာကို ရွေ့ပြောင်းနိုင်၊ ရက် (၃၀) မတိုင်မီ ဖျက်ပစ်နိုင်ပါတယ်။ အမှိုက်စာထားရန်နေရာက ပိုစ့်တွေကို မူလအတိုင်း ပြန်ထားတဲ့အခါ မရွေ့ပြောင်းခင်ကအတိုင်း တစ်ခြားသူတွေ ပြန်မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။
(၄) ရက် (၃၀) ကြာပြီးတဲ့နောက် အမှိုက်စာထားရန်နေရာက အကြောင်းအရာတွေဟာ အလိုအလျောက် ပျောက်ပျက်သွားမှာဖြစ်ပြီး ပြန်မယူနိုင်တော့ပါဘူး။
သတိပြုရမယ့်အချက်တစ်ခုကတော့ လုပ်ဆောင်ချက်မှတ်တမ်းထဲက အကြောင်းအရာတိုင်းကို သိမ်းဆည်းရန်နေရာ ဒါမှမဟုတ် အမှိုက်စာထားရန်နေရာကို ရွှေ့ပြောင်းနိုင်မှာ မဟုတ်ဘူး ဆိုတာပါပဲ။ Manage Activity လုပ်ဆောင်ချက်ထဲက လုပ်ဆောင်ချက်မှတ်တမ်းကို ဝင်လိုက်မယ်ဆိုရင် ရွှေ့ပြောင်းနိုင်တဲ့ အကြောင်းအရာတွေကိုပဲ တွေ့မြင်ရမှာ ဖြစ်ပါတယ်။