အွန်လိုင်းပေါ်က မသမာမှုများကို သိရှိနိုင်ရန်အချက်အလက်များ Facebook မှထုတ်ပြန်

အွန်လိုင်းပေါ်မှာ မသမာသူတစ်ယောက်ရဲ့ လုပ်ရိုးလုပ်စဉ်များ၊ အလိမ်အညာတွေကို သိရှိနိုင်ဖို့ Facebook က အချက်အလက် တချို့ကို ထုတ်ပြန်လာပါတယ်။ ထုတ်ပြန်ချက်အပြည့်အစုံမှာလည်း အောက်ပါအတိုင်းဖြစ်ပါတယ်။
ကမ္ဘာကြီးက တစ်ဖြည်းဖြည်းနဲ့ ဒီဂျစ်တယ်နည်းပညာတွေ လွှမ်းခြုံထားတဲ့နေရာတစ်ခု ဖြစ်လာနေပါပြီ။ အခုလို ကိုဗစ်အလွန် ကမ္ဘာကြီးမှာ ဒီအချက်ကို ပိုပြီး သေချာစေတဲ့ အကြောင်းအရင်းကတော့ အွန်လိုင်း အသုံးပြုမှုတွေ၊ လူတစ်ဦးချင်းစီရဲ့ အွန်လိုင်းပေါ်မှာ ရှိနေတဲ့အချိန်တွေက သိသိသာသာ မြင့်တက်လာနိုင်ခြေ ရှိနေလို့ပါပဲ။
လူမှုကွန်ရက်ပေါ်မှာ မသမာသူတွေရဲ့ ကြိုးပမ်းမှုတွေကလည်း ပိုပြီး ရဲတင်းလာပါတယ်။ ဒါပေမယ့်လည်း Facebook လို လူမှုကွန်ရက်ကုမ္ပဏီကြီးအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေအတွက် အရင်ကတည်းက ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ခဲ့ပြီး Facebook အသုံးပြုသူတွေကို ဒစ်ဂျစ်တယ် သိနားလည်မှု ပိုမို ရင့်သန်လာအောင် ဆောင်ရွက်ခဲ့ပါတယ်။ ဒီကနဦး လုပ်ဆောင်ချက်တွေကို ပြုလုပ်ဖို့ အဓိက အလေးထား လုပ်ဆောင်နေတဲ့ ဒေသတွေကတော့ တစ်ကမ္ဘာလုံးက ဘယ်နေရာနဲ့ယှဉ်ယှဉ် အင်တာနက် အသုံးပြုမှု လူဦးရေ တရှိန်ထိုး တိုးတက်မှုအရှိဆုံး အာရှဒေသပဲ ဖြစ်ပါတယ်။

Photo Source https://www.pinterest.com/pin/748090188082406111/

အင်တာနက် ယဉ်ကျေးမှု ထွန်းကားနေတဲ့ အချိန်မှာတော့ အွန်လိုင်းလိမ်လည်မှုတွေဟာ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ဘဲ အသုံးပြုတွေကြားမှာ ဒွန်တွဲပြီး ရှိနေဦးမှာပါပဲ။ ဒါပေမယ့် အသုံးပြုသူ အများစုအတွက်တော့ ဒီလို အွန်လိုင်း လိမ်လည်မှုတွေနဲ့ များများကြုံရလေ၊ သူတို့ရဲ့ အလိမ်အညာတွေကို ပိုပြီး သတိထားမိလေပါပဲ။ စိတ်မကောင်းစရာကတော့ နှစ်တွေကြာလာတာနဲ့အမျှ မသမာသူတွေသုံးတဲ့ လိမ်နည်းတွေကလည်း ပိုပြီး ပိပိရိရိရှိပြီး ခေတ်မီလာတာပဲ ဖြစ်ပါတယ်။
ဒါကြောင့်ပဲ အင်တာနက် စသုံးတာသိပ်မကြာသေးတဲ့သူတွေအနေနဲ့ လူလိမ်တစ်ယောက်နဲ့ ကြုံရမယ်ဆိုရင် သူတို့ရဲ့ အလိမ်အညာတွေကို သတိထားမိပြီး အမှား၊ အမှန် ခွဲခြားဖို့ အတော်လေး ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့်လည်း အလိမ်ခံရဖို့ နီးလာပြီဆိုရင် သတိထားမိနိုင်တဲ့ လက္ခဏာတွေ ပြလာတော့မှာ ဖြစ်ပါတယ်။
အသုံးအများဆုံး လိမ်နည်းတွေကတော့ ကိုယ်နဲ့အဆက်အစပ်မရှိတဲ့ လူစိမ်းတစ်ယောက်က ကိုယ့်ဆီ တိုက်ရိုက် စာပို့၊ ရင်းနှီးမှုရယူပြီး ငွေလိမ်တဲ့နည်းပါပဲ။ လူမှုကွန်ရက်ပေါ်မှာ အများဆုံးတွေရတဲ့ လိမ်လည်မှုတွေကတော့ အောက်ပါအချက် တွေပဲဖြစ်ပါတယ်။
(၁) အလုပ်ခေါ်စာအတု။
(၂) အတိုးသက်သက်သာသာနဲ့ ငွေချေးမယ်ဆိုပြီး ကမ်းလှမ်းတာ။
(၃) မုဆိုးမ (ဒါမှမဟုတ်) ကွာရှင်းထားတဲ့လူလွတ် ဟန်ဆောင်ပြီး ချစ်ကြောင်းကြိုက်ကြောင်းတွေ ပြောတာ။
(၄) ဆုမဲပေါက်ထားတဲ့ ထီလက်မှတ်အတုတွေနဲ့ လိမ်တာတွေပဲ ဖြစ်ပါတယ်။
ပြီးတော့ သတိထားရမယ့်လူတွေလည်း ရှိပါတယ်။
(၁) ကိုယ်နဲ့ အပြင်မှာ လူချင်းမသိ၊ မရင်းနှီးဘဲနဲ့ ပိုက်ဆံတောင်းတဲ့လူတွေ။
(၂) ချေးငွေ၊ ဆုလက်ဆောင် (ဒါမှမဟုတ်) မဲပေါက်ထားတဲ့ ပစ္စည်းကို ထုတ်ဖို့ ပိုက်ဆံ၊ ငွေသားကတ်တွေ တောင်းတဲ့လူ တွေ။
(၃) အလုပ်တစ်ခု လျှောက်လို့ရတယ်ဆိုပြီး ဝန်ဆောင်ခတောင်းတဲ့လူတွေ။
(၄) ကုမ္ပဏီကြီးတွေ၊ အဖွဲ့အစည်းတွေ (ဒါမှမဟုတ်) ထင်ပေါ်ကျော်ကြားနာမည်ကြီးတဲ့သူတွေကို ကိုယ်စားပြုတဲ့ စာမျက်နှာပုံစံ ဖွင့်ထားပြီး အတည်ပြုထားတဲ့ အပြာရောင် အမှန်ခြစ်တံဆိပ်မပါတဲ့ စာမျက်နှာတွေ။
(၅) ကိုယ့်သူငယ်ချင်း (ဒါမှမဟုတ်) အမျိုးတစ်ယောက် အရေးပေါ်ဖြစ်နေလို့ဆိုပြီး ငွေလိမ်တောင်းတဲ့လူတွေ။
ကိုယ်ရဲ့ တည်နေရာကို တစ်လွဲဖော်ပြထားတဲ့သူတွေ။ ဘယ်သူပဲဖြစ်ဖြစ် ဖုန်းနံပါတ်ကိုသုံးပြီး Messenger အကောင့်ဖွင့်ထားတယ်ဆိုရင် သူကဘယ်နိုင်ငံကလည်းဆိုတာ ဖုန်းနံပါတ်ကိုကြည့်ပြီး စစ်လို့ရနိုင်ပါလိမ့်မယ်။ စာမျက်နှာတစ်ခုက ကိုယ့်ကို လာလိမ်နေတယ်လို့ ခံစားနေရတယ်ဆိုရင် အဲ့ဒီစာမျက်နှာရဲ့ တည်နေရာကို စစ်ဆေးနိုင်ပါ တယ်။
(၁) စာလုံးပေါင်းအမှားတွေနဲ့ သဒ္ဒါအမှားတွေ အများကြီးပါတဲ့ စာတိုတွေ (ဒါမှမဟုတ်) ပို့စ်တွေ။
(၂) ဆုလက်ဆောင်ယူဖို့ စာမျက်နှာတစ်ခုကို ဝင်ခိုင်းတဲ့လူတွေ (ဒါမှမဟုတ်) အကောင့်တွေ။
(၄) ယုံချင်စရာ မကောင်းလောက်အောင် အရမ်းကောင်းတဲ့ ကမ်းလှမ်းမှုတွေ ဖြစ်နေလားဆိုတာ အမြဲတမ်း ဆင်ခြင်သုံးသပ် နေဖို့ အရေးကြီးပါတယ်။
လိမ်တဲ့နည်းလမ်းအများစုက လူတိုင်းမှာရှိတတ်တဲ့ ရိုးသားမှုနဲ့ သနားကြင်နာစိတ်ကနေ အမြတ်ထုတ်ဖို့ ကြိုးစားတာပါ။ ပိုပြီး ဆိုးရွားတဲ့ လိမ်လည်မှုတွေဆိုရင် ပုံမှန်အားဖြင့် အကြောက်တရားလိုမျိုး ပိုပြီး ပြင်းပြတဲ့ စိတ်ခံစားမှုကို ပစ်မှတ်ထားပါတယ်။
ဒီလိမ်နည်းတွေကတော့ တရားဝင်လို့ထင်ရတဲ့ အီးမေးလ်တွေနဲ့ အသိပေးချက်တွေကနေတစ်ဆင့် အကောင့် အခိုးရတယ်လို့ ထင်တဲ့အတွက် သူတို့ရဲ့ ဝက်ဘ်ဆိုက်နဲ့ အကောင့်တွေကိုဝင်ပြီး လျှို့ဝှက်နံပါတ်တွေကို ပြန်ပြောင်းပေးဖို့ တောင်းဆိုတတ်ကြပါတယ်။ ဒီလို လိမ်ဖို့ ကြိုးစားလာပြီဆိုရင် သတိထားကြည့်ရမယ့် အဓိက အချက်တွေကတော့ စာထဲမှာ သဒ္ဒါအမှားတွေ ပါနေလား၊ (ဒါမှမဟုတ်) ပို့တဲ့သူရဲ့ အီးမေးလိပ်စာက သံသယဖြစ်ဖို့ ကောင်းနေလားဆိုတာ စစ်ဆေးကြည့် ဖို့ပါပဲ။

Photo Source https://www.facebook.com/help/1674717642789671

လိမ်တဲ့သူတွေက လူတွေကြားမှာ ရှေ့ဆက်ပြီး ဘာဖြစ်လာမယ်ဆိုတာ မသေချာမှုတွေနဲ့ ကြောက်ရွံ့နေမှုတွေ အရမ်းများ နေတာကို တပ်အပ် သိထားတဲ့အတွက် ကိုဗစ်-၁၉ ဖြစ်နေတဲ့ ကာလအတွင်းမှာ အကြောက်တရားကို အခြေခံတဲ့ လိမ်လည်မှု ဖြစ်စဉ်တွေက အဆပေါင်းများစွာ တိုးလာတာကို တွေ့ရမှာပါ။
ဒါပေမယ့်လည်း ဘယ်လို တီထွင်ဆန်းသစ်တဲ့ အလိမ်အညာတွေဖြစ်ပါစေ ဘာကိုသတိထားကြည့်ရမယ်ဆို သိနေသရွေ့ လိမ်နေမှန်း ဖြစ်နိုင်ခြေ ရှိ၊ မရှိ သိနိုင်ဖို့က မခက်ခဲပါဘူး။ အွန်လိုင်းလိမ်လည်မှုတွေကို ဘယ်လိုသိနိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို အောက်ဖော်ပြပါ လင့်ခ်ကနေ လေ့လာနိုင်ပါတယ်။
https://www.facebook.com/help/1674717642789671