၂၀၂၀ ခုနှစ်အတွင်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံခိုင်ရေးအတွက် Facebook ၏ ပံ့ပိုးကူညီမှုများ

ကိုဗစ်-၁၉ ကပ်ရောဂါကြီးကြောင့် စီးပွားရေးအရ ထိခိုက်မှုတွေရှိနေသလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း တော်တော်များများ ဆက်လက် ကြုံတွေ့နေရဆဲပါ။ လူအများစုဟာ နေထိုင်မှုပုံစံအသစ်နဲ့ အသားကျဖို့၊ အထီးကျန်မှုတွေနဲ့ ရင်ဆိုင်ဖို့၊ အလုပ်မရှိတော့တာ၊ ပူဆွေးသောကရောက်ရတာအပြင် အဘက်ဘက်က ဖိအားပေးမှုတွေ အများကြီး ရှိခဲ့ပါတယ်။ စိတ်ကျန်းမာရေးဆိုတာ ရှုပ်ထွေးလှတဲ့ ကိစ္စရပ်တစ်ခုဖြစ်လို့ နည်းလမ်းပေါင်းစုံနဲ့ ဖြေရှင်းဖို့ လိုအပ်ပါတယ်။ တစ်သက်လုံး တစ်ခါမှ မကြုံဖူးတဲ့ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းကို ရင်ဆိုင်ကျော်ဖြတ်နေကြရတဲ့ ယနေ့အချိန်မှာတော့ စိတ်ကျန်းမာရေးကဏ္ဍဟာ အရင်ကထက် ပိုပြီး အရေးပါလာခဲ့ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု မရှိအောင် ကာကွယ်ရေးအစီအမံတွေ အင်တိုက်အားတိုက် ချမှတ်ဆောင်ရွက်နေချိန်မှာ လူမှုရေး အရ ပြောဆိုဆက်ဆံဖို့ လိုအပ်လာရင် အပြင်မှာ လူချင်းမတွေ့ရသည့်တိုင် အွန်လိုင်းမှာ အတူတူရှိနေဖို့ လူမှုကွန်ရက်တွေကို အသုံးချလာကြတာ တွေ့ရပါတယ်။ အကူအညီရယူဖို့ လူတွေအများကြီး အွန်လိုင်း ချန်နယ်တွေကို အသုံးပြုလာကြချိန်မှာ လူမှုကွန်ရက် ပလက်ဖောင်းတစ်ခုအနေနဲ့ Facebook ရဲ့ တာဝန်က ပိုပြီး သိသာထင်ရှား လာပါတယ်။ Facebook ကလည်း ပလက်ဖောင်းပေါ်မှာ လူတစ်ဦးနဲ့တစ်ဦး လုံခြုံစိတ်ချစွာ ထိတွေ့ဆက်သွယ်နိုင်ဖို့၊ အသုံးပြုသူတွေရဲ့ ပျော်ရွှင်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် အထောက်အကူ ဖြစ်စေမယ့်အရာတွေ ရှာဖွေဖို့ ရင်းနှီးမြုပ်နှံမှုတွေ သိသိသာသာ ပြုလုပ်ခဲ့ပါတယ်။
ကျွမ်းကျင်ပညာရှင်တွေက ကိုဗစ်-၁၉ ဟာ ကမ္ဘာတဝန်းက စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အခက်အခဲတွေကို ပိုပြီး ဆိုးရွားစေခဲ့တယ်ဆိုတဲ့အချက်ကို သဘောတူထားပြီး လာမယ့်နှစ်တွေအထိ ဒီအကျိုးဆက်တွေက ဆက်လက် ဂယက်ရိုက်နေဦးမယ်လို့ ခန့်မှန်းထားကြပါတယ်။ Facebook က ကမ္ဘာအနှံ့မှာရှိတဲ့ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ လက်တွဲလုပ်ကိုင်ခဲ့ပြီး ငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့ စိတ်ဖိစီးမှုကို ရင်ဆိုင်ကျော်ဖြတ်ဖို့၊ မိမိကိုယ်ကို မိဘတစ်ဦး နေရာကနေ စောင့်ရှောက်ဖို့၊ ပူဆွေးဝမ်းနည်းမှုနဲ့ ဆုံးရှုံးမှုကို ရင်ဆိုင်ဖြေရှင်းဖို့၊ အရက်သေစာနဲ့ မူးယစ်စေတတ်တဲ့ ပစ္စည်းတွေ အလွဲသုံးစားပြုမှုကို စီမံဖို့၊ ယေဘုယျအားဖြင့် စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ စတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ကူညီထောက်ပံ့မှု အဓိက လိုအပ်နေတဲ့ အပိုင်းတွေမှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။

Photo Source https://www.facebook.com/safety/wellbeing

ကိုရိုနာဗိုင်းရပ်စ် (COVID-19) သတင်းအချက်အလက် စင်တာ – ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) က ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့နေတဲ့ကာလ အိမ်မှာနေရချိန်မှာ မိမိကိုယ်ကို ဂရုစိုက်ဖို့၊ တက်တက်ကြွကြွ နေထိုင်ဖို့၊ စိတ်ဖိစီးမှုတွေကို ဖြေလျှော့ဖို့၊ ရည်မှန်းချက်အသစ်၊ နေထိုင်မှုပုံစံ အသစ်တွေ ဖန်တီးဖို့ စတာတွေနဲ့ ပတ်သက်တဲ့ အကြံပေးချက်တွေကို Facebook ကနေ မျှဝေပေးနေပါတယ်။
စိတ်ခံစားချက်ဆိုင်ရာ ကျန်းမာရေး (Emotional Health) – ဒါကတော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစွာနေထိုင်နိုင်ရေး အတွက် ကျွမ်းကျင်ပညာရှင်တွေဆီက အကြံပြုချက်တွေနဲ့ သတင်းအချက်အလက်တွေကို စုစည်းပေးထားတဲ့ Facebook အက်ပလီကေးရှင်းပေါ်က ပင်မ သတင်းရင်းမြစ်စင်တာတစ်ခု ဖြစ်ပါတယ်။ ဒီနေရာမှာ Facebook နဲ့ လက်တွဲလုပ်ကိုင်နေတဲ့ ကမ္ဘာလုံးဆိုင်ရာနဲ့ နိုင်ငံတစ်ခုချင်းစီအလိုက် မိတ်ဖက်ကျွမ်းကျင်သူတွေရဲ့ လမ်းညွှန်မှုတွေအရ အခန်းကဏ္ဍတွေ၊ နယ်ပယ်အလိုက် အကြောင်းအရာ ခေါင်းစဉ်တွေကို အချိန်နဲ့အမျှ ထည့်သွင်းပေးသွားမှာပါ။
အွန်လိုင်းကျန်းမာပျော်ရွှင်ရေး ပင်မစာမျက်နှာ (Well-Being Home) – အသုံးပြုသူတွေအတွက် စိတ်ကျန်းမာရေးဆိုင်ရာ ကူညီထောက်ပံ့မှုတွေ ပေးအပ်နိုင်ဖို့ ရေရှည်ပြုလုပ်သွားမယ့် ရင်းနှီးမြုပ်နှံမှုတွေရဲ့ တစ်စိတ်တစ်ဒေသအဖြစ် Facebook ရဲ့ ကမ္ဘာတဝန်းမှာရှိတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေဆီက မိမိကိုယ်ကို အဆုံးစီရင်ခြင်းမှ ကာကွယ်ရေးဆိုင်ရာ အရင်းအမြစ်တွေ အပါအဝင် ကျန်းမာပျော်ရွှင်စွာ နေထိုင်ရေးနဲ့ဆိုင်တဲ့ အကြံပြုချက်နဲ့ အရင်းအမြစ်တွေ ထည့်သွင်းပေးထားတဲ့ အွန်လိုင်းကျန်းမာပျော်ရွှင်ရေး လို့အမည်ရတဲ့ သီးသန့် စာမျက်နှာတစ်ခုကို မိတ်ဆက်ပေးခဲ့ပါတယ်။ အွန်လိုင်းကျန်းမာပျော်ရွှင်ရေး စာမျက်နှာကို စိတ်ကျန်းမာရေး ဆိုင်ရာ ဦးဆောင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဖန်တီးခဲ့တာဖြစ်ပြီး ဒီနေရာကနေ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကြံပြုချက်တွေ ရယူနိုင်မယ့်အပြင် ထပ်မံ အကူအညီတောင်းဖို့ လိုအပ်လာရင်လည်း သက်ဆိုင်ရာ ဒေသတွင်း အဖွဲ့အစည်းတွေနဲ့ အလွယ်တကူ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။
Facebook အနေနဲ့ အသုံးပြုသူတွေအတွက် ပိုပြီး လုံခြုံစိတ်ချနိုင်အောင်၊ ကိုယ့်ရဲ့ အွန်လိုင်းသုံးစွဲမှု အတွေ့အကြုံကို ပိုပြီး ထိန်းချုပ်နိုင်အောင်၊ ကိုယ့်အတွက် အရေးပါတဲ့သူတွေနဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ အပြန်အလှန် ဆက်ဆံရေးတွေ ဖန်တီးရာမှာ ကူညီပေးနိုင်အောင် သူ့ရဲ့ နည်းပညာထုတ်ကုန်တွေအပေါ် အမြဲ ပြုပြင် မွမ်းမံမှုတွေ ပြုလုပ်နေပါတယ်။

Photo Source https://www.facebook.com/safety/wellbeing

အချိန်မှတ် နည်းပညာကိရိယာ (Time Spent Tools) – Facebook နဲ့ Instagram အသုံးပြုသူတွေကို ပလက်ဖောင်းပေါ်မှာ သူတို့ အချိန်ဘယ်လောက်ကုန်ခဲ့တယ်ဆိုတာ ကြည့်လို့ရအောင် မှတ်သားပြသပေးမယ့် နည်းပညာ ကိရိယာ ဖြစ်ပါတယ်။ ဒီနည်းပညာက ကိုယ်တိုင်သတ်မှတ်ထားတဲ့ အချိန်တစ်ခုပြည့်ရင် နေ့စဉ် အသိပေးချက်တစ်ခု ပုံမှန် ပို့ပေးနိုင်ပြီး ထပ်မသုံးဖြစ်အောင်လို့ လက်ခံရရှိတဲ့ အသိပေးချက်တွေကို အသံပိတ်ထားနိုင်မှာ ဖြစ်ပါတယ်။
ခေတ္တရပ်နားခြင်း (Snooze) – Facebook ကနေ လူတစ်ယောက်၊ စာမျက်နှာတစ်ခု ဒါမှမဟုတ် အုပ်စု (Group) တစ်ခုကနေ အပြီးတိုင် unfollow ပြုလုပ်တာ ဒါမှမဟုတ် သူငယ်ချင်းအဖြစ်က ရပ်ဆိုင်းတာတွေ ပြုလုပ်ဖို့မလိုဘဲ ရက် (၃၀) ကြာ ဖုံးကွယ်ထားလို့ရတဲ့ ခေတ္တရပ်နားခြင်း (Snooze) လုပ်ဆောင်ချက်ကို မိတ်ဆက်ပေးခဲ့ပါတယ်။
Unfollow ပြုလုပ်ခြင်း – သူငယ်ချင်းဖြစ်နေပေမယ့်လည်း သူ့ဆီက အကြောင်းအရာတွေက ကိုယ့်ရဲ့ သတင်းစဉ်မှာ ပေါ်မလာအောင် unfollow ပြုလုပ်နိုင်ပါတယ်။
စိတ်ကျန်းမာရေး ကျွမ်းကျင်သူတွေ၊ မိတ်ဖက်လူမှုအသိုင်းအဝိုင်းတွေနဲ့ လက်တွဲလုပ်ကိုင်ပြီး အရင်းအမြစ်တွေ အလွယ်တကူ ရယူနိုင်အောင် ဆောင်ရွက်ပေးနေတဲ့အပြင် Facebook ပလက်ဖောင်း အသုံးပြုနေတဲ့ သူတွေကို ကာကွယ်ပေးနိုင်ဖို့ အရေးကြီးတယ်ဆိုတာလည်း သိနားလည်ထားပါတယ်။ Facebook ရဲ့ လူမှုစံနှုန်း သတ်မှတ်ချက်တွေမှာ မိမိကိုယ်ကို ထိခိုက်နာကျင်စေတဲ့ ရုပ်ပုံတွေပါဝင်တဲ့ အကြောင်းအရာတွေအပြင် မိမိကိုယ်ကို အဆုံးစီရင်အောင်၊ ထိခိုက်နာကျင်စေအောင် အားပေး၊ တိုက်တွန်းတဲ့ အကြောင်းအရာတွေကို အရေးယူနိုင်ဖို့ တင်းကျပ်တဲ့ စည်းမျဉ်းတွေ ရှိပါတယ်။

Photo Source https://www.facebook.com/safety/wellbeing

စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်ထားတဲ့ လုပ်ဆောင်ချက်တွေလိုပဲ ဒီစည်းမျဉ်းတွေကို မှန်မှန်ကန်ကန် အသုံးချနိုင်အောင် Facebook က မိမိကိုယ်ကို အဆုံးစီရင်ခြင်းမှ ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ စနစ်တကျ ပူးပေါင်းလုပ်ကိုင်နေပါတယ်။ ဒီကိစ္စရပ်တွေဟာ ရှုပ်ထွေးပြီး အနုစိတ်တဲ့အတွက် စိတ်ကျန်းမာရေးကို မထိခိုက်စေဘဲ အန္တရာယ်ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရာတွေကို အရေးယူနိုင်အောင် တတ်နိုင်သမျှ ဆောင်ရွက်သွားမယ်လို့ Facebook က ကတိကဝတ် ပြုထားပါတယ်။ ဒါ့အပြင် လူမှုစံနှုန်း သတ်မှတ်ချက်တွေ စည်းကြပ်နိုင်ဖို့ လုပ်ဆောင်ရာမှာ ပိုပြီး မြန်မြန်ဆန်ဆန်၊ တိတိကျကျ ဆောင်ရွက်နိုင်အောင် Facebook ရဲ့ အကြောင်းအရာ စိစစ်တဲ့ လုပ်ငန်းစဉ်ကို အဆက်မပြတ် ပြုပြင်မွမ်းမံထားတဲ့အတွက် အန္တရာယ်ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရာတွေကို အမြန်ဆုံး ဖယ်ရှားပေးနိုင်မှာပါ။