Facebook က ကိုဗစ်-၁၉ ကာလအတွင်း အကူအညီရပ်ဝန်း လုပ်ဆောင်ချက်ကို မိတ်ဆက်

Facebook က အကူအညီ လိုအပ်နေသူများနှင့် အကူအညီပေးအပ်လိုသူများကို ချိတ်ဆက်ပေးနိုင်သည့် အကူအညီရပ်ဝန်း အမည်ရ လုပ်ဆောင်ချက်အသစ်တစ်ခုကို မြန်မာနိုင်ငံရှိ အသုံးပြုသူများအတွက် မိတ်ဆက်ပေးလိုက်ကြောင်းသိရသည်။
အဆိုပါ လုပ်ဆောင်ချက်အသစ်ကို မိမိတို့၏ အနီးအနားရှိ လူမှုအသိုင်းအဝိုင်းအတွင်း အကူအညီပေးအပ်ရန် ကမ်းလှမ်းရာတွင်ဖြစ်စေ၊ လူအများထံမှ လိုအပ်သည့် အကူအညီ တောင်းခံရာတွင်ဖြစ်စေ အသုံးပြုနိုင်သည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ စတင်ဖြစ်ပွားသည့်အချိန်မှစ၍ Facebook အသုံးပြုသူများသည် မိမိတို့ အနီးပတ်ဝန်းကျင်ရှိ လူမှုအသိုင်းအဝိုင်းအတွက် အကူအညီပေးရာတွင် တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်နိုင်ရန် Facebook ကို အသုံးပြုလာကြသည်။ တစ်ခါတရံ အကူအညီလိုအပ်နေသူများအတွက် ကိုယ်တိုင်ကိုယ်ကျ သွားရောက်အကူအညီပေးရန် အဆင်ပြေဆုံးသူများမှာ ၎င်းတို့၏ အိမ်နီးချင်းများ၊ လူမှုအသိုင်းအဝိုင်း နေရာတစ်ခုတည်းတွင် အတူရှိနေသူများ ဖြစ်ပါသည်။ ထို့အပြင် ကပ်ရောဂါကြောင့် ထိခိုက်မှုအရှိဆုံးသူများ သို့မဟုတ် ရှေ့တန်းတွင် ကာကွယ်ကုသရေးအတွက် ဆောင်ရွက်နေရသူများ မှာလည်း အကူအညီတောင်းရန်၊ ပိုမို ပံ့ပိုးပေးနိုင်ရန် Facebook ကို အသုံးပြုလာကြသည်။

Photo Source https://www.facebook.com/community_help

အကူအညီရပ်ဝန်း လုပ်ဆောင်ချက်ကို စားစရာပေးပို့ခြင်းမှစ၍ အနီးအနားရှိ သက်ကြီးရွယ်အိုများကို ကူညီပေးခြင်း၊ အစားအသောက် အလှူရှင်များအတွက် အစားအစာ ဖြန့်ဝေရာတွင် ပါဝင်ဆောင်ရွက်ပေးခြင်း၊ ရန်ပုံငွေ လိုအပ်နေသူများအတွက် လှူဒါန်းပေးခြင်းတို့အထိ လိုအပ်သလို အသုံးပြုနိုင်ပါသည်။ Facebook စာမျက်နှာများ ဖွင့်လှစ်ထားသော သွေးလှူဘဏ်၊ အစားအသောက် အလှူရှင်၊ ရပ်ရွာလူထု အဖွဲ့အစည်းနှင့် ပြည်တွင်းရှိ ပရဟိတအဖွဲ့များမှာလည်း ပေးအပ်နိုင်သော အကူအညီများကို မျှဝေရန်၊ စေတနာ့ဝန်ထမ်း ရှာဖွေရန် အကူအညီရပ်ဝန်းတွင် ပို့စ်တင်နိုင်ပါသည်။
အကူအညီရပ်ဝန်းကို Facebook အက်ပလီကေးရှင်း၏ အသုံးပြုသူမီနူးမှတစ်ဆင့် သို့မဟုတ် https://www.facebook.com/community_help ကိုဝင်ရောက်ပြီး အသုံးပြုနိုင်သည်။ အကူအညီရပ်ဝန်းရှိ ပိုစ့်များတွင် ပိုစ့်တင်ထားသူနှင့် မိမိ၏ အကွာအဝေးကို ဖော်ပြပေးထားပြီး အများမြင်တွေ့နိုင်သည့် မှတ်ချက် သို့မဟုတ် တစ်ဦးတည်းသာ မြင်တွေ့နိုင်သည့် မှတ်ချက်ဖြင့် အကြောင်းပြန်နိုင်ပါသည်။ အကူအညီပေးရန် တင်လိုက်သည့် ပိုစ့်ဖြစ်ပါက ပေးအပ်နိုင်သည့် အကူအညီပုံစံမျိုးကို လိုအပ်ကြောင်း တောင်းခံထားသူများ အားလုံးထံ ထိုပိုစ့်ကို ပြသပေးသွားမည် ဖြစ်ပါသည်။ အကူအညီတောင်းခံရန် တင်လိုက်သည့် ပိုစ့်ဖြစ်ပါက မိမိ၏ သူငယ်ချင်းများအားလုံး အပါအဝင် အဆိုပါ အကူအညီပုံစံမျိုး ပေးအပ်ထားသူများထံ ပြသပေးမည် ဖြစ်ပါသည်။
အကူအညီရပ်ဝန်း လုပ်ဆောင်ချက်ကို အောက်ပါအတိုင်း အဆင့်ဆင့်ပြုလုပ်၍ အသုံးပြုနိုင်ပါသည်။
(၁) ဦးစွာ သင့် Facebook အကောင့်ကို ဝင်ပါ။
(၂)အသုံးပြုသူမီနူးကို ဝင်ရောက်ရန် Facebook အက်ပလီပေးရှင်း၏ ညာဘက်ထောင့်အပေါ်ရှိ မျဉ်းကြောင်း သုံးကြောင်းပုံစံကို နှိပ်ပါ။
(၃) ‘အကူအညီရပ်ဝန်း’ ကို ရွေးချယ်လိုက်ပါက လုပ်ဆောင်ချက် စတင်မည့်နေရာသို့ ရောက်ရှိမည်ဖြစ်သည်။
(၄) အကူအညီတောင်းဖို့ဖြစ်စေ၊ အကူအညီပေးဖို့ဖြစ်စေ ပိုစ့်တစ်ခုဖန်တီးနိုင်ဖို့ ပြသထားတဲ့ ခလုတ်တွေကို အသုံးပြုပါ။ စာမျက်နှာတစ်ခု ပေါ်လာပါလိမ့်မည်။
(၅) ပို့စ်မှာ အသေးစိတ်ရေးသားပြီး ကိုယ့်ဆီကို ဘယ်လိုပုံစံမျိုးနဲ့ ဆက်သွယ်စေချင်လဲဆိုတာ ရွေးချယ်ပါ။ (Messenger သို့မဟုတ် WhatsApp မှတစ်ဆင့်)
(၆) ကိုယ်ရေးအချက်အလက်ဆက်တင် ရွေးချယ်ပါ။ (အများမြင်၊ သူငယ်ချင်းများ၏ သူငယ်ချင်းများ၊ သူငယ်ချင်းများ စသည်ဖြင့်)
(၇) မိမိနေထိုင်ရာ မြို့နယ်အလိုက် တည်နေရာတစ်ခု သတ်မှတ်ပါ။ ထို့နောက် ပိုစ့်ရောက်ရှိလိုသည့် ရပ်ဝန်း အကွာအဝေး (ဥပမာ- ၁၀ ကီလိုမီတာအတွင်း) ကို ရွေးချယ်ပါ။
(၈) ပို့စ်တင်ဖို့အတွက် တင်မယ် ကို နှိပ်ပါ။

Photo Source https://www.facebook.com/community_help

စီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း နီးစပ်ရာ လူမှုအသိုင်းအဝိုင်းအတွက် ပေးအပ်နိုင်သော အကူအညီများကို ၎င်းတို့၏ စာမျက်နှာမှတစ်ဆင့် အကူအညီရပ်ဝန်း လုပ်ဆောင်ချက်ကို အသုံးပြုပြီး ပိုစ့်တင်နိုင်ပါသည်။ သို့သော်လည်း စီးပွားရေးလုပ်ငန်းများမှာ အကူအညီရပ်ဝန်းအတွင်း ကုန်ပစ္စည်းများရောင်းချခြင်း၊ အရောင်းမြှင့်တင်ရေးပိုစ့်များ မျှဝေခြင်း ပြုလုပ်နိုင်မည် မဟုတ်ပါ။
အကူအညီရပ်ဝန်းအတွင်း တင်ထားသည့်ပို့စ်များ အားလုံးကို Facebook ၏ အကြောင်းအရာ စစ်ဆေးသည့် အဖွဲ့မှ စစ်ဆေးသွားမည်ဖြစ်ပြီး Facebook ၏ လူမှုစံနှုန်းများကို ချိုးဖောက်ထားကြောင်း တွေ့ရှိပါက ဖယ်ရှားသွားမည် ဖြစ်ပါသည်။ အကြောင်းအရာ မှန်ကန်မှုမရှိသည့် ပိုစ့်များကို တွေ့ရှိပါက တိုင်ကြားပေးပါရန် တိုက်တွန်းအားပေး အပ်ပါသည်။ ယခု နည်းပညာထုတ်ကုန်ကို အသက် ၁၈ နှစ်နှင့်အထက် အသုံးပြုသူများသာ ရယူနိုင်ရန် ကန့်သတ်ထားသည်။