Facebook မှ စိတ်ကျန်းမာရေးနှင့်ပတ်သက်သည့် အရင်းအမြစ်များကို ထုတ်ပြန်

Facebook ကို လက်ရှိ အသုံးပြုနေတဲ့ လူပမာဏအရ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ အရင်းအမြစ်၊ အချက်အလက်တွေကို လူတိုင်း အလွယ်တကူ ရယူနိုင်အောင် ကူညီပေးနိုင်မယ့်နေရာအဖြစ် လမ်းညွှန်ပေးထားချက်များကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။
ဒီနေ့အထိ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ Facebook အသုံးပြုသူ (၂၃) သန်းကျော်ကို Facebook ရဲ့ စိတ်ခံစားချက်ဆိုင်ရာ ကျန်းမာရေးစင်တာ ကတစ်ဆင့် ကျွမ်းကျင် စိတ်ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အရင်းအမြစ်တွေနဲ့ ချိတ်ဆက်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီ စိတ်ခံစားချက်ဆိုင်ရာ ကျန်းမာရေးစင်တာမှာ ကမ္ဘာအနှံ့က စိတ်ကျန်းမာရေးဆိုင်ရာ အရင်းအမြစ်တွေ၊ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျမှု၊ စိတ်ခံစားမှုဆိုင်ရာ ပြဿနာ၊ ဝမ်းနည်းပူဆွေးမှုနှင့် ဆုံးရှုံးမှု စတဲ့ စိတ်ကျန်းမာရေးရာ ခေါင်းစဉ်တွေအလိုက် ဆွေးနွေးဖြေရှင်းဖို့ လမ်းညွှန်ချက်တွေကို စုစည်း ဖော်ပြပေးထားပါတယ်။

Photo Source fbmyanmarpress@fb.com 

ပေါင်းသင်းဆက်ဆံရေးဆိုတာ Facebook ပလက်ဖောင်းရဲ့ အဓိကအကျဆုံးအရာဖြစ်ပြီး ဒီလို အရေးပါတဲ့ ပေါင်းသင်းဆက်ဆံရေးတွေကလည်း ကျန်းမာပျော်ရွှင်မှုရဲ့ အဓိက သော့ချက်ဖြစ်နေပါတယ်။ Facebook ရဲ့ လုပ် ဆောင်ချက် တော်တော်များများကို ပေါင်းသင်းဆက်ဆံရေးတွေ ပိုကောင်းလာအောင်၊ လူမှုအသိုင်းအဝိုင်း တည်ဆောက်ရာမှာ ကူညီပေးနိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့က နည်းပညာ ထုတ်ကုန် အမျိုးမျိုးအတွက် သုတေသနပြုလုပ်ဖို့၊ အကောင်းဆုံး အသုံးချနိုင်အောင် ပြင်ဆင်ပေးဖို့ Facebook ကုမ္ပဏီထဲက ထုတ်ကုန်ဆိုင်ရာ တာဝန်ရှိအဖွဲ့တွေ အပါအဝင် ပြင်ပက စိတ်ကျန်းမာပျော်ရွှင်ရေး ကျွမ်းကျင်ပညာရှင်တွေနဲ့ပါ စနစ်တကျ ပူးပေါင်းဆောင်ရွက်နေပါတယ်။

Photo Source fbmyanmarpress@fb.com 

အဆုံးမှာတော့ ပြီးခဲ့တဲ့နှစ်တွေမှာ လူအများ ပျော်ရွှင်ကျန်းမာစေဖို့ အဓိကထားတဲ့ နည်းပညာကိရိယာတွေကို အက်ပလီကေးရှင်းထဲမှာ အသုံးပြုနိုင်အောင် မိတ်ဆက်ပေးခဲ့တဲ့အတွက် Facebook ပလက်ဖောင်း အသုံးပြုသူတွေဟာ သူတို့ရဲ့ သုံးစွဲမှုအတွေ့အကြုံကို လိုအပ်သလို စီမံခန့်ခွဲနိုင်နေပြီ ဖြစ်ပါတယ်။
(၁) အသုံးပြုချိန် ထိန်းချုပ်မှုများ
Facebook အက်ပလီကေးရှင်းကို ပြီးခဲ့တဲ့တစ်ပတ်အတွင်း လူတွေ ဘယ်လောက်အသုံးပြုလဲဆိုတာကို ပြသတဲ့ ဇယားတစ်ခု၊ လိုအပ်သလို စိတ်ကြိုက်ပြုပြင်နိုင်တဲ့ နေ့စဉ်အသုံးပြုချိန် သတိပေးချက်၊ အသိပေးချက်တွေ မပို့တော့အောင် ကန့်သတ်နိုင်မယ့် အသိပေးချက်ဆက်တင်တွေ ပါဝင်ပါတယ်။
(၂) ခေတ္တကန့်သတ်ထားခြင်း နှင့် စောင့်ကြည့်တာရပ်ခြင်း
စာမျက်နှာတစ်ခု၊ အုပ်စု ဒါမှမဟုတ် လူတစ်ယောက်ကို မမြင်ရတော့အောင် ဖုံးကွယ်ထားနိုင်ဖို့ ကူညီပေးပါမယ်။
(၃) သတင်းစဉ် နှင့် ဦးစားပေးကြော်ငြာများ
သူငယ်ချင်း၊ မိသားစု တစ်ချို့နဲ့ သက်ဆိုင်ရာ ကြော်ငြာတစ်ချို့ကို ပိုမြင်ချင်၊ လျှော့မြင်ချင်တဲ့အခါ ထိန်းချုပ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။
(၄) Instagram ပေါ်က ဖုံးကွယ်ထားသော စကားလုံးများ
ရိုင်းစိုင်းကြမ်းတမ်းတဲ့ စကားလုံးတွေ၊ စကားစုတွေ၊ emoji တွေကို အလိုအလျောက် စစ်ဆေးပြီး ဖုံးကွယ်ထားတဲ့ ဖိုင်ထဲထည့်လိုက်မယ်ဆိုရင် ဒါတွေကို ဘယ်တော့မှ မြင်ရမှာ မဟုတ်တော့ပါဘူး။ ဒါ့အပြင် အမှိုက်စာဖြစ်နိုင်တဲ့ တိုက်ရိုက်ပေးပို့လာတဲ့ စာတိုတောင်းဆိုချက်တွေကိုလည်း စစ်ထုတ်ပေးပါတယ်။
အသေးစိတ် ပိုမို သိရှိလိုပါက fbmyanmarpress@fb.com ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။