Facebook Groups တွေကို လုံခြုံအောင် ကူညီပေးနိုင်မယ့် Group Admins တွေအတွက် လုပ်ဆောင်ချက်အသစ်များ

Facebook ပေါ်က အဖွဲ့ (group) admins တွေအတွက် လုပ်ဆောင်ချက်အသစ်တွေ ထပ်ထည့်ပေးလိုက်ပါပြီ။ ဒီထဲမှာ ကြားခံပြင်ပ အချက်အလက်စစ်ဆေးသူတွေက အချက်အလက်အမှားတွေ ပါနေတယ်လို့ စစ်ဆေးတွေ့ရှိထားတဲ့ ပို့စ်တွေကို ကိုယ့် group ထဲမှာ လာတင်ရင် အလိုအလျောက် ပယ်ချပေးနိုင်တဲ့ လုပ်ဆောင်ချက်လိုမျိုး ပါရှိပါတယ်။
Admins ရဲ့ အလုပ်တာဝန်ကို လျှော့ချပေးနိုင်ပြီး group တွေကို ပိုပြီး ထိထိရောက်ရောက် စီမံထိန်းချုပ်နိုင်မယ့်အပြင် ကိုယ့်ရဲ့ groups အမျိုးအစားနဲ့ ကိုက်ညီတဲ့သူတွေ ပိုပြီး တိုးပွားလာအောင် ကူညီပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေ အများကြီးနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။

Photo Source fbmyanmarpress@fb.com

Meta ကနေ Facebook ပေါ်က group admins တွေအတွက် သူတို့ရဲ့ groups တွေ လုံခြုံပြီး ဘေးကင်းအောင်၊ သတင်းအချက်အလက်အမှားတွေ လျှော့ချနိုင်အောင်၊ ပိုပြီး လွယ်လွယ်ကူကူ စီမံထိန်းချုပ်နိုင်အောင်၊ group နဲ့ ကိုက်ညီတဲ့ အဖွဲ့ဝင်တွေ ပိုပြီး တိုးပွားလာအောင် ကူညီပေးနိုင်မယ့် လုပ်ဆောင်ချက်အသစ်တွေကို ဒီနေ့ စတင်မိတ်ဆက်လိုက်ပါတယ်။
Group များ လုံခြုံစိတ်ချရစေရန်၊ သတင်းအချက်အလက်အမှားများ လျော့ကျစေရန် ဆောင်ရွက်ခြင်း
တစ်ဦးနဲ့တစ်ဦး စိတ်ချလက်ချ ပြောဆိုဆက်သွယ်လို့ရတဲ့ နေရာတွေမှာပဲ လူမှုအသိုင်းအဝိုင်းတွေ လှုပ်ရှားရှင်သန်နေမှာပါ။ အခု မိတ်ဆက်ပေးလိုက်တဲ့ လုပ်ဆောင်ချက်အသစ်တွေက admins တွေကို သူတို့ရဲ့ groups တွေထဲမှာ သတင်းအချက်အလက်အမှားတွေ မပျံ့နှံ့စေဖို့၊ တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံရာမှာ စီမံပေးနိုင်ဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။
သတင်းအချက်အလက် အမှားတွေ ပါဝင်နေတယ်လို့ စစ်ဆေးအတည်ပြုထားတဲ့ ပိုစ့်တွေ တင်ဖို့ကြိုးစားမယ်ဆိုရင် အလိုအလျောက် ပယ်ချပေးနိုင်အောင် Admin Assist ရဲ့ လုပ်ဆောင်ချက်ထဲမှာ ထည့်ပေးထားပါတယ်။ ကြားခံပြင်ပ အချက်အလက်စစ်ဆေးသူတွေက သတင်းအမှားလို့ သတ်မှတ်ထားတဲ့ အကြောင်းအရာတွေ ပါဝင်နေတဲ့ ပိုစ့်တွေဆိုရင် group ထဲမှာ မမြင်ရခင်ကတည်းက ပယ်ချပေးမှာ ဖြစ်တဲ့အတွက် သတင်းအချက်အလက် အမှားတွေကို မြင်တွေ့ရတဲ့နှုန်း လျော့ကျစေဖို့ ကူညီပေးနိုင်ပါတယ်။

Photo Source fbmyanmarpress@fb.com

“Mute” လုပ်ဆောင်ချက်ကို ပိုထိရောက်အောင် မြှင့်တင်တဲ့အနေနဲ့ “suspend” လို့ ပြောင်းလဲလိုက်တဲ့အတွက် admins နဲ့ moderators တွေဟာ group ထဲက အဖွဲ့ဝင်တွေနဲ့ စောင့်ကြည့်တဲ့သူတွေကို group chat တစ်ခုထဲမှာ ပိုစ့်တင်၊ မှတ်ချက်ရေး၊ တုံ့ပြန်တာ အပါအဝင် group ထဲမှာ Room တစ်ခု ဖန်တီးတာ၊ ဝင်ပြောတာတွေ မလုပ်နိုင်အောင် ယာယီ ဆိုင်းငံ့ထားလို့ ရပြီဖြစ်ပါတယ်။
လူမှုအသိုင်းအဝိုင်းတစ်ခုကို ပိုမို အလွယ်တကူ စီမံထိန်းချုပ်နိုင်
Group admins တွေအနေနဲ့ သူတို့ရဲ့ လူမှုအသိုင်းအဝိုင်းတွေကို ပိုပြီး လွယ်လင့်တကူ စီမံထိန်းချုပ်နိုင်အောင် ဒီ လုပ်ဆောင်ချက်အသစ်တွေကို အသုံးပြုနိုင်ပါတယ်။ အဖွဲ့ဝင်ဖြစ်ဖို့ တောင်းဆိုမှုတွေမှာ ဖြေရမယ့်မေးခွန်းတွေ အားလုံးကို ပြည့်ပြည့်စုံစုံ ဖြေ၊ မဖြေ အပါအဝင် သတ်မှတ်ထားတဲ့ တခြားစံနှုန်းတွေနဲ့ ကိုက်ညီမှုရှိ၊ မရှိ ဆိုတဲ့အပေါ် မူတည်ပြီး အတည်ပြု ဒါမှမဟုတ် ပယ်ချဖို့ကို Admin Assist လုပ်ဆောင်ချက်နဲ့ အလိုအလျောက် ဆောင်ရွက်နိုင်ပါတယ်။

Photo Source fbmyanmarpress@fb.com

Admin ရဲ့ ပင်မစာမျက်နှာမှာ ပါဝင်လာတဲ့ လုပ်ဆောင်ချက်အသစ်တွေနဲ့ groups တွေကို ပိုပြီး ထိထိရောက်ရောက် စီမံထိန်းချုပ်နိုင်ပါတယ်။ ဒီလုပ်ဆောင်ချက်တွေထဲမှာ သိထားဖို့လိုအပ်တဲ့ အချက်တွေကို ကွန်ပျုတာနဲ့ အမြန် စစ်ဆေးကြည့်ရှုနိုင်အောင် ခြုံငုံစုစည်းပေးထားတဲ့ စာမျက်နှာတစ်ခု၊ လုပ်စရာ တာဝန်တွေကို ပိုပြီး မြန်မြန်ဆန်ဆန် ရွေးထုတ်၊ ရှာဖွေနိုင်တဲ့ အပြင်အဆင် အသစ်တစ်ခု၊ ကိုယ့် groups ရဲ့ တိုးတက်မှုနှုန်းနဲ့ ဆက်သွယ်ပြောဆိုမှုနှုန်းတွေကို admins တွေ သိအောင် မိုဘိုင်းဖုန်းကနေ အကျဉ်းချုံးပြီး ပြသပေးနိုင်တဲ့ အချက်အလက် စုစည်းမှုတစ်ခု စတာတွေ ပါဝင်ပါတယ်။

Photo Source fbmyanmarpress@fb.com

အခုမိတ်ဆက်လိုက်တဲ့ လုပ်ဆောင်ချက်အသစ်တွေက ကိုယ့်ရဲ့ လူမှုအသိုင်းအဝိုင်းကို တိုးချဲ့ချင်တဲ့ admins တွေအတွက် group နဲ့ ကိုက်ညီတဲ့သူတွေဆီရောက်အောင် ကူညီပေးမှာပါ။ Group တွေကို အများသိအောင် မျှဝေချင်တာ အပါအဝင် ကိုယ်လိုချင်တဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုမှာ ပိုပြီး လွယ်ကူအဆင်ပြေတဲ့ ပုံစံတစ်ခုနဲ့ ချိတ်ဆက်လို့ရအောင် လုပ်ပေးချင်တာတွေကို ပံ့ပိုးပေးဖို့ QR codes တွေ ထည့်ပေးလိုက်ပါပြီ။ Admin တွေအနေနဲ့ Share မီနူးကနေ ဒီ QR codes တွေကို ဒေါင်းလုတ်လုပ် ဒါမှမဟုတ် ကူးထည့်ပြီး လိုအပ်သလို မျှဝေပေးနိုင်ပါတယ်။ ဒီ QR codes တွေကို scan ဖတ်လိုက်မယ်ဆိုရင် group ရဲ့ အကြောင်း ဖော်ပြထားတဲ့ စာမျက်နှာကို ရောက်သွားမှာဖြစ်ပြီး အဲဒီ့မှာ အဖွဲ့ဝင်တာ၊ အဖွဲ့ဝင်ခွင့်တောင်းတာတွေကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ဒါ့အပြင် ကိုယ့် group တွေထဲကိုဝင်အောင် ဖိတ်ခေါ်ဖို့ Admin တွေကနေ အီးမေးလ်ပေးပို့ ဖိတ်ခေါ်နိုင်အောင်လည်း ဆောင်ရွက်ပေးထားပါတယ်။
အခု ထည့်သွင်းပေးထားတဲ့ နည်းပညာကိရိယာနဲ့ လုပ်ဆောင်ချက်အသစ်တွေကို Facebook Community ဝက်ဘ်ဆိုက်မှာ အသေးစိတ် လေ့လာနိုင်ပါတယ်။