တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက်(မန္တလေး)မှShare with Love လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်ကို စတင်မိတ်ဆက်

မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် ဒစ်ဂျစ်တယ်နည်းပညာဗဟိုပြု ထိပ်တန်းကူးသန်း ရောင်းဝယ်ရေးဘဏ်တစ်ခု ဖြစ်လာရန် အကောင်အထည်ဖော်လျက်ရှိသော တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်လီမိတက်(မန္တလေး) သည် အများပြည်သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ကာ Share with Love လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
ဤအစီအစဉ်မှတစ်ဆင့် လူမှုဝန်းကျင်၌ ပေါ်ပေါက်လာသော လိုအပ်ချက် များကို ဖြည်ဆီးပေးနိုင်မည့် အရေးပေါ်ရန်ပုံ ငွေများနှင့် အထောက်အပံ့များကို ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက် (မန္တလေး) သည် Shae with Love လူမှုအကျိုးပြုလုပ်ငန်း အစီအစဉ်စတင်သည့် အထိမ်းအမှတ်အနေဖြင့် ဘိုးဘွားများကို ပြုစုစောင့်ရှောက်လျက်ရှိသော နှင်းဆီကုန်း ဘိုးဘွားရိပ်သာနှင့် ကလေးငယ်များကိုထိန်းသိမ်းပြုစုစောင့်ရှောက်ပေးလျက်ရှိသော ခိုင်နှင်းဝေရင်သွေးလေး များဂေဟာကို သွားရောက်လှူဒါန်းခဲ့သည်။

Photo Source https://www.facebook.com/FDBbankmm

နှင်းဆီကုန်းဘိုးဘွားရိပ်သာတွင် နေထိုင်ကြသော ဘိုးဘွားများ အတွက် ငွေကျပ်သိန်း ၅၀ တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆေးဝါးများနှင့် တစ်နေ့တာ စားသောက်ဖွယ်ရာများကိုသော် လည်းကောင်း၊ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ ရှိ ကလေးငယ်များအတွက် ကျပ်သိန်း ၅၀ တန်ဖိုးရှိ နို့မှုန့်ဗူးများ၊ diaper များနှင့် ဝန်ထမ်းများအတွက် နေ့လယ်စာကို သော်လည်းကောင်း ပေးအပ်ခဲ့သည်။ ထို့ပြင် ငွေကျပ်သိန်း ၁၀၀ တန်ဖိုးရှိ အလားတူလှူဒါန်းမှုကိုလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်ရှိ YGW ပရဟိတမိဘမဲ့ ကျောင်းတွင် ပြုလုပ်ခဲ့သည်။ ဤလူမှုအကျိုးပြုလုပ်ငန်း အစီအစဉ်မှတစ်ဆင့် ဝေးလံခေါင်သီသော ဒေသများသို့ လှူဒါန်းမှုများပြုလုပ်ကာ လူမှုဝန်းကျင်အား တစ်ဖက်တစ်လမ်းမှ ထောက်ပံ့‌မြှင့်တင်ပေးသွားရန် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်းထုတ်ပြန်ထားသည်။
“Covid-19 ကပ်ရောဂါနဲ့ စီးပွားရေးအပြောင်းအလဲတွေကြောင့် လူတော်တော်များများက သူတို့ရဲ့ အခြေခံလိုအပ်ချက် တွေကို ဖြည့်ဆည်းနိုင်ဖို့တောင် ခက်ခဲလာကြတာကိုတွေ့ရပါတယ်။ ဒီလိုခက်ခဲချိန်မှာ လိုအပ်နေတဲ့သူတွေကို တတ်အား သရွေ့ လက်ကမ်းကူညီပေးဖို့က အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ FDB ဘဏ် – မန္တလေးက ဝန်ထမ်းတွေရယ်၊ Excellent Fortune Foundation (EFF Foundation) ရယ် ပူးပေါင်းပြီး ဒီ Share with Love လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်ကနေတစ်ဆင့် ရှေ့တန်းမှာ ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်း တွေကို လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို တွေ့မြင်နေရတဲ့အတွက် အနာဂတ်မှာလည်း တတ်နိုင်သမျှ ထောက်ပံ့မှုတွေ ပြုလုပ်ပေးသွားမယ်လို့လည်း ကတိပြုပါတယ်” ဟု တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက် (မန္တလေး) ၏ အမှုဆောင်အရာရှိချုပ်ဦးဝင်းလွင်က ပြောကြားသည်။

Photo Source https://www.facebook.com/FDBbankmm

“အားလုံးကိုလည်း ဒီလိုလှူဒါန်းထောက်ပံ့မှုတွေမှာ တတပ်တအားနဲ့ ပါဝင်ကြဖို့ တိုက်တွန်း လိုပါတယ်။ ငွေကြေးလှူဒါန်းတာဖြစ်စေ၊ အလှူဒါနဖြစ်မြောက်အောင် လုပ်အားနဲ့ပါဝင်ကူညီပေးတာဖြစ်စေ၊ ကျွန်တော်တို့ရဲ့ Share with Love အစီအစဉ်အကြောင်းကို ပြန်လည်မျှဝေပေးတာပဲဖြစ်စေ ဘယ်လိုပါဝင်မှုမျိုး ဖြစ်ဖြစ် အရေးပါပါတယ်။ FDB ဘဏ် – မန္တလေးအနေနဲ့ Share with Love လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်ဟာ မေတ္တာတရားနဲ့ ဂရုဏာတရားကိုမျှဝေသွားဖို့ အုတ်မြစ်တစ်ခုဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်လှူလိုက်တဲ့ ပမာဏ၊ ကူညီထောက်ပံ့လိုက်တဲ့အရာတစ်ခုက ကိုယ့်အတွက်သေးငယ်ကောင်း သေးငယ်နိုင်ပေမဲ့ လက်ခံရရှိသူ အတွက်တော့ အထောက်အပံ့ကောင်းတစ်ခု ဖြစ်သွားနိုင်တယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသွားခဲ့သည်။