Auto-record လုပ်ပြီး AI နဲ့ Transcribe ပြုလုပ်ပေးလာနိုင်တဲ့ Google Pixel 9

ဩဂုတ်လလောက်မှာ စတင်မိတ်ဆက်လာတော့မယ့် Google ရဲ့ Pixel 9 Series မှာ AI Feature တွေကို တော်တော်များများ ထည့်သွင်း အသုံးပြုပေးထားပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ ပုံမှန်ဖုန်းတွေမှာ အသုံးပြုနိုင်တဲ့ AI Feature တွေအပြင် ဖုန်းခေါ်ဆိုမှုတွေကို Record, Transcribe နဲ့ Summarize လုပ်ပေးနိုင်မယ့် Advance AI လုပ်ဆောင်ချက်တွေ ပါဝင်လာမှာပဲ ဖြစ်ပါတယ်။

Leak ဖြစ်လာတဲ့ Highlight တွေအရ Call Notes ဆိုတဲ့ AI Feature တစ်ခုပါဝင်လာမယ်လို့ သိရပါတယ်။ ဒီလုပ်ဆောင်ချက်မှာတော့ Call Recording နဲ့ Transcription လုပ်ဆောင်ချက်တွေပါဝင်လာမယ့်အပြင် AI-powered Summarization လုပ်ဆောင်ချက်လည်း ပါဝင်လာမယ်လို့ သိရပါတယ်။ Pixel 8 မှာပါဝင်တဲ့ Recorder App မှာတော့ recording နဲ့ transcription ‌တွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။ အခုပါဝင်လာမယ့် Call Notes ကလည်း ဒီလုပ်ဆောင်ချက်တွေကိုပဲ Level မြင့်ပေးထားတဲ့ သဘောမျိုး ဖြစ်နိုင်ပါတယ်။

Image: Google

Call Note လုပ်ဆောင်ချက်ဟာ Google ရဲ့ built-in phone app တစ်ခုဖြစ်လာနိုင်ပါတယ်။ Privacy တွေအတွက် Google က Gemini Nano ကို Recording, Transcribing နဲ့ Summarizing တွေကို ဖုန်းထဲကနေ တိုက်ရိုက် ပြုလုပ်ခွင့်ပေးထားတာလည်း ဖြစ်နိုင်ပါတယ်။

Apple ရဲ့ iOS 18 မှာလည်း Call Recording နဲ့ Transcription လုပ်ဆောင်ချက်တွေပါဝင်တဲ့အတွက် Google ရဲ့ ပြိုင်ဖက်ဖြစ်နေမှာပါ။ iOS 18 မှာ ဒီလုပ်ဆောင်ချက်တွေကိုလုပ်ဆောင်တော့မယ်ဆိုရင် အသုံးပြုသူတွေကို Notification နဲ့ သတိပေးဖော်ပြပေးမှာ ဖြစ်တဲ့အတွက် Google အနေနဲ့လည်း အားသာချက်တစ်ခုဖြစ်အောင် Privacy ပိုင်းကို တင်းတင်းကြပ်ကြပ်နဲ့ ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ဆောင်လာနိုင်စွမ်းရှိပါတယ်။ Apple ရဲ့ Live Call Recording လုပ်ဆောင်ချက်မှာတော့ ဘာသာစကားအနေနဲ့ အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ တရုတ်နဲ့ ပေါ်တူကီဘာသာစကားတွေကို အသုံးပြုနိုင်ပေမယ့် Google ရဲ့ Call Notes လုပ်ဆောင်ချက်မှာတော့ ဘယ်ဘာသာစကားတွေ ရလာနိုင်မယ်ဆိုတာ မသိရသေးပါဘူး။