ဂိမ်းထဲမှာအသက်သေဆုံးခဲ့ရင် အပြင်မှာပါ အသက်ဆုံးရှုံးရမယ့် VR Headset

Virtual World ထဲမှာ လွတ်လွတ်လပ်လပ်သွားလာပြီး ဆော့ကစားရတဲ့ Open World တွေကို ဆော့ကစားရတဲ့ အတွေ့အကြုံတွေက နည်းပညာတွေတိုးတက်လာသလို ခံစားရတဲ့ ခံစားချက် တွေကလည်း ပိုပြီး Reality ဆန်လာပါတယ်။ Open World တွေမှာဆော့ကစားရတဲ့ Mobile Game, Pc Game အမျိုးအစားတွေကလည်း အရသာမျိုး စုံပေးစွမ်းနိုင်ပေမယ့် ကိုယ်တိုင်ကြုံတွေ့နေရသလို VR Headset အသုံးပြုဆော့ကစားရတဲ့ အရသာနဲ့ တော့ အများကြီးကွာခြားလှပါတယ်။ 

Photo Source Palmer Luckey

Oculus VR ကုမ္ပဏီရဲ့ Founder တစ်ဦးဖြစ်သူ Palmer Luckey ဟာလည်း VR Headset အသုံးပြုပြီး ဂိမ်းကစားသူတွေကို ခံစားမှုအပြည့်အဝပေးနိုင်စေဖို့အတွက်ဆိုပြီး ဂိမ်းထဲမှာအသက်သေဆုံးခဲ့မယ်ဆိုရင် အပြင်က ကစားသူပါ အသက်ဆုံးရှုံးရမယ့် VR Headset တစ်ခုကို တီထွင်ခဲ့ပါတယ်။ ဒီ Headset ကို ဂျပန် Manga Series တစ်ခုဖြစ်တဲ့ “Sword Art Online” (SAO) ထဲက NerveGear ကိုအစွဲပြုပြီး ဖန်တီးထားတာလို့လဲ ဆိုပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဂိမ်းထဲမှာသေဆုံးသွားသူတွေဟာ သိပ္ပံပညာရှင်ရဲ့ စမ်းသပ်မှုအဖြစ် သူတို့ရဲ့စိတ်ဝိဉာဉ်ဟာ ပိတ်မိပြီး ဂိမ်းထဲကထွက်လို့မရအောင် ပြုလုပ်ထားတာဖြစ်ပါတယ်။

If you die in the game, you die in real life.

Luckey ရဲ့ အသက်သေဆုံးစေနိုင်တဲ့ VR Headset အကြောင်းကိုလည်း “If you die in the game, you die in real life” ဆိုတဲ့စာသားနဲ့အတူ ဇာတ်လမ်းထဲမှာ SAO စတင်ဖြစ်ပွားတဲ့ နိုဝင်ဘာလ ၆ ရက်နေ့မှာပဲ Blog Post တစ်ခုအနေနဲ့ မိတ်ဆက်ပေးသွားခဲ့တာ ဖြစ်ပါတယ်။

Luckey ရဲ့ Headset ဟာ Meta ရဲ့ Quest Pro Headset နဲ့ဆင်တူပြီး အခု Headset မှာတော့ Screen အပေါ်မှာပေါက်ကွဲစေနိုင်တဲ့ Module သုံးခုကိုတပ်ဆင်ထားပါတယ်။ Luckey ဟာ NerveGear လိုပဲအသုံးပြုလိုက်တာနဲ့ ချွတ်လို့မရနိုင်တဲ့ ဒါမှမဟုတ် ဖျက်ဆီးပစ်နိုင်တဲ့ Headset တစ်ခုကို ဖန်တီးချင်တယ်လို့လဲ ဖော်ပြထားပါသေးတယ်။