လုပ်ဆောင်ချက်အသစ်တွေပါဝင်လာတဲ့ iOS 16.2 Update

Beta Testing တွေပြုလုပ်ပြီးတဲ့နောက်မှာတော့ Apple ဟာ iOS အသုံးပြုသူတွေအတွက် iOS 16.2 ကိုစတင်ချပေးလိုက်ပြီ ဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ iOS 16.2 ကို Upgrade ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာ လုပ်ဆောင်ချက်အသစ်တွေအနေနဲ့ Apple Music Sing, Freeform Collaboration App, Advanced Data Protection for iCloud စတာတွေပါဝင်မှာ ဖြစ်ပါတယ်။ iOS 16.2 နဲ့ iPadOS 16.2 ကို ဒီဇင်ဘာလ ၁၃ ရက်နေ့ကစပြီး iPhone နဲ့ iPad အသုံးပြုသူတွေ Upgrade ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Image: Apple

Apple Music Sing

Apple Music Sing ဟာ Apple Music ရဲ့ Karaoke-style mode တစ်ခုဖြစ်ပါတယ်။ လုပ်ဆောင်ချက်အနေနဲ့ real-time lyrics တွေကိုဖော်ပြပေးမှာဖြစ်ပြီး အသုံးပြုသူဟာလည်း တစ်ချိန်တည်းမှာပဲ သီချင်းလိုက်ဆိုနိုင်မှာ ဖြစ်ပါတယ်။ Apple Music Sing ကို Music App နဲ့တိုက်ရိုက်လည်း ချိတ်ဆက်ပေးထားပါသေးတယ်။ လုပ်ဆောင်ချက်တွေအနေနဲ့ အသံတွေကို ချိန်ညှိပေးနိုင်မယ့် Adjustable Vocals, စီးချက်ပေါ်လိုက်ပြီး ပြောင်းလဲတဲ့ Animated ဖြစ်နေတဲ့ သီချင်းစာသား Real-time Lyrics, Main Vocal ပေါ်လိုက်ပြီး တစ်ပြိုက်နက်တည်းသီဆိုပေးမယ့် Background Vocals နဲ့ Screen ရဲ့ ဆန့်ကျင့်ဘက်ခွဲပြီးသီဆိုနိုင်မယ့် Duet View စတာတွေကိုလည်း လုပ်ဆောင်ပေးဦးမှာ ဖြစ်ပါတယ်။

Apple Music Sing အတွက် သီချင်းသန်းနဲ့ချီလည်း Support ပြုလုပ်ပေးထားပါသေးတယ်။ ဒီလုပ်ဆောင်မှုတွေကို ကမ္ဘာတစ်လွှားက Apple Music Subscriber တွေအနေနဲ့ ဒီလကစတင်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Apple Music Sing ကို iPhone, iPad တွေမှာတင်မကသေးပါဘူး အသစ်ထွက်ရှိထားတဲ့ Apple TV 4K မှာလည်း Support ပေးထားပါသေးတယ်။ ဒါပေမယ့် အရင်ကထွက်ရှိခဲ့တဲ့ Apple TV model တွေမှာတော့ မရနိုင်ဘူးလို့ သိရပါတယ်။

Image: Apple

Freeform

Freeform ဆိုတာကတော့ Apple ရဲ့ Platform တွေအားလုံးပေါ်မှာ အသုံးပြုနိုင်တဲ့ real-time collaborative canvas app တစ်ခု ဖြစ်ပါတယ်။ Mac, iPad နဲ့ iPhone တွေပေါ်ကနေ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ Creative ဖြစ်တဲ့ဖန်တီးမှုတွေအတူဖန်တီးနိုင်မယ့် App တစ်ခုဆိုရင်လည်း မမှားပါဘူး။ File, Image, Sticker တွေကိုထည့်သွင်းနိုင်သလို လက်နဲ့ပုံကြမ်းဆွဲတာနဲ့ အခြားလုပ်ဆောင်ချက်တွေကိုလည်း ထည့်သွင်း ပြုလုပ်နိုင်ပါသေးတယ်။ အသုံးပြုသူတွေအများကြီးက Real-time တစ်ပြိုင်တည်းအသုံးပြုနိုင်တဲ့အတွက် ဒီနေ့ခေတ်ရဲ့ Brainstorming ပြုလုပ်ဖို့ အထောက်အပံ့အများကြီးဖြစ်တဲ့ App တစ်ခု ဖြစ်လာနိုင်ပါတယ်။ Freeform ကို iOS 16.2 နဲ့ iPadOS 16.2 မှာအသုံးပြုနိုင်ပြီဆိုပေမယ့် Mac တွေအတွက်ကတော့ macOS 13.1 မှာအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Image: Apple

Advanced-Data Protection for iCloud

Advanced Data Protection ဆိုတာကတော့ iCloud ရဲ့ ပိုလိုလုံခြုံတဲ့စနစ်ကို ပံ့ပိုးပေးနိုင်မယ့် end-to-end encryption တစ်ခုဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ end-to-end encryption ကိုအသုံးပြုပြီး ထိန်းသိမ်းပေးထားတဲ့ iCloud Data Category အရေအတွက်ကို ၂၃ အထိတိုးထားပေးပါတယ်။ ဒီအထဲမှာတော့ iCloud Backup, Notes, Photos, Reminders, Safari Bookmarks, Siri Shortcuts, Voice Memos, Wallet Passes စတာတွေ ပါဝင်ပါတယ်။

Image: Apple

Lock Screen and Always-on Display

Apple အနေနဲ့ iOS 16 ရဲ့ Lock Screen Customization နဲ့ iPhone 14 Pro ရဲ့ Always-on Display ကိုပြောင်းလဲမှု ပြုလုပ်ထားပါသေးတယ်။ iPhone 14 Pro နဲ့ iPhone 14 Pro Max ရဲ့ Always-On Display မှာ Wallpaper ဒါမှမဟုတ် notification တွေကို ဖျောက်ထားလို့ရပြီ ဖြစ်ပါတယ်။ Sleep Widget ဟာလည်း ကိုယ်ပုံမှန်အိပ်တဲ့ Sleep Data ကိုဖော်ပြပေးနေမှာပါ။