ကမ္ဘောဇဘဏ်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနတို့ ဦးဆောင်သော ကိုဗစ်-၁၉ ကပ်ရောဂါ ပျံ့နှံ့ကူးစက်မှုကို ထိန်းချုပ်ဖြတ်တောက်သွားနိုင်ရေး ကြိုးပမ်းမှုဖြစ်သည့် ‘Stop COVID-19 Yellow Campaign’ အဝါရောင်လူထု အသိပညာပေး အစီအစဉ်တွင် ပါဝင်ကူညီ ပံ့ပိုးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ နှာခေါင်းစည်းတပ်ဆင်ရန်၊ ပုံမှန် လက်ဆေးရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန် စသည်တို့ကို ပြည်သူများ ပိုမို သတိပြု လိုက်နာလာစေရေး အရှိန်မြှင့်ဆောင်ရွက်သွားရန် ဖြစ်သည်။
အဝါရောင် လူထုအသိပညာပေးမှုဖြစ်သည့် ‘Stop COVID-19 Yellow Campaign’ လှုပ်ရှားမှု အစီအစဉ်ကို New Normal ၊ New Living ၊ New Yangon ဆောင်ပုဒ်နှင့် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ခဲ့ပါသည်။ အဝါရောင်ကို အသုံးပြုရခြင်းမှာ ထင်သာမြင်သာရှိပြီး အများပြည်သူအနေဖြင့် ပိုစတာများကို သတိထားဖတ်မိစေရန် တိုက်တွန်းနိုင်သောကြောင့် ဖြစ်ပါသည်။ အဝါရောင် ပိုစတာများကို လူသွားလူလာများသည့် ဘတ်စ်ကားမှတ်တိုင်များ၊ အကြို၊ အပို့ ပြုလုပ်သည့် ဂိတ်ပေါက်များ၊ ဆေးရုံများ၊ ဟိုတယ်များနှင့် ဘဏ်ခွဲများတွင် ထားရှိခဲ့ပြီး ဖြစ်ပါသည်။
Photo Source https://www.kbzbank.com
အဆိုပါ အစီအစဉ်အရ ကမ္ဘောဇဘဏ်က customers များအား ကိုဗစ်-၁၉ ကပ်ရောဂါဘေးအန္တရာယ်မှ ကာကွယ်နိုင်မည့် အမူအကျင့်များကို လိုက်နာလာကြစေရန် တိုက်တွန်းအားပေးသောအနေဖြင့် ရန်ကုန်မြို့ရှိ ဘဏ်ခွဲများတွင် ပိုစတာများ ထားရှိခြင်း၊ လက်ကမ်းစာစောင်များ မျှဝေခြင်းတို့ကို ပြုလုပ်သွားမည် ဖြစ်ပါသည်။ ‘Stop COVID-19 Yellow Campaign’ အသိပညာပေးနှိုးဆော်ချက်ကို SMS နှင့် အက်ပလီကေးရှင်းမှတစ်ဆင့် အသိပေးချက် ပေးပို့သည့် လုပ်ဆောင်ချက်ကို အသုံးပြု၍ KBZPay အသုံးပြုသူပေါင်း (၇.၅) သန်းနှင့် ကမ္ဘောဇ mBanking အသုံးပြုသူပေါင်း (၇၈၀,၀၀၀) ထံသို့လည်းကောင်း၊ နေ့စဉ် customer ပေါင်း (၇၅,၀၀၀) ခန့် အသုံးပြုနေသည့် ကမ္ဘောဇဘဏ်၏ ATM စက်များမှ လည်းကောင်း၊ အသိပညာပေး အချက်အလက်များ ပေးပို့မည် ဖြစ်ပါသည်။ အသိပညာပေး အကြောင်းအရာများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး အစီအစဉ်များနှင့် ပတ်သက်သည့် နောက်ဆုံးရ လေ့လာတွေ့ရှိချက်များကိုလည်း ကမ္ဘောဇဘဏ်၏ လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် ဖော်ပြပေးမည် ဖြစ်သည်။
“ကိုဗစ်-၁၉ ကို တိုက်ထုတ်ပစ်ဖို့ဆိုရင် ကျွန်တော်တို့ အားလုံးရဲ့ စုပေါင်းအင်အား လိုပါတယ်။ ကမ္ဘောဇဘဏ်အနေနဲ့ အခုလို ‘Stop COVID-19 Yellow Campaign’ လှုပ်ရှားမှုမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီပေးခွင့်ရတဲ့အတွက် တစ်ကယ့်ကို ဝမ်းမြောက်ဂုဏ်ယူ မိပါတယ်။ ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကနေ သန်းပေါင်းများစွာသော customer တွေနဲ့ လူအများကို ကိုယ်ကိုယ်တိုင်နဲ့ အခြားသူတွေကို ရောဂါကူးစက်ခြင်းကနေ ကာကွယ်နိုင်အောင် အမြဲမပြတ် သတိရှိနေဖို့ တိုက်တွန်းနှိုးဆော်သွားမှာ ဖြစ်ပါတယ်” ဟု ကမ္ဘောဇဘဏ်၏ Value Center General Manager ဖြစ်သူ ဦးစိုးကိုကို မှ ပြောကြားသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်ကပင် ကမ္ဘောဇဘဏ်သည် ၎င်း၏ customer များနှင့် ဝန်ထမ်းများအတွက် ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအစဉ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ချမှတ်လုပ်ဆောင်ခဲ့ပါသည်။ ကမ္ဘောဇဘဏ်သည် customers များ နေ့စဉ် လိုအပ်သည့် ဘဏ်ဝန်ဆောင်မှုများကို ဆက်လက်ပေးအပ်နိုင်ရန် ဘဏ်ခွဲတိုင်းတွင် ဘေးကင်းလုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်များအား စနစ်တကျ စီမံဆောင်ရွက်ခဲ့ပါသည်။ Customer အများစုမှာ ဒစ်ဂျစ်တယ် စီးပွားရေးစနစ်ကို မြန်မြန်ဆန်ဆန် ကူးပြောင်းနိုင်ခဲ့သော် လည်း ဘဏ်ခွဲများတွင် ပေးအပ်သော ဝန်ဆောင်မှုအပေါ် မှီခိုနေရတဲ့သူများလည်း ရှိနေသည်။
အထက်ပါအချက်နှင့်အတူ နိုင်ငံ၏ စီးပွားရေးကဏ္ဍ အဆင်ပြေပြေ လည်ပတ်နိုင်ရေးအတွက် ဘဏ်ခွဲများ၏ အရေးပါပုံကို ထည့်သွင်းစဉ်းစားပြီး တစ်နိုင်ငံလုံးရှိ ဘဏ်ခွဲများတွင် ကိုဗစ်-၁၉ ကာကွယ်ရေး အစီအစဉ်များကို ပုံစံအမျိုးမျိုးဖြင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့သည်။
Photo Source https://www.kbzbank.com
“ကျွန်တော်တို့ ဘဏ်အနေနဲ့ ၂၀၂၀ ခုနှစ်၊ မတ်လ အစပိုင်းကတည်းက ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ပြင်ဆင်မှုတွေ စတင်ခဲ့တာပါ။ ကူးစက်ရောဂါ ပျံ့နှံ့မှုကလည်း တဖြည်းဖြည်း တိုးပွားလာနေတဲ့အတွက် ကျွန်တော်တို့ customers ဝန်ထမ်းတွေနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ ဘေးကင်းလုံခြုံရေးကို ရှေးရှုပြီး ဒီလုပ်ငန်းစဉ်တွေကို တိုးချဲ့ဆောင်ရွက်ခဲ့ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေ အနည်းဆုံး ဖြစ်စေဖို့ ကျွန်တော်တို့ရဲ့ mobile banking နဲ့ KBZPay အက်ပလီကေးရှင်းတွေကို အသုံးပြုကြပါလို့ အင်တိုက်အားတိုက် တိုက်တွန်းနေပေမဲ့လည်း ဒီဝန်ဆောင်မှုတွေကို လူတိုင်း ရယူအသုံးမပြုနိုင်သေး တဲ့အတွက်၊ တချို့ customer တွေအနေနဲ့ ဘဏ်ခွဲရှိတဲ့ နေရာကို သွားဖို့လိုအပ်နေဆဲဖြစ်တယ်ဆိုတာ ကျွန်တော်တို့ နားလည်သဘောပေါက်ထားပါတယ်” ဟု ဦးစိုးကိုကို က ထပ်မံပြောကြားသည်။
ကိုဗစ်-၁၉ သည် မြန်မာနိုင်ငံက ပြည်သူများ၏ ဘဏ်ဝန်ဆောင်မှု ရယူသည့်ပုံစံ၊ ဈေးဝယ်၊ ငွေချေသည့် ပုံစံများ အားလုံးကို ဒစ်ဂျစ်တယ် စီးပွားရေးစနစ်တစ်ခုအဖြစ် အရှိန်အဟုန်ဖြင့် အသွင်ကူးပြောင်းပေးသကဲ့သို့ ဖြစ်စေခဲ့ပါသည်။ ကမ္ဘောဇဘဏ် အနေဖြင့် ဤပြောင်းလဲမှုကို လက်ခံကြိုဆိုပြီး customer များအား ATMs ၊ KBZPay မိုဘိုင်းပိုက်ဆံအိတ်၊ KBZ iBanking နှင့် mBanking အစရှိသော တစ်ဦးနှင့်တစ်ဦး ထိတွေ့မှု လုံးဝ မရှိသည့် ဒစ်ဂျစ်တယ် ဘဏ်ဝန်ဆောင်မှုများကို ပြောင်းလဲအသုံးပြုကြရန် တိုက်တွန်းခဲ့ပါသည်။ အဆိုပါဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့် ဘဏ်ခွဲတစ်ခုသို့ သွားစရာ မလိုတော့ဘဲ မိမိတို့၏ ငွေကြေးများကို ဘေးကင်းလုံခြုံမှုရှိစွာ စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့အထိ ကမ္ဘောဇဘဏ်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘဏ်ခွဲပေါင်း (၁၂၂) ဘဏ်ကို ဆက်လက် ဖွင့်လှစ် ဝန်ဆောင်ပေးလျက် ရှိပါသည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ အခြားဘဏ်ခွဲများအားလည်း ပုံမှန်အတိုင်း ဆက်လက် လည်ပတ်လျက်ရှိပါသည်။ အဆိုပါ ဘဏ်ခွဲများကို ပုံမှန်ဘဏ်လုပ်ငန်းချိန်အတိုင်း တနင်္လာနေ့မှ သောကြာနေ့၊ နံနက် (၉:၃၀) နာရီမှ နေ့လယ် (၃) နာရီ အတွင်း ဆက်လက်ဖွင့်လှစ် ဝန်ဆောင်ပေးသွားမည်ဖြစ်သည်။