KBZ Bank က COVID-19 Vaccination Fund သို့ ငွေကျပ် (၃) ဘီလီယံ လှူဒါန်း

ကမ္ဘောဇဘဏ်သည် နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရာတွင် အထောက်အပံ့ဖြစ်စေရန် ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေအတွက် ငွေကျပ် (၃) ဘီလီယံ လှူဒါန်းခဲ့ပါသည်။ ကမ္ဘောဇဘဏ်၏ လှူဒါန်းမှုမှာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းများကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်နိုင်ရန် ရည်မှန်းဆောင်ရွက်နေမှုများကို ပံ့ပိုးကူညီပေးရန်အတွက်ဖြစ်ပြီး ဘဏ်၏ လူမှုရေးရှေးရှု ဆောင်ရွက်မှုများနှင့် လူမှုအကျိုးပြု ပူးပေါင်းဆောင်ရွက်မှု ကော်မတီ (SPIP) ၏ ခွင့်ပြုချက်အရ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (MoHS) အနေဖြင့် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလကစတင်ပြီး အစိုးရရန်ပုံငွေကို အသုံးပြု၍ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသည် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဝယ်ယူရရှိနိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ စီမံခန့်ခွဲမှုဆပ်ကော်မတီကို ဖွဲ့စည်းခဲ့သည်။

Photo Source https://www.facebook.com/KanbawzaBank

ဆပ်ကော်မတီအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေအတွက် နိုင်ငံခြားငွေစာရင်းတစ်ခု၊ မြန်မာကျပ်ငွေစာရင်းတစ်ခု ဖွင့်လှစ်ထားရှိခဲ့ပါသည်။ အဆိုပါစာရင်းများထဲသို့ နိုင်ငံတော်မှ မတည်ရန်ပုံငွေ၊ အမေရိကန်ဒေါ်လာ သန်း (၂၅၀) နှင့် ငွေကျပ်သန်း (၁,၀၀၀) ကို စတင် ထည့်သွင်းထားပါသည်။ ထို့နောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် ကာကွယ်ဆေးဝယ်ယူရေးအတွက် ပြည်တွင်း၊ ပြည်ပမှ လှူဒါန်းလိုကြသော ပြည်သူများ၊ အဖွဲ့အစည်းများအား ပါဝင်လှူဒါန်းကြရန် ဖိတ်ခေါ်ခဲ့ပါသည်။
ကမ္ဘောဇဘဏ်သည် နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးဝယ်ယူရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် ငွေကျပ် (၃) ဘီလီယံကို မြန်မာ့စီးပွားရေးဘဏ်တွင်ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ မြန်မာငွေကျပ်စာရင်းအမှတ် (OA 013733) သို့ ဇန်နဝါရီလ ၁၁ ရက်နေ့တွင်လှူဒါန်းခဲ့သည်။
“နိုင်ငံတော်အစိုးရကနေ မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းစဉ်အတွက် ပါဝင်လှူဒါန်းကြဖို့ ဖိတ်ခေါ်နေတဲ့အချိန်မှာ အခုလို တတ်နိုင်သရွေ့ ပါဝင်ကူညီပံ့ပိုးခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ အခုအချိန်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါကို ကျွန်မတို့ရဲ့ စုပေါင်းအင်အားနဲ့ တိုက်ထုတ်ဖို့ အရေးကြီးတဲ့ အချိန်ရောက်နေပါပြီ။ ကာကွယ်ဆေးက ကပ်ရောဂါဖြစ်ပွားနေတဲ့ အခြေအနေကို ပြောင်းလဲနိုင်ပြီး ရှေ့လျှောက် နိုင်ငံတော် ပြန်လည်တည်ဆောက်ရာမှာ အထောက်အကူဖြစ်စေနိုင်တဲ့ အဓိက သော့ချက်တစ်ခု ဖြစ်နေပါတယ်။ ကျွန်မတို့ ကမ္ဘောဇဘဏ်အနေနဲ့ ဒီလှူဒါန်းမှုကို မေတ္တာတရား အရင်းခံပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းစဉ်အတွက် ဝိုင်းဝန်းကူညီ ပံ့ပိုးပေးကြမယ်လို့ မျှော်လင့်ပါတယ်” ဟု ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေါ်နန်းလိုင်းခမ်း က ပြောသည်။
ကမ္ဘောဇဘဏ်၏ လူမှုရေးရှေးရှု ဆောင်ရွက်မှုများနှင့် လူမှုအကျိုးပြု ပူးပေါင်းဆောင်ရွက်မှု ကော်မတီ (SPIP) သည် ဘဏ်က လက်ခံရရှိသည့် လှူဒါန်းမှု တောင်းဆိုချက်များ အားလုံးကို စနစ်တကျ လေ့လာဆုံးဖြတ်ပြီး အဆိုပါ လှူဒါန်းမှုများကြောင့် ရလာနိုင်သည့် အကျိုးဆက်ကို ခန့်မှန်းတွက်ချက်ခြင်း၊ လှူဒါန်းမှုကို စနစ်တကျ အသုံးပြုခြင်းများ ပြုလုပ်နိုင်ရန် စိစစ်ပေးလျက် ရှိပါသည်။ SPIP ၏ လမ်းညွှန်မှုနှင့်အတူ ကမ္ဘောဇဘဏ်က နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် မြန်မာကျပ်ငွေ (၉) ဘီလီယံ ပါဝင်လှူဒါန်းခဲ့ပြီး ဖြစ်သည်။
အဆိုပါ လှူဒါန်းမှုများတွင် Yangon Convention Center ကို ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာအဖြစ် ပြောင်းလဲရာတွင် ပံ့ပိုးပေးနိုင်ရန် မြန်မာကျပ်ငွေ (၁.၅) ဘီလီယံ၊ မြန်မာနိုင်ငံ အနှံ့အပြားရှိ အကူအညီ လိုအပ်နေသည့် ပြည်သူများအတွက် ရိက္ခာဆန် အထောက်အပံ့ပေးရန် မြန်မာကျပ်ငွေ (၅၅၉) သန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွက် ရွေ့လျားကိုယ်အပူချိန်တိုင်းစက် ခြောက်လုံး ဝယ်ယူနိုင်ရန် မြန်မာကျပ်ငွေ သန်း (၁၂၀) လှူဒါန်းခဲ့ခြင်းတို့ ပါဝင်သည်။

Photo Source https://www.facebook.com/KanbawzaBank

ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇညီနောင်ကုမ္ပဏီများဖြစ်ကြသော KBZ MS General Insurance နှင့် AIR KBZ တို့အပြင် နာယကကြီးနှင့်အတူ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တုန့်ပြန်ရေးအတွက် လှူဒါန်းမှု စုစုပေါင်း မြန်မာကျပ်ငွေ (၁၄.၂) ဘီလီယံ ပြုလုပ်ပေးခဲ့ပြီး ဖြစ်ပါသည်။ ယနေ့အထိ ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇညီနောင်ကုမ္ပဏီများသည် မြန်မာနိုင်ငံရှိ ပြည်သူများအား ပံ့ပိုးကူညီနိုင်ရန်အတွက် စုစုပေါင်း မြန်မာကျပ်ငွေ (၁၈၄) ဘီလီယံကျော် လှူဒါန်းခဲ့ပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။