The Banker’s Choice Award 2020 ဆုကြီးကို CB Bank နှင့် Grab တို့အား ပေးအပ်ချီးမြှင့်

CB Bank နှင့် Grab တို့သည် The Asian Banker က ၂၀၂၀ ပြည့်နှစ်အတွက်ချီးမြှင့်သော ‘End-to-End Integrated Cash Management and Banking Solution’ ကဏ္ဍအတွက် Bankers’ Choice Awards ကို ပူးတွဲရရှိခဲ့သည်။ မြန်မာနိုင်ငံရှိ ဘဏ်များနှင့် Corporate Client မိတ်ဖက်များအကြား ပူးပေါင်းဆောင်ရွက်မှုကြောင့် နိုင်ငံအတွင်းရှိ ပြည်သူများ၏ လူနေမှုဘဝတွင် ကောင်းမွန်သည့် အကျိုးကျေးဇူးများ ယူဆောင်လာနိုင်ပြီး အားလုံးပါဝင် အသုံးပြုနိုင်သည့် ငွေရေးကြေးရေး ကဏ္ဍ (Financial Inclusion) ပေါ်ပေါက်လာစေရန် အထောက်အကူဖြစ်စေခဲ့သည့်အပေါ် အသိအမှတ်ပြုသည့် အနေဖြင့် ဤဆုအား ပေးအပ်ခြင်းဖြစ်သည်။

Photo Source https://www.facebook.com/GrabMM

CB Bank သည် ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံတွင်း စတင်ဝင်ရောက်လာခဲ့သည့် နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သော Grab ၏ အငှားယာဉ်ဝန်ဆောင်မှုများ၊ အစားအသောက် ပို့ဆောင်ရေးနှင့်စားသောက်ကုန်ပစ္စည်း ပို့ဆောင်ရေး စသည့် လုပ်ငန်းလည် ပတ်မှုများအတွက် ကနဦးအစကပင် လက်တွဲကာ ဘဏ်ဝန်ဆောင်မှုများ ပေးအပ်ခဲ့သည်။ ထို့ကြောင့် ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများရှိ များစွာသော Grab မိတ်ဖက် ယာဉ်မောင်းများနှင့် မိတ်ဖက်အစားအသောက် ပို့ဆောင်သူများအတွက် ပထမဦးဆုံးသော ဘဏ်စာရင်းများနှင့် Mobile Banking အကောင့်များကို ပထမဦးဆုံးအကြိမ်အဖြစ် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး အားလုံးပါဝင် အသုံးပြုနိုင်သည့် ငွေရေးကြေးရေးကဏ္ဍ (Financial Inclusion) မှ အကျိုးကျေးဇူးများကို ရယူခံစားနိုင်ရန် ပံ့ပိုးပေးနိုင်ခဲ့သည်။ CB Bank နှင့် Grab ၏ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်လာသည်နှင့်အမျှ API Integration (API နည်းပညာဖြင့် ချိတ်ဆက်ခြင်း) ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး Grab Taxi မောင်းနှင်သူများနှင့် အစားအသောက်ပို့ဆောင်သူများမှာ စောင့်ဆိုင်းစရာမလိုတော့ဘဲ ၎င်းတို့၏ ဝင်ငွေများကို ဘဏ်စာရင်းသို့ ချက်ချင်းလွှဲပြောင်းနိုင်ပြီ ဖြစ်ပါသည်။

Photo Source https://www.facebook.com/GrabMM

“အာဆီယံဒေသအတွင်းရှိ ထိပ်တန်း နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Grab နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းဟာ CB Bank အတွက် ကြီးမားတဲ့ အောင်မြင်မှုမှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ ဒီပူးပေါင်းမှုဟာ ကျွန်တော်တို့ရဲ့ ecosystems banking နည်းဗျုဟာကနေတဆင့် ဘဏ်ဝန်ဆောင်မှုတွေကို ငွေရေးကြေးရေးနဲ့ နည်းပညာ ပလက်ဖောင်းတစ်ခုအနေနဲ့ ပေးအပ်သွားဖို့ဆိုတဲ့ မျှော်မှန်းချက်နဲ့လည်း ထပ်တူကျပါတယ်။ အခုလို နည်းပညာ ဦးဆောင်တဲ့ ၂၁ ရာစုမှာ ဘဏ်တွေဟာ အများနဲ့ ပူးတွဲဆောင်ရွက်ဖို့ အရင်ကထက် ပိုပြီး လိုအပ်လာပါတယ်။ ဘဏ်တွေအနေနဲ့ ecosystem players တွေကို ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် နည်းပညာ စွမ်းဆောင်ရည်တွေ လိုအပ်လာပါတယ်။ အဲဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ CB Bank ဟာ ၂၀၁၀ ပြည့်နှစ်၊ မြန်မာနိုင်ငံ စီးပွားရေးကဏ္ဍ ပိုမို လမ်းပွင့်လာပြီး နိုင်ငံတကာနဲ့ ပြန်လည်ချိတ်ဆက်လာတဲ့ အချိန်ကတည်းက အဓိကထားပြီး နည်းပညာစွမ်းရည်များ တိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့ပါတယ်။ ဒီဆုဟာ ကျွန်တော်တို့နဲ့အတူ မိတ်ဖက်ဖြစ်တဲ့ Grab တို့ရဲ့ အချင်းချင်း အပြန်အလှန်မှီခိုအားထား ယုံကြည်မှု၊ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် အတားအဆီး၊ အခက်အခဲတွေကို ကျော်ဖြတ်ပြီး အောင်မြင်စွာ ဆောင်ရွပ်နိုင်ခဲ့တဲ့ သက်သေအဖြစ် ပေးအပ်ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။ နောက်ထပ်လည်း Grab နဲ့အတူ ပူးပေါင်းမှုတွေ ပိုမိုဆောင်ရွက်သွားဖို့ မျှော်လင့်ပါတယ်” ဟု CB Bank ၏ ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်သူ ဦးသိန်းဇော်ထွန်းက ပြောကြားသည်။
“Grab မိတ်ဖက်ယာဉ်မောင်းတွေနဲ့ မိတ်ဖက်အစားအသောက်ပို့ဆောင်သူတွေအတွက် CB Bank နဲ့ ပူးပေါင်းပြီး မိုဘိုင်းလ်ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေ ပေးနိုင်တဲ့အပေါ် နိုင်ငံတကာအဆင့် ဂုဏ်သတင်း ကြီးမားတဲ့ဆု ချီးမြင့်ခံရတဲ့ အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်မတို့ အတူတကွပူးပေါင်းပြီး သောင်းချီတဲ့ Grab မိတ်ဖက်ယာဉ်မောင်းတွေကို ပုံမှန် ဘဏ်ဝန်ဆောင်မှုတွေ ရယူနိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တဲ့အတွက် သူတို့အတွက် ငွေကြေးဆိုင်ရာ လုံခြုံစိတ်ချရမှုနဲ့ အဆင်ပြေလွယ်ကူမှု စတဲ့ အကျိုးကျေးဇူးတွေ ရယူနိုင်အောင် ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ Grab ရဲ့ မြန်မာနိုင်ငံအတွက်ထားရှိတဲ့ ရည်မှန်းချက်ကလည်း နည်းပညာကိုအသုံးချပြီး စီးပွားရေးအခွင့်အလမ်းတွေဖော်ဆောင်ဖို့နဲ့ အခက်အခဲတွေကို ကျော်လွှားဖို့ဖြစ်ပါတယ်။ ဒီဆုကလည်း ကျွန်မတို့တန်ဖိုးထားရတဲ့ Grab မိတ်ဖက်ယာဉ်မောင်း တွေအတွက် လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ အရာဖြစ်တဲ့အတွက် အလွန်ဂုဏ်ယူမိပါတယ်” ဟု Grab Myanmar ၏ Country Head ဖြစ်သည့် Cindy Toh က ပြောကြားသည်။
၂၀၁၂ ခုနှစ်မှ စတင်ပေးအပ်သော The Bankers’ Choice Award သည် ဘဏ်များနှင့် Customer များ၏ ပူးပေါင်းဆောင်ရွက်မှု၊ ကုမ္ပဏီများ၏ ပြောင်းလဲလာသော လိုအပ်ချက်များအပေါ် ဘဏ်များက ဖြည့်ဆည်းပေးနိုင်မှုများကို အကဲဖြတ်အသိအမှတ်ပြုခြင်းဖြစ်ပါသည်။ Banker Choice Awards သည် Benchmarking နည်းစနစ်၊ Interviews များ၊ Survey များနှင့် ကမ္ဘာတစ်ဝန်းမှ အခြား ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများထံမှ အကဲဖြတ်မှုများအပေါ် အခြေခံ၍ The Asian Banker က ဆုများချီးမြင့်ခြင်း ဖြစ်ပါသည်။
CB Bank ကို ၁၉၉၂ ခုနစ်တွင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံရှိ အကြီးဆုံးသော ပုဂ္ဂလိကဘဏ်များထဲမှ တစ်ဘဏ် ဖြစ်ပါသည်။ ဘဏ်ဝန်ဆောင်မှုလုပ်ငန်း၏ ဖောက်သည်များအပေါ် အကျိုးပြုမှုကို ပိုမိုထိရောက်လာစေရန် နည်းပညာများကိုအသုံးပြုပြီး လုပ်ဆောင်လျက်ရှိပါသည်။

Photo Source https://www.facebook.com/GrabMM

၂၈ နှစ်တာကာလအတွင်း CB Bank သည် ဝန်ထမ်းပေါင်း ၃၀ ကျော်မှ ဝန်ထမ်းပေါင်း ၉,၀၀၀ ခန့်အထိ တိုးချဲ့ ခန့်ထားနိုင်ခဲ့ပြီး ဘဏ်ခွဲပေါင်း ၂၄၅ ခုခန့်ကို ဖွင့်လှစ်ထားနိုင်ခဲ့ပါသည်။ Customer များ၏ လိုအပ်ချက်များနှင့် အံဝင်ခွင်ကျဖြစ်ရန် စီမံထားသည့် ဘဏ်ဝန်ဆောင်မှုများကို ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် တစ်ဦးချင်း Customer များအတွက် ဝန်ဆောင်မှုများကို အကောင်းဆုံးပေးဆောင်နေသည်။
Grab သည် အရှေ့တောင်အာရှတွင် ထိပ်တန်းနေ့စဉ်သုံး Everyday Everything App ဖြစ်ပြီး သုံးစွဲသူများအတွက် အလိုအပ်ဆုံးသော နေ့စဉ်သုံးဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။ ယခုအခါတွင် Grab App ကို ဒေါင်းလုဒ်ရယူထားသည့် မိုဘိုင်းလ်ဖုန်းပေါင်း ၂၀၅ သန်းကျော်ရှိနေပြီဖြစ်ပြီး အသုံးပြုသူများအတွက် ယာဉ်မောင်းများ၊ လုပ်ငန်းရှင်များနှင့် အေးဂျင့်များ စုစုပေါင်း ၉ သန်းကျော်တို့နှင့် ချိတ်ဆက်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးထားပါသည်။ Grab သည် ဒေသတွင်း အငှားယာဉ်အကြီးဆုံးကွန်ရက်ကို ရရှိထားပြီး စတင်တည်ထောင်ချိန် ၂၀၁၂ ခုနှစ်မှစပြီး ခရီးစဉ်ပေါင်း ၄ ဘီလီယံကျော်ကို ပို့ဆောင်ပြီးစီးခဲ့ပြီဖြစ်သည်။ Grab သည် ဒေသတွင်း အငှားယာဉ်ဝန်ဆောင်မှုအမျိုးအစား အများဆုံးကိုဝန်ဆောင်မှုပေးနေပြီး အစားအသောက်၊ ပစ္စည်းပို့ဆောင်ရေး၊ မိုဘိုင်းလ်ငွေပေးချေစနစ်နှင့် ဘဏ္ဏာရေးဆိုင်ရာ ဝန်ဆောင်မှုများကို အရှေ့တောင်အာရှ ၈ နိုင်ငံရှိ မြို့ပေါင်း ၃၃၉ မြို့တွင် ပေးအပ်လျက်ရှိသည်။
ထပ်မံသိရှိလိုပါက http://www.grab.com နှင့် https://www.facebook.com/GrabMM တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။