KBZPay အား ပုံစံသစ်၊ ထပ်ဆောင်း လုပ်ဆောင်ချက်အသစ်များဖြင့် အက်ပလီကေးရှင်း ဗားရှင်းအသစ် စတင်မိတ်ဆက်

KBZPay က ပိုမိုကောင်းမွန်သော အက်ပလီကေးရှင်း အသုံးပြုမှု အတွေ့အကြုံ ရရှိစေရန် ဆန်းသစ်သော ပုံစံသစ်တစ်ခုဖြင့် Android နှင့် iOS နှစ်မျိုးလုံးတွင် အသုံးပြုနိုင်သည့် KBZPay မိုဘိုင်းအက်ပလီကေးရှင်း ဗားရှင်းအသစ်တစ်ခုကို မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
အက်ပလီကေးရှင်း ဗားရှင်းအသစ်တွင် customer များနှင့် ရင်းနှီးပြီးသား အသုံးများသည့် အဓိက လုပ်ဆောင်ချက်နှင့် ဝန်ဆောင်မှုများကို ယခင်အတိုင်း ပြန်လည်ထည့်သွင်းပေးထားသည့်အပြင် KBZPay မိတ်ဖက်ဈေးဆိုင်များနှင့် ကိုယ်စားလှယ်များကို customer များနှင့် ချိတ်ဆက်ရာတွင် အဆင်ပြေလွယ်ကူစေပြီး ပိုမို ကောင်းမွန်သော ငွေသားမဲ့သုံးစွဲမှု အတွေ့အကြုံ ပေးစွမ်းနိုင်မည့် လုပ်ဆောင်ချက်အသစ်များကိုလည်း ထည့်သွင်းထားသည်။
KBZPay အက်ပလီကေးရှင်း ဗားရှင်းအသစ်တွင် ပါဝင်လာသည့် ပုံစံအသစ်များမှာအောက်ပါအတိုင်းဖြစ်သည်။
ကျွန်ုပ်၏ ဝန်ဆောင်မှုများ အမည်ရှိ နေရာတွင် customer များသည် မိမိတို့ အကြိုက်ဆုံး KBZPay လုပ်ဆောင်ချက်များကို တစ်နေရာထဲတွင် ရွေးချယ်စုစည်းထားနိုင်ပြီး ထိရောက်မြန်ဆန်စွာ အသုံးပြုနိုင်မည် ဖြစ်သည်။ ကျွန်ုပ်၏ ဝန်ဆောင်မှုများ ဆိုသည့်နေရာအတွင်း မိမိ နှစ်သက်ရာ လုပ်ဆောင်ချက်များ စုစည်းထားရှိခြင်းကို စက္ကန့်ပိုင်းအတွင်း လုပ်ဆောင်နိုင်သည်။

Photo Source https://www.facebook.com/KBZPay

KBZPay အက်ပလီကေးရှင်း၏ အောက်ခြေရှိ လူမှုဘဝဝန်ဆောင်မှုအား နှိပ်ပြီး ကျွန်ုပ်၏ ဝန်ဆောင်မှုများ နေရာကို ကြည့်ရှုနိုင်ပါသည်။ ထို့နောက် ပြင်ဆင်မည် ကို နှိပ်ပြီး ပေါင်းထည့်ခြင်း သို့မဟုတ် ဖယ်ရှားခြင်း အမှတ်အသားလေးများဖြင့် မိမိ အလွယ်တကူ ဝင်ရောက်လိုသော လုပ်ဆောင်ချက်များကို စီစဉ်ဆောင်ရွက်နိုင်သည်။ ပြင်ဆင်မှုများ ပြုလုပ်ပြီးပါက KBZPay အက်ပလီကေးရှင်းအတွင်းရှိ ပင်မ စာမျက်နှာနှင့် လူမှုဘဝဝန်ဆောင်မှု စာမျက်နှာ နှစ်ခုစလုံးရှိ ကျွန်ုပ်၏ ဝန်ဆောင်မှုများ နေရာတွင် ပြောင်းလဲသွားမည် ဖြစ်သည်။
KBZPay အက်ပလီကေးရှင်းအတွင်းရှိ မက်ဆေ့ စာမျက်နှာတွင် customer များအတွက် ကမ္ဘောဇဘဏ်နှင့် KBZPay တို့မှ တရားဝင်ထုတ်ပြန်ထားသော သတင်း၊ ဆောင်းပါးနှင့် သတင်းအချက်အလက်များအပြင် မိတ်ဖက်အဖွဲ့အစည်းများ၏ ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များကို ဖတ်ရှုနိုင်မည် ဖြစ်သည်။ KBZPay ဒစ်ဂျစ်တယ်ငွေပေးချေမှု ဂေဟစနစ်အတွင်းရှိ မိတ်ဖက်ဈေးဆိုင်များထံမှ ပေးပို့သော စာများ၊ သတင်းအချက်အလက် ကိုလည်း လက်ခံရရှိနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် မက်ဆေ့ စာမျက်နှာတွင် အားကစား၊ ဖျော်ဖြေရေး၊ ဖက်ရှင်နှင့် အခြား ခေါင်းစဉ်အမျိုးမျိုးတို့မှ နောက်ဆုံးရ သတင်းများကို မျှဝေပေးသွားမည် ဖြစ်သည်။
ပိုမို ကောင်းမွန်သည့် ငွေသားမဲ့အသုံးပြုမှု အတွေ့အကြုံ ရရှိစေရန် KBZPay အက်ပလီကေးရှင်း ဗားရှင်းအသစ်ကို စတင်မိတ်ဆက်လိုက်သည့်အပြင် မကြာသေးမီက ရန်ကုန်မြို့ရှိ customer များအတွက် KBZPay စင်တာသစ်များကို စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါ စင်တာများအတွင်း သက်ကြီးရွယ်အို customer များအတွက် KBZPay စင်တာကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park ရှိ ကမ္ဘောဇဘဏ်ခွဲတွင် ဖွင့်လှစ်ထားပါသည်။

Photo Source https://www.facebook.com/KBZPay

သက်ကြီးရွယ်အို customer များအတွက် ဖွင့်လှစ်ထားသော KBZPay စင်တာတွင် အသက် ၆၀ နှစ် နှင့်အထက် customer များအား KBZPay အကောင့်ဖွင့်ခြင်း၊ KBZPay အကောင့်ကို ကမ္ဘောဇဘဏ်အကောင့်များနှင့် ချိတ်ဆက်ခြင်း၊ ငွေထုတ်ခြင်း စသည့် ဝန်ဆောင်မှုများ ပေးအပ်သွားမည် ဖြစ်ပါသည်။ KBZPay စင်တာတွင် appointment ရယူလိုသော သက်ကြီး customer များအနေဖြင့် ဖုန်းနံပါတ် – ၀၉ ၉၅၁၀ ၁၈၅၅၅ သို့မဟုတ် ၈၅၅၅ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ သက်ကြီးပြည်သူများအတွက် ဖွင့်လှစ်ထားသော KBZPay စင်တာအကြောင်း အသေးစိတ် ပိုမို သိရှိလိုပါက https://www.kbzbank.com/mm/blog/updates-mm/a-seniors-center-opens-for-senior-customers-in-yangon-mm/ တွင် ဝင်ရောက် ဖတ်ရှုလေ့လာနိုင်ပါသည်။
KBZPay စင်တာများတွင် appointment များကို တနင်္လာနေ့မှ သောကြာနေ့တွင် နံနက် ၉ နာရီခွဲ မှ ညနေ ၃ နာရီခွဲ အတွင်း၊ စနေနှင့် တနင်္ဂနွေနေ့များတွင် နံနက် ၁၀ နာရီခွဲမှ နေ့လယ် ၂ နာရီခွဲအတွင်း ရယူနိုင်ပြီး customer များအနေဖြင့် မိမိတို့၏ စမတ်ဖုန်း၊ မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်နှင့် ဘဏ်စာအုပ်တို့ကို တပါတည်း ယူဆောင်လာရမည် ဖြစ်သည်။
KBZPay အက်ပလီကေးရှင်း ဗားရှင်းအသစ်ကို Google Play Store သို့မဟုတ် Apple App Store တွင် ဒေါင်းလုဒ်ပြုလုပ်နိုင်သည်။ KBZPay ထုတ်ကုန်များနှင့် ဝန်ဆောင်မှုအသစ်များအကြောင်းကို ပိုမိုသိရှိလိုပါက KBZPay ၏ တရားဝင် Facebook စာမျက်နှာဖြစ်သော့https://www.facebook.com/KBZPay တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။