ပိုမိုကောင်းမွန်သောဝန်ဆောင်မှုပေးနိုင်ရန် KBZPay App Version 3.0 သို့မြှင့်တင်

KBZPay ဗားရှင်း ၃.၀ အား မြန်မာနိုင်ငံ အနှံ့အပြားရှိ KBZPay အသုံးပြုသူ (၅.၉) သန်းအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှု ပေးနိုင်ရန်နှင့် ငွေသားမဲ့ ငွေကြေးဆောင်ရွက်မှု အတွေ့အကြုံကို တိုးမြှင့်ပေးအပ်နိုင်ရန် မြှင့်တင်လိုက်ပြီဖြစ် ကြောင်းသိရသည်။ Android နှင့် iOS နှစ်မျိုးစလုံးတွင်လည်း ရယူအသုံးပြုနိုင်ပြီ ဖြစ်သည်။
အက်ပလီကေးရှင်း ဗားရှင်းအသစ် ရယူမြှင့်တင်ပြီးသော အသုံးပြုသူများမှာ ယခင် စာမျက်နှာတစ်ခုတည်း ပါဝင်သော ဗားရှင်းအစား ကဏ္ဍ (၃) ခု ခွဲ၍ ထည့်သွင်းပေးထားသော ဗားရှင်းအသစ်ကို တွေ့မြင်ရမည် ဖြစ်သည်။
(၁) ပိုက်ဆံအိတ် (Wallet) – ငွေသွင်း၊ ငွေထုတ်ခြင်း၊ QR ကုဒ်ဖြင့် ငွေပေးချေ၊ ငွေလက်ခံခြင်း၊ ငွေလွှဲခြင်း၊ နီးစပ်ရာ ကမ္ဘောဇဘဏ်ခွဲ၊ ATM စက်၊ ကိုယ်စားလှယ်နှင့် ဈေးဆိုင်ပိုင်ရှင်များ၏ တည်နေရာကို ကြည့်ရှုခြင်း၊ မိမိ အကောင့်ဖြင့် အသုံးပြုခဲ့သည့် မှတ်တမ်းကို စစ်ဆေးခြင်းများ ပါဝင်ပါသည်။

Photo Source https://www.facebook.com/KBZPay

(၂) လူမှုဘဝဝန်ဆောင်မှု (Life) – ဖုန်းဘေလ်ဖြည့်ခြင်း၊ ဘေလ်ပေးဆောင်ခြင်း၊ လက်ဆောင်ကဒ် ဝယ်ယူခြင်း၊ ခရီးသွားရန် ဘွတ်ကင်တင်ပြီး ငွေပေးချေခြင်း၊ KBZPay ချေးငွေ ရယူခြင်း၊ အလှူဒါန ပြုလုပ်ခြင်းနှင့် အခြားသော လူမှုဘဝဆိုင်ရာ ဝန်ဆောင်မှုများ ပါဝင်ပါသည်။
(၃) ပရိုဖိုင် (My) – KBZPay အကောင့် ဆက်တင်များသို့ ဝင်ရောက်ရန် နေရာဖြစ်ပြီး အကောင့် လျှို့ဝှက်နံပါတ် ပြောင်းလဲ နိုင်ရန် ထည့်သွင်းပေးထားပါသည်။
KBZPay အက်ပလီကေးရှင်း ဗားရှင်းအသစ်တွင် ပါဝင်သော အခြားလုပ်ဆောင်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
(၁) ချေးငွေထုတ်ကုန်များ – ၂၀၂၀ ခုနှစ်၊ ဇွန်လတွင် KBZPay ဈေးဝယ်ချေးငွေ ဝန်ဆောင်မှုကို မိတ်ဆက်ခဲ့ပြီး အဆိုပါလုပ်ဆောင်ချက်ကို ပိုက်ဆံအိတ်နှင့် လူမှုဘဝဝန်ဆောင်မှု ကဏ္ဍနှစ်ခုစလုံးတွင် ထည့်သွင်းပေးထားပါသည်။ မကြာမီ အခြားသော ချေးငွေထုတ်ကုန်များကိုလည်း မိတ်ဆက်ပေးသွားမည် ဖြစ်သည်။
(၂) စမ်းသပ်သုံးစွဲရန်နေရာ – အဆိုပါ လုပ်ဆောင်ချက်ဖြင့် အသုံးပြုသူအဖြစ် စာရင်းမပေးသွင်းမီ အက်ပလီကေးရှင်းအတွင်း ဝင်ရောက်၍ KBZPay ရှိ လုပ်ဆောင်ချက်များကို လေ့လာနိုင်မည် ဖြစ်ပါသည်။
(၃) ကူပွန်များ – အသုံးပြုသူများအနေဖြင့် KBZPay အက်ပလီကေးရှင်းအတွင်းရှိ ဒစ်ဂျစ်တယ်ကူပွန်များကို KBZPay မိတ်ဖက်ဈေးဆိုင်ပိုင်ရှင်များမှ ပေးအပ်သော လျှော့ဈေးနှင့် ပရိုမိုးရှင်း အစီအစဉ်များတွင် ပြန်လည်အသုံးပြုနိုင်ရန် မကြာမီ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
(၄) ပိုမိုလွယ်ကူသည့် ကိုယ်တိုင်စာရင်းပေးသွင်းမှု – ယခုအခါ အဆင့် ၁ အသုံးပြုသူများမှာ အဆင့် ၁.၅ သို့ ကိုယ်တိုင် အဆင့်မြှင့်တင်ရာတွင် ကိုယ်ရေးအချက်အလက်ဖြည့်သွင်းခြင်း၊ မှတ်ပုံတင် ဓာတ်ပုံ၊ ဆယ်လ်ဖီပုံရိုက်ကူးခြင်းနှင့် ဗီဒီယိုအတိုရိုက်ကူးမှတ်တမ်းတင်ခြင်း စသည့် လွယ်ကူရိုးရှင်းသည့် အဆင့် (၄) ဆင့်သာ လုပ်ဆောင်ရန် လိုအပ်ပါသည်။
(၅) MPU ကတ်မှ ငွေသွင်းခြင်း – မကြာမီ ရက်သတ္တပတ်များအတွင်း KBZPay မိုဘိုင်းပိုက်ဆံအိတ်ကို အသုံးပြု၍ အခြား ပြည်တွင်းဘဏ်များ၏ e-commerce ဖွင့်ထားသော MPU ကတ်များမှ ငွေဖြည့်သွင်းနိုင်တော့မည် ဖြစ်ပါသည်။ အဆိုပါ လုပ်ဆောင်ချက်ဖြင့် ကမ္ဘောဇဘဏ်ဝန်ဆောင်မှု အသုံးမပြုသူများမှာလည်း မိမိတို့ KBZPay မိုဘိုင်းပိုက်ဆံအိတ်သို့ ချက်ချင်း ငွေသွင်းနိုင်တော့မည် ဖြစ်သည်။

Photo Source https://www.facebook.com/KBZPay

ယနေ့အချိန်အထိ KBZPay သည် လက်ဗွေကဲ့သို့ လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်အမှတ်အသားဖြင့် အသုံးပြုထားသည့် လုံခြုံရေးစနစ်အပြင် အသုံးပြုများ၏ အကောင့်ခိုးယူခံရခြင်းမှ ကာကွယ်နိုင်ရန် အကောင့်ဖွင့်ရာတွင် အချက်အလက် ရယူစစ်ဆေးသည့် KYC လုပ်ဆောင်ချက်တွင် တစ်စိတ်တစ်ဒေသအဖြစ် မျက်နှာသွင်ပြင် မှတ်သားထားခြင်းကို ထည့်သွင်းဆောင်ရွက်သည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော မိုဘိုင်းပိုက်ဆံအိတ်အဖြစ် ရပ်တည်လျက်ရှိပါသည်။ ထို့အပြင် KBZPay ဖြင့် အချင်းချင်းငွေလွှဲ လုပ်ဆောင်ချက် (P2P transfer) ပြုလုပ်ရာတွင် မိမိ ငွေလွှဲလိုသူထံသို့ မှန်ကန်စွာရောက်ရှိစေရန်အတွက် ဖုန်းနံပါတ် ဖြည့်သွင်းချိန်တွင် ငွေပေးပို့မည့်သူ၏ အမည်ကို ချက်ချင်းပြသပေးနိုင်သည့် တစ်ခုတည်းသော မိုဘိုင်းပိုက်ဆံအိတ်တစ်ခုလည်း ဖြစ်သည်။
KBZPay အနေဖြင့်လည်း အသုံးပြုသူများအား မိမိတို့ အကောင့်၏ လျှို့ဝှက်နံပါတ်၊ တစ်ခါသုံး OTP ကုဒ်နံပါတ် အပါအဝင် အကောင့်နှင့်ဆိုင်သော အချက်အလက်များကို အခြားသူများနှင့် မျှဝေခြင်း မပြုလုပ်ရန် တိုက်တွန်းနှိုးဆော်လျက် ရှိပါသည်။ ထပ်ဆောင်း လုံခြုံရေးအဆင့်တစ်ခုအနေဖြင့် အသုံးပြုသူများသည် မိမိတို့၏ တကိုယ်ရေသုံး အကောင့်များနှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကာကွယ်ရန် မိုဘိုင်းဖုန်းကိုလည်း လုံခြုံစွာ ထိန်းသိမ်းထားသင့်ပါသည်။
KBZPay အက်ပလီကေးရှင်း ဗားရှင်းအသစ်ကို Google Play Store သို့မဟုတ် Apple App Store တွင် ဒေါင်းလုဒ်ပြုလုပ်နိုင်သည်။ KBZPay ထုတ်ကုန်များနှင့် ဝန်ဆောင်မှုအသစ်များအကြောင်းကို ပိုမိုသိရှိလိုပါက KBZPay ၏ တရားဝင် Facebook စာမျက်နှာဖြစ်သော https://www.facebook.com/KBZPay တွင် ဝင်ရောက်လေ့လာနိုင်သည်။