Shop.com.mm ရဲ့ ဒုတိယမြောက် Mobile Week 2017 အထူးစျေးရောင်းပွဲတော်ကြီး

Image Source: https://www.shop.com.mm/en

Shop.com.mm ရဲ့ ဒုတိယအကြိမ်မြောက် ပြုလုပ်တဲ့ “Mobile Week 2017” မိုဘိုင်းဖုန်း အထူးစျေးရောင်းပွဲတော်ကြီးကို လာမယ့်ဇူလိုင်လ (၃)ရက်နေ့ကနေ (၉)ရက်နေ့အထိ တစ်ပတ်ကြာ ပြုလုပ်သွားမယ်လို့ ကြေညာထားပါတယ်။ Shop.com.mm ဟာ သူတို့ရဲ့ ပထမဆုံး Mobile Week အထူးစျေးရောင်းပွဲတော်ကြီးကို ပြီးခဲ့နှစ်က စတင်ပြုလုပ်ခဲ့တာပါ။

Mobile Week 2017 မှာ နာမည်ကြီးကုမ္ပဏီတွေရဲ့  မိုဘိုင်းလ်ဖုန်း၊ တက်ဘလက်အပြင် ဆက်စပ်ပစ္စည်းမျိုးစုံတို့ကို မထင်မှတ်နိုင်လောက်တဲ့ လျှော့စျေးတွေနဲ့ Online, Offline ၂ မျိုးလုံးရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ နာမည်ကြီးလူသုံးများတဲ့ မိုဘိုင်းလ်ဖုန်းအမှတ်တံဆိပ်တွေ အစုံအလင် ပါ၀င်ကြပါလိမ့်မယ်။

ဒီစျေးပွဲတော်ကြီးမှာ ကုန်ပစ္စည်းတွေကို အံ့သြဖွယ်ကောင်းလောက်အောင် စျေးလျှော့ရောင်းချသွားမယ်လို့ Shop.com.mm ကကြေညာထားပေမယ့် ဘယ်လိုပုံစံမျိုးတွေနဲ့ စျေးလျှော့သွားမယ် ဆိုတာကိုတော့ အတိအကျဖော်ပြ မထားသေးပါဘူး။ ဖြစ်နိုင်ခြေရှိတာကတော့ လောလောလတ်လတ် လူကြိုက်များနေတဲ့ ထုတ်ကုန်အသစ်တွေကိုတော့ ၅% ထက်ပိုပြီး စျေးလျှော့ပေးမှာမဟုတ်ပါဘူး။ ဒါတောင်တော်တော် များနေပါသေးတယ်။ ဖြစ်နိုင်ခြေအရှိဆုံးကတော့ ၃% လောက်ပဲဖြစ်မယ် ထင်ပါတယ်။ ထွက်ထားတာ (၆)လ(၁)နှစ် ကြာနေတဲ့ဖုန်းတွေဆိုရင်တော့ ၁၀%ကနေ ၃၀% အထိလျှော့ပေးနိုင်ခြေ ရှိပါတယ်။ ကြားရတဲ့ သတင်းတွေကတော့ ဒီစျေးပွဲတော်ကြီးမှာ Shop.com.mm က ဘယ်သူမှထင်မှတ်မထားတဲ့ ၅၀%အထိ စျေးလျှော့ထားမှုတွေ ပါလာလိမ့်မယ်လို့ ဆိုနေကြပါတယ်။ တကယ်လို့ ဒီလိုမျိုး ပုံမှန်ရောင်းစျေးထက် ထက်၀က်စျေးလျှော့ပေးတာမျိုး ရှိခဲ့မယ်ဆိုရင်တောင်မှ စကားဖြစ်ရုံ လုပ်တဲ့သဘောပဲရှိပါလိမ့်မယ်။ အရေအတွက် တော်တော်နည်းနိုင်ပါတယ်။

ကုမ္ပဏီတွေရဲ့ အမှိုက်ရှင်းတဲ့ သဘောမျိုးဆိုရင်တော့ တစ်မျိုးပေါ့။ ဒီလိုဆိုရင်လည်း ၀ယ်သူတွေ အကြိုက်တော့ ဖြစ်မှာမဟုတ်ဘူး။ လူတိုင်းက မိုဘိုင်းလ်ဖုန်းတွေနဲ့ ပက်သက်ရင် နောက်ဆုံးထုတ်ကုန်တွေကိုပဲ လိုချင်ကြတာပါ။ ဘယ်သူမှ ထုတ်ကုန်အဟောင်းတွေကို မသုံးချင်ကြပါဘူး။ လူကြီး၊လူငယ် အကုန်လုံး ဒီသဘောပါပဲ။ Shop.com.mm ကတော့  ဒီကိစ္စတွေနဲ့ ပက်သက်ပြီး တိတိကျကျပြောထားတာ ဘာတစ်ခုမှ မရှိသေးပါဘူး။ သူတို့ရဲ့စျေးပွဲတော်ကြီးမှာ ဘယ်လိုရင်ခုန်စရာကောင်းတဲ့ လျှော့စျေးတွေကို တွေ့ရမယ်လို့ပဲ ကြော်ငြာဆန်ဆန် ပြောထားတာပဲ ရှိပါတယ်။ တကယ့်လက်တွေမှာ ၀ယ်သူတွေအတွက် ဒီလိုရင်ခုန်စရာကောင်းဖို့ကတော့ တော်တော်မလွယ်တဲ့ ကိစ္စပါ။ ဖြစ်နိုင်ခြေ တော်တော်နည်းပါတယ်။ စျေးရောင်းတယ်ဆိုတာ အကျိုးအမြတ်ကို အဓိကထားကြတာဆိုတော့ တနည်းနည်းနဲ့ အမြတ်ရအောင် လုပ်ကြမှာချည်းပါပဲ။ တကယ်လို့ အရှုံးထဲက အမြတ်ရသလောက် ယူမယ့်သဘောနဲ့ ရောင်းမကုန်တဲ့ ပစ္စည်းတွေကို ပေးတဲ့စျေးနဲ့ ရောင်းမယ်၊ ထွက်ရင်ပြီးရောဆိုတဲ့ သဘောမျိုးဆိုရင်တောင်မှ ခုနကပြောခဲ့သလို လူတွေက ဖုန်းလို့ဆိုတာနဲ့ လောလောဆယ် နာမည်ကြီးတဲ့ အမျိုးအစားကိုပဲ လိုချင်ကြတာဆိုတော့ ဟိုဘက်အကြိုက်နဲ့ ဒီဘက်အကြိုက် ညှိလို့ရဖို့တော့ မမြင်ပါ။ ဘာတွေဘယ်လို ဆက်ဖြစ်မလဲဆိုတာတော့ ပွဲနေ့ကျမှပဲ သိရပါလိမ့်မယ်။ သေချာတာကတော့ လူတွေအကြိုက်ဖြစ်ဖို့ ရာခိုင်နှုန်း တော်တော်နည်းပါတယ်။

Shop.com.mm မှာပုံမှန်ရောင်းနေတဲ့ မိုဘိုင်းဖုန်းစျေးနှုန်းတွေကတော့ ပစ္စည်းအသစ်ဆိုရင် အပြင်နဲ့ အတူတူပါပဲ။ အဟောင်းဆိုရင်တော့ လူကြိုက်၊မကြိုက်အပေါ် မူတည်ပြီး (၅)%ကနေ (၃၀)%အထိ စျေးလျှော့ရောင်းတာတွေ တွေ့ရပါတယ်။ ဒါတောင် Samsung, Huawei တို့လို့နာမည်ရပြီးသားတွေ မပါပါဘူး။ မြန်မာပြည်မှာ Online ကနေဖုန်း၀ယ်တယ် ဆိုတာကတော့ မြို့ကြီးတွေထက် နယ်မြို့မှာနေတဲ့ လူတွေပဲရှိကြပါလိမ့်မယ်။ Shop.com.mm ကတစ်နိုင်ငံလုံး အရောက်ပို့ပေးနေတာဆိုတော့ အလုပ်ဖြစ်နေပါတယ်။

ဒီစျေးပွဲတော်ကြီးက Online, Offline ၂ မျိုးလုံးဆိုတော့ မြန်မာတစ်ပြည်လုံးထိ အဆင်ပြေပါလိမ့်မယ်။ Offline ကိုတော့ ရန်ကုန်မှာဆိုရင် လှည်းတန်းစင်တာနဲ့ မန္တလေးဆိုရင် Diamond Plaza တို့မှာလုပ်မယ်လို့ သိရပါတယ်။ ပြီးတော့ ငွေချေတဲ့စနစ်ကိုလည်း Visa Card နဲ့ပါပေးလို့ရအောင် စီစဉ်ထားပါတယ်။ ပုံမှန်အတိုင်း ပစ္စည်းအိမ်ရောက်မှပေးလည်း ရပါတယ်။ ဒီတော့ Mobile Week 2017 ပွဲတော်ကြီးမှာ Shop.com.mm ကကြေညာထားသလိုပဲ လူတွေအတွက် တကယ်အကြိုက်ဖြစ်မယ့် လျှော့စျေးတွေနဲ့ တွေ့မလားဆိုတာတော့ ပွဲရောက်မှ အဖြေပေါ်နိုင်မယ်လို့ပဲ ပြောချင်ပါတယ်။

Shop.com.mm Facebook Page

 Shop.com.mm Webssite