ရန်ကုန်မြို့က ဆယ်သွယ်ရေးတာဝါတိုင်တွေကို ဘယ်နားရွှေ့မလဲ

Image Source: https://www.flickr.com/photos/osde-info

အခုလက်ရှိ ရန်ကုန်မြို့က အထပ်မြင့်တိုက်ခေါင်မိုးတွေပေါ်မှာ စိုက်ထောင်ထားတဲ့ ဆက်သွယ်ရေး တာဝါတိုင်တွေကို ဖယ်ရှားတော့မယ်လို့ အရင်တစ်ရက်က ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်း သတင်းစာရှင်းလင်းပွဲမှာ တိုင်းလျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ဒေါ်နီလာကျော်က ပြောလိုက်ပါတယ်။

၀န်ကြီးပြောတာတော့ အခုတောင်စပြီး ဖယ်ရှားနေပြီလို့ဆိုပါတယ်။ ဒါပေမယ့် ဆက်သွယ်ရေးကုမ္ပဏီတွေနဲ့ အပြင်လူတွေဆီကတော့ ဒီအကြောင်းတွေ မကြားရသေးပါဘူး။ ၀န်ကြီးကပဲ ရာဇသံစပေးလိုက်တာလား၊ ဒါမှမဟုတ်ရင်လည်း ဟိုဘက်ဒီဘက် ကြိတ်ပြီးဆွေးနွေးတုန်းလား ဆိုတာတော့ မသိနိုင်တော့ဘူး။  ဘာပဲဖြစ်ဖြစ် ၀န်ကြီးရဲ့ ဒီစကားကတော့ ခုလောလောဆယ် တော်တော်ဟော့နေတယ်။

နောက်ပြီးသူပြောတာက လမ်းမီးတိုင်တွေမှာ တပ်ထားတဲ့ ခွင့်ပြုချက်မဲ့ ဆက်သွယ်ရေး ဖိုက်ဘာကြိုးတွေကိုလည်း ဖြုတ်သိမ်းနေပြီတဲ့။ ဓာတ်ကြိုးနဲ့ ဆက်သွယ်ရေးကြိုးတွေက အရောင်တူလို့ အများပြည်သူမခွဲခြားနိုင်ဘဲ အန္တရာယ်ဖြစ်နိုင်တယ်လို့ သူကဆိုလိုတာပေါ့။ ပြီးတော့သူက နောက်ပိုင်းမှာ ဆက်သွယ်ရေးကြိုးတွေကို ဓာတ်တိုင်တွေလိုပဲ စည်ပင်ပိုင်မြေကြီးပေါ်မှာ သီးသန့်စိုက်ထူပေးမယ်လို့ ပြောခဲ့ပါသေးတယ်။ တကယ်ဆို ဓာတ်ကြိုးနဲ့ ဆက်သွယ်ရေးဖိုင်ဘာကြိုးတွေက လုံးလုံးကြီးကို မတူပါဘူးခင်ဗျ။ တစ်ခုတစ်ပုံစီပါ။ ပြီးတော့ ဒီဓာတ်ကြိုးတွေ၊ ဖိုက်ဘာကြိုးတွေဆိုတာ ဘယ်ပြည်သူကမှ ဘာကိစ္စပဲရှိရှိ သွားမကိုင်ကြည့်ပါဘူး။ ပြဿနာတစ်ခု ဖြစ်ပြီဆိုရင် သက်ဆိုင်ရာတွေကိုပဲ လှမ်းခေါ်ကြတာပါ။ ဒါကတော့ ၀န်ကြီးအနေနဲ့ ပြည်သူတွေအပေါ် အစိုးရိမ်လွန်သွားတာလည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့ အန္တရာယ်ရှိနိုင်တဲ့ကိစ္စမျိုး ဆိုရင်တော့ ခုကတည်းကရှင်းထားဖို့တော့ လိုအပ်တာပေါ့။

ရန်ကုန်မြို့ရဲ့ ဓာတ်မီးတိုင်တွေကလည်း သူ့ကြိုးနဲ့သူတောင် ရုန်းမရဘူးဖြစ်နေတာ။ ဒါတွေကိုလည်း အရင်မရှင်းလို့မရဘူး။ ဓာတ်မီးတိုင်ကနေ အိမ်တွေကိုဆက်သွယ်တဲ့ ကိစ္စတွေကို အကောင်းဆုံးနည်းပညာ တစ်ခုတော့ သုံးရလိမ့်မယ်။ အရင်နည်းအတိုင်းဆိုရင် ကြာလေဆိုးလေ ဖြစ်လာမှာပဲ။ ပြီးတော့၀န်ထမ်းအင်အားပဲ နည်းတာလား၊ ဂရုမစိုက်တာပဲလား မသိတော့ဘူး။ အချို့ရပ်ကွက်ထဲက ဓာတ်ကြိုးတွေဆို သစ်ပင်တွေနဲ့ လင်မယားကျနေတယ်။ မိုးရာသီရောက်နေပြီဆိုတော့ ဒီကိစ္စတွေက မရှင်းလို့မရဘူး။ တော်တော် အန္တရာယ်များတယ်။

ရန်ကုန်မြို့မှာက မြို့ပြင်တွေလောက်ပဲ စည်ပင်မြေရယ်လို့ ကျယ်ကျယ်၀န်း၀န်းရှိတာ။ မြို့ထဲပိုင်းတွေကတော့ ရှိတယ်လို့သာကြားတာ၊ မမြင်ရဘူး။ လမ်းဘေးစျေးသည်တွေနဲ့ ပြည့်နေတယ်။ လမ်းဘေးစျေးသည်ဆိုတာလည်း မရှိလို့မဖြစ်။ ပြီးတော့ လူစည်ကားတဲ့ မြို့ထဲပိုင်းတွေမဟုတ်တောင်မှ ရပ်ကွက်တိုင်းမှာ လူနေထူထပ်တယ်။ သွားလာလှုပ်ရှားမှုတွေနဲ့ အမြဲတမ်းအပြည့်ပဲ။ ဖုန်းတာဝါတိုင်ပဲဖြစ်ဖြစ်၊ အခြားWiFi၀န်ဆောင်မှု တာဝါတိုင်ပဲဖြစ်ဖြစ် မြင့်မြင့်မားမားနေရာရှိမှ အဆင်ပြေတာ။ အထပ်မြင့်တိုက်တွေကြားထဲ ဒီလိုမြေကြီးပေါ် စိုက်ထားလို့ရတာမျိုး မဟုတ်ဘူး။ သူ့ကိုပဲ အထပ်မြင့်တိုက်တွေထက် မြင့်အောင်စိုက်ဖို့ကလည်း ပိုလို့တောင်ဝေးသေးတယ်။ ဒီတော့ ဆက်သွယ်ရေးတာဝါတွေကို အထပ်မြင့်တိုက် ခေါင်မိုးကလွဲပြီး အခြားထားဖို့နေရာတော့ မမြင်မိဘူး။ Network ပိုင်းတွေနဲ့ ရင်းရင်းနှီးနှီးမရှိလို့ ဒီနည်းပညာတွေအကြောင်း အတိအကျတော့ မသိပါဘူး။ ဒါပေမယ့် ပတ်၀န်းကျင်မှာ မြင်နေ၊ကြားနေရတာတွေနဲ့ အခြားဗဟုသုတတွေအရတော့ ရန်ကုန်မြို့မှာ ဆက်သွယ်ရေးတာဝါတိုင်တွေကို ခုလက်ရှိအတိုင်း တိုက်ခေါင်မိုးတွေမှာပဲ ထားစရာရှိပါလိမ့်မယ်။

ဆက်သွယ်ရေးလိုင်းတွေက လေထဲကနေတစ်ဆင့် လာတာဆိုပေမယ့် လေရှိတိုင်း သူကရှိတာမဟုတ်ဘူးလေ။ ရှိတယ်ဆိုပေမယ့်လည်း လုံလောက်တဲ့ အားမပါတာမျိုးလည်းရှိတယ်။ အရင်တုန်းကဆို အိမ်ခန်းထဲမှာ လိုင်းမမိလို့ ၀ရမ်တာတွေမှာထွက်ပြီး ဖုန်းပြောခဲ့ရတာတွေ မှတ်မိပါသေးတယ်။ အခုလည်းဒါမျိုး တစ်ခါတစ်လေ ဖြစ်တတ်ပါသေးတယ်။

ဖုန်းလိုင်းတွေဆိုရင်တောင် မနည်းကြိုးစားရင် အဆင်ပြေကောင်း ပြေနိုင်ပါသေးတယ်။ ဒါပေမယ့် ရာခိုင်နှုန်းတော်တော် နည်းပါတယ်။ WiFi တွေအတွက်ကတော့ လုံး၀ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ခုလက်ရှိ ရန်ကုန်မြို့မှာရှိတဲ့ WiFi ၀န်ဆောင်မှုကုမ္ပဏီတွေက ဖိုက်ဘာစနစ်ချည်းပဲ မဟုတ်ပါဘူး။ Wireless တွေလည်းရှိပါတယ်။ ဖိုက်ဘာကတော့ အရေးမကြီးဘူး။ ဘယ်လိုပဲလုပ်လုပ် သူကရတယ်။ Wireless တွေကတော့ အခုတောင် အနိုင်အနိုင် ဖြစ်နေကြတာ။ အချို့အထပ်မြင့်တွေကြားက နှစ်ထပ်အိမ်တွေဆိုရင် လိုင်းအမြန်နှုန်းက တော်တော်ကျတယ်။ အမြင့်ဆုံးထပ်မှာနေတဲ့ လူတွေကျတော့ သတ်မှတ် Speed အတိုင်းရတယ်၊ အဆင်ပြေတယ်။

ဖုန်းလိုင်းတွေကျတော့လည်း ပြောသာပြောတာ အထပ်မြင့်မဟုတ်ရင် ဘယ်လိုမှ အဆင်ပြေနိုင်မယ် မထင်ဘူး။ သူ့သဘာ၀က ဘေးနားမှာရှိတဲ့ အဆောက်အဦတွေထက် နိမ့်နေလို့မဖြစ်ဘူး။ မမြင့်ရင်တောင်မှ တစ်တန်းတည်း ဖြစ်ဖို့လိုတယ်။ ဒီတော့ ရှေ့မှာ၀န်ကြီးပြောတဲ့ စကားတွေအတိုင်း တာဝါတိုင်တွေကို မြေကြီးပေါ်ထားမယ်ဆိုတဲ့ ကိစ္စကတော့ လွယ်လွယ်နဲ့ ဆုံးဖြစ်လို့ရမယ် မထင်ဘူး။ အရင်ဆုံး သက်ဆိုင်တဲ့ အစိုးရဌာနတွေနဲ့ ဆက်သွယ်ရေးလုပ်ငန်းဘက်ကလူတွေ တွေဆုံးပြီး သေချာညှိနှိုင်းဖို့လိုမယ်ထင်တယ်။ တကယ်တော့ ၀န်ကြီးဆိုတာ ဒီဆက်သွယ်ရေးနည်းပညာတွေနဲ့ ပက်သက်ပြီး လုပ်ငန်းခွင်မှာ ကိုယ်တိုင်လုပ်ကိုင်နေတဲ့ လူတွေလောက်တော့ သိမှာမဟုတ်ပါဘူး။ သူမြင်တာက ဒီဘက်ကပြဿနာပဲ။ တခြားဘက်မှာ ဘာတွေဘယ်လိုရှိမလဲ သူမသိနိုင်ဘူး။ ဒီတော့ ဒီဘက်ကပြဿနာကို ပြေလည်အောင်ဖြေရှင်းဖို့ အခြားတစ်ဘက်မှာ ဘာအခက်အခဲမှ မရှိဘဲ အလွယ်တကူနဲ့ ရှင်းပေးနိုင်ရင်တော့ နှစ်ဦးနှစ်ဘက် အကြိုးရှိပါတယ်။ အဲလိုမှမဟုတ်ပဲ ကိုယ့်ပြဿနာ ရှင်းသွားရင်ပြီးရော သူများဘာပဲဖြစ်ဖြစ် ဆိုရင်တော့ သိပ်ပြီးတရားမကျပါဘူး။

ပြီတော့ ဓာတ်မီးတိုင်တွေမှာ တွဲပြီးတပ်ထားကြတဲ့ ဖိုက်ဘာကြိုးတွေကို ဖယ်မယ်ဆိုပြန်တော့လည်း ပြဿနာက နည်းနည်းရှိနိုင်သေးတာပဲ။ ၀န်ကြီးပြောသလို တိုင်သပ်သပ်ထောင်မယ်ဆိုတာ အစိုးရစရိတ်နဲ့ လုပ်ပေးဖို့တော့ မဖြစ်နိုင်ဘူး။ ကိုယ့်ငွေနဲ့ကိုယ် ဆိုရင်လည်း စရိတ်ကမနည်းဘူး။ ရန်ကုန်တစ်မြို့လုံးအနှံ့ ဘယ်လိုလုပ်ကြမလဲ။ ကုမ္ပဏီတွေ အကုန်လုံးကို စုပေါင်းပြီး လုပ်ပေးမယ်ဆိုရင်တောင် ကြားထဲမှာ မနည်းညှိပေးရလိမ့်မယ်။ လွယ်လွယ်တော့ ပြီးမှာမဟုတ်ဘူး။ ပြီးတော့ သုံးစွဲသူတွေအတွက် စျေးတော်တော်ကြီးသွားလိမ့်မယ်။ အဲလိုဆိုပြန်တော့လည်း ပြည်သူတွေ ညည်းရမယ့်အလှည့် ရောက်သွားလိမ့်မယ်။ ဘလိုပဲဖြစ်ဖြစ် ခု၀န်ကြီးပြောတဲ့ ပြုပြင်ပြောင်းလဲမယ့် အစီအစဉ်တွေကတော့ အကောင်းဘက်ကို နည်းမယ်လို့ထင်တယ်။ ဒါကြောင့့် ဒီကိစ္စအတွက် တဘက်တည်းကိုမကြည့်ဘဲ သက်ဆိုင်တဲ့လူတွေ အကုန်လုံး ထိပ်တိုက်ညှိနှိုင်းကြည့်ဖို့ လိုအပ်လိမ့်မယ်လို့ ပြည်သူတစ်ယောက်အနေနဲ့ မဖြစ်သင့်တာ မဖြစ်ရအောင် စေတနာရှေ့ထားပြီး အကြံပြု တိုက်တွန်းချင်ပါတယ်။