ပြည်တွင်းခရီးသွားလုပ်ငန်းနဲ့ အွန်လိုင်း၀န်ဆောင်မှု

Image Source: https://pixabay.com

အခုခေတ်မှာ ဘယ်လုပ်ငန်းမဆို အွန်လိုင်းစျေးကွက်နဲ့ မကင်းကြတော့ပါဘူး။ လက်ရှိကမ္ဘာကြီးမှာ ဆက်သွယ်ရေးကဏ္ဍအတွက် အွန်လိုင်းလောက် မြန်ဆန်တာ၊ လွယ်ကူတာ၊ ကျယ်ပြန့်တာ ဆိုလို့နောက်ထပ် မရှိဘူးဆိုတာ အားလုံးလက်ခံပြီးသား ဖြစ်ပါလိမ့်မယ်။ မိမိရဲ့လုပ်ငန်းတွေ လူတွေဆီကျယ်ကျယ်ပြန့်ပြန့် ရောက်ဖို့ဆိုတဲ့နေရာမှာ အွန်လိုင်းကို အသုံးပြုတာ အကောင်းဆုံးပါ။ လူတိုင်းလူတိုင်းဟာ အွန်လိုင်းပေါ်မှာ ရှိကြပါတယ်။ ဒီတော့ သူတို့ရှိတဲ့ ဒီအွန်လိုင်းဆိုတဲ့ နေရာကြီးဆီသို့ မိမိစီးပွားရေးလုပ်ငန်းတွေကို အရောက်ပို့နိုင်ခဲ့ရင် ၅၀% အောင်မြင်တဲ့ သဘောဖြစ်သွားပါပြီ။ ဒီထက်ပို အောင်မြင်ဖို့အတွက်တော့ လူတွေအတွက် အကျိုးဖြစ်မှု၊ ကုန်ပစ္စည်းအရည်အသွေးနဲ့ စျေးနှုန်းအပေါ်မှာပဲ မူတည်ပါတော့တယ်။ ပြောရမယ်ဆိုရင် လူတွေသိအောင် ကြော်ငြာတဲ့သဘောပေါ့။ လူတွေသိသွားတော့ ကြိုက်ရင်၀ယ်မယ်၊ မကြိုက်ရင်မ၀ယ်ဘူး။ တကယ်လို့ မိမိစီးပွားရေးအကြောင်း ဘယ်သူမှမသိဘူးဆိုရင်တော့ အရောင်းအ၀ယ် ဆိုတာလည်း ရှိလာမှာမဟုတ်တော့ပါဘူး။ ဒါကြောင့် အခြေခံအကျဆုံး အချက်က လူတွေသိအောင်လုပ်ဖို့ပါပဲ။

မြန်မာနိုင်ငံမှာတော့ Facebook ကို လူတိုင်းနီးပါး သုံးကြပါတယ်။ မြို့ပြနဲ့ အရမ်းကြီး ဝေးတဲ့နေရာတွေကိုတော့ မဆိုလိုပါဘူး။ ဒီနေရာဒေသတွေမှာလည်း လူဦးရေက အရမ်းနည်းပါတယ်။ စီးပွားရေးအနေအထား တွေကလည်း ချို့တဲ့ပါလိမ့်မယ်။ ဒါကြောင့် ဒီနေရာဒေသတွေကိုတော့ စီးပွားရေးသမားတွေက မိမိကုန်ပစ္စည်း ရောင်းရဖို့အတွက်တော့ ထည့်တွက်ကြမှာ မဟုတ်ပါဘူး။ ဒီလိုလူတွေအများကြီး စုဝေးနေတဲ့ Facebook ကြီးထဲမှာ စီးပွားရေးသမားတွေက စျေးဆိုင်တွေ အပြိုင်အဆိုင် ဖွင့်ထားကြပါတယ်။ လုပ်ငန်းအမျိုးအစားတွေကလည်း အစုံအလင်ပါပဲ။ ဒီလိုလုပ်ငန်းတွေမျိုးစုံထဲကမှ ပြည်တွင်းခရီးသွား လုပ်ငန်းအကြောင်းကို လက်လှမ်းမီသလောက် စုစည်းပြီးတင်ဆက်ပေးချင်ပါတယ်။

ပြည်တွင်းခရီးသွား လုပ်ငန်းတွေကတော့ တစ်ပြည်လုံးအနှံ့ မြို့တိုင်းမှာ ရှိကြပါတယ်။ သူတို့တွေအကုန်လုံးကလည်း Facebook Page တွေကိုယ်စီနဲ့ ခရီးစဉ်တွေကို ကြေညာထားကြပါတယ်။ ဒါကြောင့် မိမိမြို့မှာရှိတဲ့ ခရီးသွား၀န်ဆောင်မှု လုပ်ငန်းတွေရဲ့ Facebook Page တွေကို၀င်ကြည့်ပြီး သူတို့ရဲ့ခရီးစဉ်တွေကို အလွယ်တကူ သိနိုင်ပါတယ်။ မိမိစိတ်ကြိုက် ခရီးစဉ်တွေ့ရင်တော့ Comment တို့ Message တို့ကပဲဖြစ်ဖြစ် ဆက်သွယ်ဖို့တင်ထားတဲ့ ဖုန်းနံပါတ်ကပဲဖြစ်ဖြစ် လှမ်းပြီးဘိုကင်လုပ်လိုက်ရုံပါပဲ။ နယ်မှာဆိုရင်တော့ လက်မှတ်ကို ကိုယ်တိုင်သွားယူရပေမယ့် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့လို မြို့ကြီးတွေမှာတော့ အပြိုင်အဆိုင်တွေ များတာကြောင့် အိမ်အရောက်လာပို့တဲ့ ၀န်ဆောင်မှုမျိုးတွေ ပေးကြပါတယ်။ လက်မှတ်လာပေးတဲ့ အခါမှပဲ ငွေရှင်းပေးရပါလိမ့်မယ်။ ဘိုကင်စလုပ်ကတည်းက ကြိုပြီးပေးစရာ မလိုပါဘူး။ အွန်လိုင်းငွေပေးချေမှုစနစ်တွေနဲ့ Credit Card ကိုင်ဆောင်မှုတွေ အားနည်းသေးတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။

ဒီလို၀န်ဆောင်မှုတွေကြောင့် ခရီးသွားလိုသူတွေအတွက် အချိန်ကုန်မှုနဲ့ လူပင်ပန်းမှုဆိုတာ မရှိတော့ပါဘူး။ ပြီးတော့ ကိုကခရီးသွားချင်နေပေမယ့် နောက်ကျလို့ရှိရင် လက်မှတ်ရမှရပါ့မလားဆိုပြီး တွေးပူရတာမျိုးလည်း ကင်းဝေးပါတယ်။ ဒါတင်မကသေးပါဘူး ခရီးသွားကော၊ ခရီးသွားလုပ်ငန်းရှင်ကော (၂)ဘက်စလုံးအတွက် အဆင်ပြေတယ်ဆိုတာထက် လုပ်ငန်းစဉ်တွေအားလုံး လွယ်လွယ်ကူကူ ပြီးမြောက်တာကြောင့် ပိုပြီးအကျိုးရှိတယ်လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။

အွန်လိုင်း၀န်ဆောင်မှုတွေကြောင့် ပြည်တွင်းခရီးသွား လုပ်ငန်းဟာ အရင်ကထက် ပိုမိုအောင်မြင်လာတယ်လို့ ဆိုရပါမယ်။ ဘာလို့ဆိုတော့ အရင်တုန်းကဆိုရင် မြန်မာပြည်ကလူတွေဟာ ပွင့်လင်းရာသီတွေမှာပဲ ဘုရားဖူး၊ အပန်းဖြေခရီးစဉ်တွေ သွာလေ့ရှိကြတာပါ။ ဒီလိုအချိန်တွေမှလည်း လူအများစုက ငွေကြေးပြေလည်ကြတာဆိုတော့ ရိုးရာတစ်ခုလို ဖြစ်နေတာပေါ့။ ခုတော့အဲလိုမဟုတ်တော့ပါဘူး မိုးရာသီမှာလည်း ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့လို မြို့ကြီးတွေမှာ ကမ်းခြေတွေသို့ အပန်းဖြေခရီးစဉ်တွေ နေ့တိုင်းလိုလို ရှိကြပါတယ်။ အချို့လူတွေက ပွင့်လင်းရာသီတွေထက် မိုးရာသီမှာ ကမ်းခြေသို့သွားရတာ ပိုကြိုက်တတ်ကြပါတယ်။ လာရောက်တဲ့ လူတွေလည်းနည်းမှာဆိုတော့ ပိုပြီးအေးအေးဆေးဆေး ဖြစ်ချင်တာရယ်၊ မိုးတွင်းသဘာ၀လှိုင်းလုံးကြီးတွေကို ကြည့်ရှုချင်တာမျိုးတွေကြောင့်ပေါ့။ ဒါကြောင့် လုပ်ငန်းရှင်တွေဘက်ကလည်း Facebook Page ကနေကြေညာရုံနဲ့ အလွယ်တကူ လူသိနိုင်တာကြောင့် ဒီလို Customer မျိုးတွေရနိုင်တယ် ဆိုတဲ့အချက်ကို အားကိုးပြီး ခရီးစဉ်တွေ လုပ်ပေးကြတာပဲဖြစ်ပါတယ်။ တကယ်လည်း (၂)ဦး(၂)ဘက်စလုံးအတွက် အကျိုးရှိစေပါတယ်။ လုပ်ငန်းရှင်တွေဘက်ကလည်း ပွင့်လင်းရာသီတုန်းကထက် အနည်းငယ်စျေးလျှော့ပေးကြပါတယ်။ ခရီးသွားလိုတဲ့ လူတွေအနေနဲ့လည်း မိုးတွင်းလို ခရီးသွားလာမှုနည်းတဲ့ အချိန်မျိုးမှာ အေးအေးဆေးဆေးနဲ့ လွတ်လွတ်လပ်လပ် ဖြစ်စေတာကတော့ အမှန်ပါပဲ။

တည်းခိုရေးပါ၀င်တဲ့ ခရီးစဉ်တွေရှိသလို၊ မပါ၀င်တာတွေလည်း ရှိပါတယ်။ မပါ၀င်ဘူးဆိုပေမယ့်လည်း သိပ်တော့အလုပ်မရှုပ်စေပါဘူး။ ခရီးသွားလုပ်ငန်းတွေနဲ့ ဟိုဘက်က တည်းခိုစရာနေရာတွေနဲ့က ချိတ်ဆက်မှုတွေ ရှိကြပါတယ်။ နည်းနည်းမေးမြန်းပြီး ဘိုကင်လုပ်လိုက်ရုံပါပဲ။ အလွယ်တကူ အဆင်ပြေနိုင်ပါတယ်။ သူတို့နဲ့ ချိတ်ဆက်ထားမှုတွေအပြင် မိမိစိတ်ကြိုက်လည်း အွန်လိုင်းကနေရှာပြီး ဘိုကင်လုပ်လည်း ရနိုင်ပါတယ်။

မြန်မာပြည်ဟာ သဘာ၀၊ တည်နေရာအနေအထားတွေအရ သာယာလှပတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ပင်လယ်ကြီးရယ်၊ တောင်တန်းတောအုပ်တွေရယ်၊ ပြီးတော့ နွေ၊မိုး၊ဆောင်း ဆိုတဲ့ သဘာ၀တရားကြီးက ချီးမြှင့်ထားတဲ့ အမြဲပုံမှန်လည်ပတ်နေတဲ့ ဉတုကြီးသုံးခုလည်း ရှိပါသေးတယ်။ ဒီအကြောင်းအရာတွေက ပြည်တွင်းခရီးသွားလုပ်ငန်းအတွက် အဓိကကျတဲ့ အချက်တွေပါ။ တောင်တန်းဒေသမှာ နေတဲ့လူက မြေပြန့်တို့၊ ပင်လယ်ကမ်းခြေတို့ကို အလည်တခေါက် ရောက်ဖူးချင်ကြလိမ့်မယ်။ အဲလိုပဲ ပင်လယ်ကမ်းခြေနဲ့ မြေပြန့်မှာနေကြတဲ့ လူတွေကလည်း တောင်ပေါ်ဒေသတွေကို အလည်သွားချင်ကြမှာပါပဲ။ ပြီးတော့ ရာသီဉတုကြောင့်လည်း ခရီးသွားလာမှုတွေ ဖြစ်ပေါ်စေပါသေးတယ်။ မိုးရာသီဆိုရင်တော့ များသောအားဖြင့် ခရီးသွားလုပ်ငန်းတွေ အလုပ်မဖြစ်ကြပါဘူး။ ပတ်၀န်းကျင်စိုစွတ်တာရယ် ရာသီဉတုဆိုးဝါးတာရယ်ကြောင့် လူတွေက အပြင်ထွက်လိုစိတ် သိပ်မရှိကြပါဘူး။ နောက်ပြီး တစ်နိုင်ငံလုံးမှာ မိုးကကောင်းကောင်း ရွာတတ်ပါတယ်။ ဒါကြောင့် မိုးရာသီရဲ့ အရသာကို ခံစားချင်လို့ဆိုပြီး တကူးတက သွားနေစရာ မလိုတော့ဘူးဆိုတာလည်း အားလုံးအသိပါပဲ။

မြန်မာပြည်ရဲ့ ခရီးသွားလုပ်ငန်းကို တွင်ကျယ်စေတဲ့ အဓိကအကြောင်းအရာ နောက်တစ်ခုရှိပါသေးတယ်။ ဘုရားပုထိုးနဲ့ စေတီဆိုတဲ့ သာသနိကအဆောက်အဦတွေပါ။ မြန်မာပြည်ရဲ့လူဦးရေမှာ ဗုဒ္ဓဘာသာ၀င်တွေက အများဆုံးပါ။ နိုင်ငံတော်ရဲ့ ဘာသာကိုလည်း ဗုဒ္ဓဘာသာအဖြစ် တရာ၀င်သတ်မှတ်ထားပါတယ်။ ခေတ်အဆက်ဆက် မြန်မာလူမျိုးတွေ တည်ထားကိုးကွယ်ခဲ့ကြတဲ့ ရှေးဟောင်းဘုရား၊ စေတီပုထိုးတွေ အများကြီးပါ။ တန်ခိုးကြီး၊ နာမည်ကျော် ဘုရားတွေရှိသလို လူသိနည်းပြီး မထင်ရှားတဲ့ ရှေးဟောင်းဘုရားတွေလည်း ဒေသတိုင်း၊ နေရာတိုင်းမှာ ရှိပါတယ်။ ဒီဘက်ဒေသမှာ နေတဲ့လူတွေက ဟိုဘက်ဒေသက တန်ခိုးကြီးဘုရားကို သွားရောက်ဖူးမြော်မယ်၊ ဟိုဘက်ဒေသက လူတွေကလည်း ဒီဘက်ဒေသက တန်ခိုးကြီးဘုရားကို လာရောက်ဖူးမြော်မယ်။ ဒါကြောင့် ပွင့်လင်းရာသီတွေမှာ နာမည်ကြီး ရှေးဟောင်းသမိုင်း၀င် ဘုရားပွဲတွေဟာ လနဲ့ချီပြီး လူတိုးမပေါက်အောင် စည်ကားနေကြတာ အားလုံးအသိပါ။ ဒီလိုအခြေခံအရင်းအနှီးတွေနဲ့ အွန်လိုင်းဆိုတဲ့ ကျယ်ပြန့်ပြီးဆက်သွယ်ရလွယ်ကူတဲ့ စွမ်းအားရှင်ကြီးတို့ ပေါင်းစပ်လိုက်တဲ့အခါတော့ ပြည်တွင်းခရီးသွားလုပ်ငန်းကြီး အရင်ကထက် များစွာဖွံ့ဖြိုးတိုးတက်လာတယ်လို့ ထင်မြင်ယူဆမိပါကြောင်း ရေးသားတင်ဆက်လိုက်ပါတယ်။