ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှာ ပြုလုပ်မယ့် MCPA Day နဲ့ Career Fair

Image Source: https://www.facebook.com/mcpamyanmar.org

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းနဲ့ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်တို့ ပူးပေါင်းပြီး MCPA Day ကို လာမယ့်ဇူလိုင်လ(၂၁)ရက်နေ့မှာ ပြုလုပ်သွားဖို့ စီစဉ်ထားကြပါတယ်။ နေရာကတော့ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ထဲမှာပါပဲ။ MCPA Day ပွဲကိုတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ MCPA အသင်းတိုင်းမှာ နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။

ဒီပွဲလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ နည်းပညာလောကမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကျောင်းသားလူငယ်တွေအကြား ထိတွေ့မှုရှိဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့  လိုအပ်နေသူတွေ နီးစပ်စေဖို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒီပွဲမှာ  ICT Career Development ဆိုင်ရာ ဆွေးနွေးဟောပြောမှုတွေ အပြင် IT လုပ်ငန်းတွေရဲ့ လိုအပ်ချက်တွေအတွက် Career Fair ကိုပါ ပူးတွဲပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိကျောင်းတက်နေတဲ့ ကျောင်းသားတွေမဟုတ်ပေမယ့် ITလုပ်ငန်းစိတ်၀င်စားတဲ့ လူငယ်တွေအနေနဲ့လည်း လာရောက်လေ့လာသင့်တယ်လို့ ထင်ပါတယ်။ ဒီအချက်က အလုပ်လိုအပ်သူရော၊ လုပ်သားလိုအပ်သူကိုပါ ဆွဲဆောင်နေပါတယ်။

လုပ်ငန်းများပါ၀င်ခင်းကျင်းပြသလိုတဲ့ အလုပ်ရှင်တွေအနေနဲ့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ရုံးခန်း အဆောင်(၉)၊ မြေညီထပ်သို့ လူကိုယ်တိုင်လာရောက်၍ သော်လည်းကောင်း၊ အီးမေးလ် – office@mcpa myanmar.org, yrcpaoffice@gmail.com သို့လည်းကောင်း၊ ဖုန်း − ၀၁− ၆၅၂၂၇၆၊ ၀၉−၇၃၀၈၈၃၀၀သို့ဆက်သွယ်ပြီး သော်လည်းကောင်း ၀င်ကြေးကျပ်တစ်သိန်းနဲ့ စာရင်းပေးသွင်း ရမှာဖြစ်ပါတယ်။

ဒီလိုပွဲမျိုးပြုလုပ်ပေးတာကတော့ နည်းပညာကျောင်းသားတွေနဲ့ အပြင်ကနည်းပညာ စိတ်၀င်စားတဲ့ လူငယ်တွေအတွက် အသိအမြင်ကျယ်စေပါလိမ့်မယ်။ အထူးသဖြင့် ကျောင်းသားတွေကို စိတ်ခွန်အား မြှင့်ပေးရာရောက်စေပါတယ်။ လုပ်ငန်းရှင်တွေအတွက်လည်း ဒီလိုနည်းပညာလောကသားတွေကြား မိမိတို့ရဲ့လုပ်ငန်းတွေအကြောင်း ထုတ်ဖော်ခွင့်ရတဲ့အတွက်လည်း ခုခေတ်စီးပွားရေးမှာအရေးပါတဲ့ နယ်ပယ်ချဲ့ထွင်မှုကို အထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် ဒီပွဲပြုလုပ်ခြင်းက အဘက်ဘက်ကို အကျိုးကျေးဇူးတွေ ဖြစ်စေပါလိမ့်မယ်။

ခုခေတ်က မြန်မာပြည်မှာ အဘက်ဘက်က ပြောင်းလဲပြီး ဖွံ့ဖြိုးတိုးတက်ဖို့ အစပြုလာပြီလို့ ဆိုနိုင်ပါတယ်။ ဆက်သွယ်ရေးကဏ္ဍတွေကလည်း မြန်မြန်ဆန်ဆန်ပြောင်းလဲ တိုးတက်နေပါတယ်။ ဒီလိုပြောင်းလဲတိုးတက်မှုတွေနဲ့အညီ ပေါများလာတဲ့ လုပ်ငန်းတွေအတွက်လိုအပ်တဲ့ လုပ်သားအင်အားတွေအနေနဲ့  အရည်အချင်းပြည့်မီမှုကလည်း အရေးပါတဲ့ အပိုင်းမှာရှိပါတယ်။ ဒီလိုလူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက်တော့ အစိုးရကျောင်းနဲ့ တက္ကသိုလ်တွေထက် ပြင်ပကသင်တန်းတွေကိုပဲ အဓိကအားကိုးနေရတယ်ဆိုတာ လူတိုင်းအမြင်ပါပဲ။ ဒီအချက်ကိုတော့ သက်ဆိုင်ရာ တာ၀န်ရှိသူတွေအနေနဲ့ လျစ်လျူရှုမထားစေချင်ပါဘူး။ ဘွဲ့လက်မှတ်တစ်ခုရဖို့ ကျောင်းသားလူငယ်တွေ အနေနဲ့ အချိန်များစွာ ရင်းနှီးခဲ့ရပါတယ်။ ဒီလိုကုန်ဆုံးသွာတဲ့ အချိန်တွေနဲ့ ထိုက်သင့်တဲ့ အသက်မွေး၀မ်းကျောင်းပြု ပညာအရည်အချင်းတွေ လုံလုံလောက်လောက် ရရှိဖို့လို့အပ်ပါတယ်။ ဒါမှလည်း ကျောင်းပြီးတာနဲ့ လုပ်ငန်းခွင်တန်း၀င် နိုင်မှာဖြစ်ပါတယ်။ ဒါအပြင် ကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့လည်း သက်ဆိုင်ရာကုမ္ပဏီတွေနဲ့ ချိတ်ဆက်လုပ်ကိုင်မှုတွေ ရှိနိုင်ရင်ပိုကောင်းပါလိမ့်မယ်လို့ ထင်မြင်သုံးသပ်မိပါတယ်။

MCPA Facebook Page

MCPA Website