Mobile legends Bang Bang Professional League Myanmar Season 4 ချန်ပီယံဆုကြီးအား Burmese Ghouls အသင်းမှ ဆွတ်ခူး

၂၀၂၀ ခုနှစ် ဇွန်လ ၂၀ ရက် နှင့် ၂၁ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သော MPL_MM S4 Grand Final ပွဲတွင် Burmese Ghouls အသင်းသည် Claw Esports အသင်းအား ၃-၀ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး MPL-MM S4 ၏ ချန်ပီယံဆုကြီးကို ထိုက်တန်စွာ ဆွတ်ခူးနိုင်ခဲ့ပါသည်။

အဆိုပါ ဗိုလ်လုပွဲစဉ် သည် MPL-MM S4 ၏ အကောင်းဆုံး အသင်းနှစ်သင်းအကြား ပြိုင်ဆိုင်မှု ပြင်းထန်သော ပွဲစဉ်တစ်ပွဲလည်း ဖြစ်လာခဲ့သည်။ ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၅၀,၀၀၀ ခန့် (မြန်မာကျပ်ငွေ သိန်း ၇၅၀ ကျော်) ပေးအပ်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးမားဆုံး မိုဘိုင်း e-sport လိဂ် တစ်ခုဖြစ်သည့် MPL-MM S4 ကို Mobile Legends: Bang Bang ၏ တီထွင်ဖန်တီးသူ Moonton မှ ကြီးမှူးကာ  ပွဲစီစဉ် ဆောင်ရွက်သူ Game Cast Network Myanmar (GCN)၊ Title Sponsor အဖြစ် Telenor Myanmar နှင့်  Official Smartphone Partner အဖြစ် OPPO Myanmar AED တို့မှ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။

Photo source https://www.facebook.com/MobileLegendsGameMyanmar/

“OPPO နဲ့ MLBB တို့ ပူးပေါင်းကျင်းပခဲ့တဲ့ MPL-MM Season 4 မှာ ပါဝင်ဆင်နွှဲကြည့်ရှုခဲ့သူတွေ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။  အခုလို ကာလမှာ စိတ်လှုပ်ရှားစရာ အချိန်လေးတွေ၊ ပျော်စရာ အချိန်လေးတွေ ပိုင်ဆိုင်နိုင်ခဲ့မယ်လို့ မျှော်လင့်ပါတယ်။ နောက်နောင်မှာလည်း OPPO က အားလုံးအတွက် ပျော်စရာ အစီအစဉ်လေးတွေ၊ စိတ်လှုပ်ရှားစရာ အစီအစဉ်လေးတွေ ယူဆောင်ပေးနိုင်ဖို့ ကြိုးစားနေပါတယ်” ဟု OPPO Myanmar AED မှ Assistant Media and PR Manager ဖြစ်သူ မမိုးပွင့်ဖြူက ပြောကြားခဲ့သည်။

MPL ၏ ၄ ကြိမ်မြောက်ပြိုင်ပွဲတွင် မြန်မာအသင်း ၇ သင်းဖြစ်သော Burmese Ghouls, Claw Esports, Yangon Galacticos, Team Reselection, Outworld နှင့် Team Highborn တို့မှ ဆုကြေးငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၅၀,၀၀၀ကျော်အတွက် ယှဉ်ပြိုင်ခဲ့ကြသည်။ Burmese Ghouls အသင်းသားများဖြစ်ကြသော ဝေယံမြင့် (ICE ICE), စွမ်းထက်အောင် (rubydd), ညီညီသော် (May Be), မင်းကျော်ခေါင် (Dee), ဟိန်းမင်းသူ (Kid) နှင့် နိုင်လင်းဆွေ (ACE) တို့မှ ထူးချွန်ပြောင်မြောက်သော ကစားစွမ်းရည်များဖြင့် ဦးဆောင်၍ ၂ နှစ်ဆက်တိုက် ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့သည်။ ထို့အပြင် Burmese Ghouls အဖွဲ့၏ ကြယ်ပွင့်ကစားသမားဖြစ်သူ ACE သည် Regular Season ၏ တန်ဖိုးအရှိဆုံး ကစားသမား (MVP Player) အဖြစ် သတ်မှတ်ခြင်းခံရပြီး ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၃၀၀ ရရှိခဲ့သည်။

BG အသင်း၏ အသင်းခေါင်ဆောင်ဖြစ်သူ Ice Ice ခေါ် ကိုဝေယံမြင့် မှ “ကျွန်တော်တို့အနေနဲ့ အခုလို MPL-MM S4 ရဲ့ ချန်ပီယံဆုကြီးကို ရရှိခဲ့တဲ့အတွက် အတိုင်းမသိ ပျော်ရွှင်ကျေနပ်မိပါတယ်။ ဒီလိုမျိုး အောင်မြင်မှုကြီး စိုက်ထူနိုင်အောင်လို့ အားအင်တွေ စိုက်ထုတ်ပေးခဲ့ကြတဲ့ လူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ရဲ့ သမိုင်းတစ်လျှောက်မှာ MPL ချန်ပီယံဆုကို ၃ ကြိမ်တိုင် ဆွတ်ခူးထားနိုင်ခဲ့ပြီးတော့ နှစ်ကြိမ်ဆက်တိုက် ချန်ပီယံလည်း ဖြစ်လာခဲ့ပါပြီ။ နောက်ပြီး ကျွန်တော်တို့ကို အမြဲ အားပေးပြီးတော့ ချစ်ခင်ပေးနေတဲ့ ပရိတ်သတ်တွေကိုလည်း ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ဒီထက်ပိုကောင်းတဲ့ အောင်မြင်မှုမျိုးကို ဆွတ်ခူးနိုင်ဖို့အတွက် ဆက်လက်ပြီး အကောင်းဆုံးကြိုးစားသွားမှာပါ။ ကျွန်တော်တို့ကို အားပေးနေကြတဲ့ ပရိတ်သတ်များကိုလည်း ဆက်လက်ပြီး အားပေးကြဖို့နဲ့ “ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပြီး အိမ်မက်တွေဖြစ်လာတဲ့ အထိ ကြိုးစားကြဖို့” တိုက်တွန်းရင်း အိမ်မက်များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်” ဟု ပြောကြားခဲ့ပါသည်။  Photo source https://www.facebook.com/MobileLegendsGameMyanmar/

ကိုရိုနာကူးစက်ရောဂါ အခြေအနေကြောင့် တရားဝင်ဖျက်သိမ်းခဲ့ရသော ၂၀၂၀ ခုနှစ် Mobile Legends အရှေ့တောင်အာရှဖလား အား အစားထိုးသည့် အနေဖြင့် Moonton မှ MPL Invitational 4 Nation Cup အား ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ MPL-MM S4 ချန်ပီယံ Burmese Ghouls အဖွဲ့သည် MPL Invitational 4 Nation Cup (MPLI) အတွက် စတုတ္ထမြောက်ဖိတ်ကြားခံရသည့်အသင်းအဖြစ် စာရင်းဝင်ခဲ့သည်။ 4 Nation Cup ပြိုင်ပွဲကြီးအား အွန်လိုင်းမှ ကျင်းပသွားမည်ဖြစ်ပြီး အင်ဒိုနီးရှား, မလေးရှား, စင်ကာပူ နှင့် မြန်မာနိုင်ငံ တို့မှ ထိပ်သီး MPL အသင်းများမှ စုစုပေါင်းဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ကို ရယူပိုင်ဆိုင်နိုင်ရန် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ချန်ပီယံအသင်းများသည် မိမိနိုင်ငံ့ ဂုဏ်ဆောင်၍  MPLI ၏ အကောင်းဆုံးအသင်းအဖြစ် သရဖူကို ရယူနိုင်ရန် ထိပ်တိုက် ပြိုင်ဆိုင်သွားကြမည်ဖြစ်သည်။ MPLI အုပ်စုအဆင့်ပြိုင်ပွဲများကို ဇွန် ၁၉ ရက်မှ ၂၁ ရက်အထိ နှင့် ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိကျင်းပမည်ဖြစ်ပြီး သုံးရက်ကြာ Playoffs များအား ဇူလိုင်လ ၃ ရက်တွင် စတင်သွားမည်ဖြစ်သည်။