MPT က King 7 Dynasty နှင့် အတူပူးပေါင်း၍ အွန်လိုင်းဂီတဖျော်ဖြေရေး ရုပ်သံအစီအစဉ် “Makeup Room Concerts” အား မိတ်ဆက်

MPT သည် တေးဂီတထုတ်လုပ်သူအဖြစ် ဦးဆောင်လျက်ရှိသော King 7 Dynasty နှင့် ပူးပေါင်းကာ MPT အသုံးပြုသူများ အတွက် အောင်မြင်ကျော်ကြားသော နိုင်ငံကျော် အနုပညာရှင်များ ပါဝင်ဖျော်ဖြေသွားမည့် တစ်မူထူးခြားဆန်းသစ်သည့် ဖျော်ဖြေရေး ရုပ်သံအစီအစဉ်သစ် တစ်ခုအား ဖန်တီးတင်ဆက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ ထူးခြားသော “Makeup Room Concerts” ဂီတဖျော်ဖြေရေး ရုပ်သံအစီအစဉ်တွင် အနုပညာရှင်များသည် ပရိသတ်များ၏ အကြိုက်နှစ်သက်ဆုံး သီချင်းများကို စတိတ်စင်၏ နောက်ဘက်ရှိ မိတ်ကပ်အခန်းပြင်ဆင်မှု၊ သရုပ်ဖော်မှုတို့ကို တိုက်ရိုက် သီဆိုဖျော်ဖြေမှု အသွင်ဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။
“Makeup Room Concerts” အစီအစဉ်ကို MPT ၏ Web portal https://bit.ly/MakeupRoom20 တွင် လာမည့် ဇူလိုင်လ (၁၉)ရက်မှ စတင်၍ လစဉ် တိုက်ရိုက် LIVE ထုတ်လွှင့်တင်ဆက်သွားမည်။ ဖျော်ဖြေမှု အားလုံးကို အချိန်နှင့်တစ်ပြေးညီ တိုက်ရိုက် Live ထုတ်လွှင့်ပြသသွားမည်ဖြစ်သောကြောင့် MPT အသုံးပြုသူများသည် မိမိတို့၏ နေအိမ်၌ပင် လွယ်ကူအဆင်ပြေစွာ ကြည့်ရှုခံစားနိုင်ပါမည်။

Photo Source https://www.facebook.com/mptofficialpage

လစဉ် တိုက်ရိုက် LIVE ဖျော်ဖြေမှုများတွင် တေးသံရှင် ထွန်းအိန္ဒြာဗိုလ်နှင့် တင်ဇာမော် အပါအဝင် မြန်မာနိုင်ငံ၏ ဂီတလောက၌ ထင်ရှားကျော်ကြားသော နိုင်ငံကျော်အဆိုတော် (၂၁)ဦးမှ ပရိသတ်များ ရင်းနှီးကျွမ်းဝင်ပြီးသား သီချင်းကောင်းများကို ယခင်နှင့်မတူ တစ်ခါမျှမထုတ်လွှင့်ခဲ့ဖူးသော အသွင်သစ်များဖြင့် ဖျော်ဖြေတင်ဆက် သွားမည်ဖြစ်သည်။ တိုက်ရိုက် LIVE ဖျော်ဖြေမှုအစီအစဉ်တိုင်းသည် မိနစ်(၆၀) မှ မိနစ်(၉၀) ကြား ကြာမြင့်မည် ဖြစ်ပြီး အနုပညာရှင်နှစ်ဦးမှ ၎င်းတို့၏ လူကြိုက်အများဆုံး တေးသီချင်းကောင်းများ အပါအဝင် သီချင်း (၁၅)ပုဒ်ကို သီဆိုဖျော်ဖြေသွားမည်။
“တစ်ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ဖြစ်ပွားနေတဲ့ အခုလိုအချိန်မျိုးမှာ လူစုလူဝေးနဲ့ ဂီတဖျော်ဖြေပွဲတွေ လုပ်ဆောင်ဖို့ မဖြစ်နိုင်သေးတာကြောင့် ကျွန်ုပ်တို့ရဲ့ MPT သုံးစွဲသူတွေကို ထူးခြားအံ့ဩဖွယ်ကောင်းတဲ့ ဂီတဖျော်ဖြေမှု အတွေ့အကြုံသစ် တွေနဲ့အတူ ဖျော်ဖြေမှုရသတွေ ဝန်ဆောင်မှုတွေ ပေးစွမ်းနိုင်ဖို့ ရည်ရွယ်ပြီး King 7 Dynasty နဲ့ ဂုဏ်ယူစွာပဲ လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဒီ Makeup Room Concerts ကနေတစ်ဆင့် ဂီတကို ချစ်မြတ်နိုးစွာ မျှဝေရင်း တစ်နိုင်ငံလုံးမှာ ရှိတဲ့ ဂီတပညာရှင်တွေ၊ ပရိသတ်တွေ နဲ့ အားပေးသူတွေ အားလုံးကို အတူတကွ ဆုံစည်းစေလိုတာ ဖြစ်ပါတယ်။ ဒီလို ခက်ခဲတဲ့အချိန်ကာလမှာ ဂီတဟာ လူတွေကို အရာရာတိုင်းအပေါ် အကောင်းမြင်စိတ်ဖြစ်စေပြီး အားလုံးရဲ့စိတ်ကို အမှန်တကယ်လွှမ်းမိုးနိုင်တယ်ဆိုတာ ကျွန်တော်အနေနဲ့ ယုံကြည်ပါတယ်” ဟု MPT-KGSM Joint Operations မှ စီးပွားရေးဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori Nagashima မှ ပြောကြားသည်။
MPT သည် မြန်မာ့ဂီတနှင့် ဖျော်ဖြေရေးနယ်ပယ်ကို အားပေးအ‌ထောက်အကူပြုရာတွင် သမိုင်းကြောင်း ခိုင်မာစွာ တည်ရှိခဲ့သည်။ “Makeup Room Concerts” သည် ယခုကဲ့သို့ ခက်ခဲပြီး စိတ်ပင်ပန်းဖွယ်ကောင်းသော COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်းတွင် MPT အသုံးပြုသူများအနေဖြင့် မိမိတို့ ကြိုက်နှစ်သက်သော အနုပညာရှင် များ၏ ဂီတဖျော်ဖြေပွဲအတွေ့အကြုံကို ခံစားနိုင်စေရန် လုပ်ဆောင်ပေးခြင်းအားဖြင့် အပြုသဘော ဆောင်သော အဓိပ္ပာယ်၊ အကောင်းမြင်စိတ်နှင့် စိတ်ချမ်းမြေ့ပျော်ရွှင်မှုများကို ပေးစွမ်းနိုင်မည်မှာ အမှန်ပင် ဖြစ်သည်။
“ဒီနေ့ခေတ် ရုပ်သံဖျော်ဖြေရေး မီဒီယာကဏ္ဍရဲ့အရွေ့ဟာ ဒီဂျစ်တယ်နည်းပညာဘက်ကို အရှိန်အဟုန်နဲ့ ကူးပြောင်းလို့နေပါပြီ။ ရုပ်သံအစီအစဉ်တွေကို တီဗွီရှေ့မှာထိုင်ပြီး စောင့်ကြည့်နေရတာထက် တစ်ချိန်လုံး ကိုယ်နဲ့မကွာ အနီးကပ်ရှိနေတဲ့ မိုဘိုင်းလ်ဖုန်းတွေကနေတစ်ဆင့် ကိုယ်ကြိုက်တဲ့ ဖျော်ဖြေရေး အစီအစဉ်တွေကို ရွေးချယ်ကြည့်ရှုရတာကို ပိုနှစ်ခြိုက်လာကြတာ တွေ့ရှိရပါတယ်။ ဒီအချက်ကို အခြေခံပြီး ပရိသတ်တွေအနေနဲ့ သူတို့ ချစ်ခင်နှစ်သက်ရတဲ့ အနုပညာရှင်တွေ ပါဝင်တင်ဆက်သွားမယ့် ဒီ “Makeup Room Concerts” ကို အွန်လိုင်းကနေတစ်ဆင့် ထုတ်လွှင့်သွားမှာဖြစ်တာကြောင့် အချိန်၊ နေရာ ကန့်သက်ချက်တွေကို ကျော်လွန်ပြီး ဒီအစီအစဉ်ကို ကြည့်ရှုခံစားနိုင် တော့မှာ ဖြစ်ပါတယ်။” ဟု King 7 Dynasty ၏ Managing Director ဖြစ်သူ ဦးဝေမင်းမောင်မှ ပြောကြားသည်။

Photo Source https://www.facebook.com/mptofficialpage

ယခု “Makeup Room Concerts” အစီအစဉ်သည် MPT အသုံးပြုသူများအနေဖြင့် သီးသန့်ကြည့်ရှုနိုင်ရန် အတွက် အထူးအစီအစဉ်အဖြစ် ဆောင်ရွက်ပေးထားခြင်းဖြစ်ပြီး ဖျော်ဖြေမှုအစီအစဉ်များကို MPT Web portal https://bit.ly/MakeupRoom20 မှ မိုဘိုင်းလ်အင်တာနက်ဖြင့် လွယ်ကူအဆင်ပြေစွာ တိုက်ရိုက်ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။
“ကျွန်မတို့ ဒီကိုဗစ်-၁၉ အချိန်မှာ ဖျော်ဖြေရေးတွေလည်း မရှိကြသလို အားလုံးကလည်း စိုးရိမ်ပူပန်ပြီး စိတ်ဖိစီးမှုတွေ ဖြစ်နေကြတဲ့အချိန်မှာ မတွေ့ရတာကြာတဲ့ ကျွန်မချစ်ရတဲ့ ပရိတ်သတ်တွေနဲ့အတူ မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူပြည်သားအားလုံးကို ဖျော်ဖြေပြီး စိတ်အပန်းပြေစေကြဖို့အတွက် အခုအစီအစဉ်လေးမှာ တစ်ထောင့် တစ်နေရာကနေ ပါဝင်ရခြင်းဖြစ်ပါတယ်။ နောက်ပြီးတော့ ကျွန်မရဲ့ချစ်ပရိသတ်တွေနဲ့ တွေ့ဆုံခွင့်ရမယ့် ဒီပွဲလေးကို စီစဉ်ပေးတဲ့ King 7 Dynasty နဲ့ MPT ကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။ ချစ်တဲ့ ပရိတ်သတ်ကြီးကို အွန်လိုင်းကနေတစ်ဆင့် တွေ့ဆုံဖို့အတွက်ရင်ခုန်စိတ်လှုပ်ရှားနေပါပြီ” ဟု မြန်မာ့ဂီတလောက ၏ နာမည်ကျော် ဂီတအနုပ ညာရှင်များအနက် တစ်ဦးဖြစ်ပြီး Makeup Room concerts တွင် ဦးဆောင်ကာ ဖျော်ဖြေတင်ဆက်သွားမည့် အဆိုတော် တင်ဇာမော် မှ ပြောကြားသည်။
ထို့အပြင် MPT သုံးစွဲသူများအနေဖြင့် မိမိတို့ကြိုက်နှစ်သက်သော အနုပညာရှင်များ၏ အထူးသီးသန့် ဖျော်ဖြေမှု များကို သတ်မှတ်ထားသော MPT portal မှတစ်ဆင့် ကြည့်ရှုခံစားနိုင်ပြီး သုံးသလောက်ပေး အင်တာနက် (သို့မဟုတ်) MPT4U App မှာ ကိုယ်ကြိုက်နှစ်သက်တဲ့ ဒေတာပက်ကေ့ချ်များကို ဝယ်ယူပြီးကြည့်ရှုနိုင်မည် ဖြစ်သည်။
အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်သော https://www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။