MYANMAR INTERNATIONAL ECOMMERCE EXPO 2017 သို့ ရောက်ခဲ့ရာ၀ယ်

https://mm.myanmartechpress.com/wp-content/uploads/2017/05/ec.png

ရန်ကုန်မြို့ မင်းဓမ္မလမ်းက Myanmar Convention Center(MCC) မှာ မတ်လ(၂၄) ရက်နေ့ကနေ (၂၆) ရက်နေ့ထိ (၃)ရက်ကြာ ပြုလုပ်ခဲ့တဲ့ MYANMAR INTERNATIONAL ECOMMERCE EXPO 2017 ဆိုတဲ့ အွန်လိုင်းစီးပွားရေးဆိုင်ရာ ကုန်စည်ပြပွဲကြီးသို့ စူးစမ်းလိုတဲ့စိတ်နဲ့ သွားကြည့်ဖြစ်ခဲ့ပါတယ်။

ကျွန်တော်ရောက်သွားတဲ့ အချိန်က အရမ်းစောနေသေးတော့ ကုန်စည်ပြပွဲကြီးတစ်ခုလုံးမှာ လာရောက်လေ့လာသူတွေ တော်တော်နည်းနေပါသေးတယ်။ တချို့ပြခန်းတွေဆို ၀င်ပြီးကြည့်ရှုမယ့်လူတောင် မရှိသေးပါဘူး။ ကုမ္ပဏီတွေရဲ့လုပ်ဆောင်ချက်တွေ၊ ကုန်ပစ္စည်းတွေအကြောင်း  ရှင်းလင်းပြသပေးမယ့် ၀န်ထမ်းတွေကတော့ အဆင်သင့်ဖြစ်နေကြပါပြီ။

https://mm.myanmartechpress.com/wp-content/uploads/2017/05/ec-2-1.png

ကျွန်တော်လည်း ပြခန်းတွေ တစ်ခန်းချင်းလိုက်ကြည့်ဖြစ်ခဲ့တယ်။ ဒီအွန်လိုင်းစီးပွားရေးဆိုင်ရာ ကုန်စည်ပြပွဲကြီးမှာ ပါ၀င်လာကြတဲ့ EC site တွေရဲ့တာ၀န်ရှိသူတွေက  အွန်လိုင်းကနေ ကုန်ပစ္စည်းအရောင်းအ၀ယ်ပြုလုပ်ပုံတွေ၊ နည်းစနစ်ကျကျ စီမံခန့်ခွဲပုံတွေ၊ ၀ယ်သူတွေလက်ထဲ ပစ္စည်းအရောက်ပို့ပေးပုံတွေကို ရှင်းလင်းပေးကြပါတယ်။

နောက်ပြီး Web ကြော်ညာတွေ၊ Credit Card တွေ၊ ခုနောက်ပိုင်း မြန်မာပြည်မှာ ခေတ်စားလာတဲ့ Mobile Moneyနဲ့ Taxi ၀န်ဆောင်မှု မိုဘိုင်းလ်အပလီကေးရှင်းတွေ စတဲ့ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုပြခန်းများစွာကိုလည်း လေ့လာကြည့်ဖြစ်ခဲ့ပါတယ်။

https://mm.myanmartechpress.com/wp-content/uploads/2017/05/ec-1.png

ခုလောလာဆယ်မှာတော့ မြန်မာနိုင်ငံမှာ EC site ကဏ္ဍဟာ ဖွံ့ဖြိုးစပဲရှိသေးတာကြောင့် ဒီလိုပွဲမျိုးမှာ လူထုလာရောက်မှုဟာလည်း အတိုင်းအတာ တစ်ခုလောက်ပဲ ရှိနေပါသေးတယ်။ ပြပွဲကြီးထဲမှာ လာရောက်လေ့လာတဲ့ လူတွေထက် ကုန်စည်းခင်းကျင်းပြသတဲ့ ကုမ္ပဏီတွေရဲ့ လူတွေကတောင် ပိုများနေတယ်ထင်ရပါတယ်။

နိုင်ငံတကာအဆင့်လုပ်တဲ့ ဒီလို event တွေမှာ EC site တာ၀န်ရှိသူတွေအနေနဲ့ မိမိတို့လုပ်ငန်းရဲ့ Settlement Service တွေ ၊ Shipping Service တွေကို အဓိကထားတင်ပြဖို့ လိုမယ်လို့ထင်ပါတယ်။ အခုလက်ရှိမှာတော့ Associated Services ကိုဦးတည်သွားတဲ့ EC site တွေနည်းနေသေးတာကြောင့် ပြပွဲမှာတင်ပြသွားတဲ့ တချို့အစီအစဉ်တွေက စစ်မှန်တဲ့ EC Site Services တွေနဲ့ ကွာဟမှုတွေ ရှိနေပါတယ်။ ဒါပေမယ့်လည်း အခုမှအစပျိုးတာဆိုတော့ ဒီလိုချို့ယွင်းချက်လေးတွေ ရှိတာ အဆန်းတော့ မဟုတ်ပါဘူး။

Mr. & Miss E-Commer Myanmar  2017 ပြိုင်ပွဲရှိနေတာဆိုတော့ ဂီတသံတွေနဲ့ ကျယ်လောင်တဲ့သဘောတော့ နည်းနည်းရှိပါတယ်။ အဆောက်အဦး အနေအထားအရ Mr & Miss ပြိုင်ပွဲကလာတဲ့ ဂီတသံတွေက ကုန်စည်ပြပွဲကြီးကို အနည်းငယ်ထိခိုက်မှု ရှိမယ်လို့တော့ ထင်ပါတယ်။ ကုန်ပစ္စည်းတွေနဲ့ ၀န်ဆောင်မှုတွေအကြောင်း ဆွေးနွေးဖို့ နည်းနည်းခက်ခဲစေပါတယ်။ ပွဲစီစဉ်သူတွေရဲ့ လိုအပ်ချက်ပဲလား၊ အဆောက်အဦရဲ့ အနေအထားကြောင့်ပဲလားတော့ မသိတော့ဘူး။

ပြပွဲကြီးရဲ့ ခေါင်းစီးမှာ 2017 ဆိုပြီးရေးထားတော့ 2018 မှာလည်းလုပ်ဖြစ်မယ်ဆိုရင် ဒီထက်ပိုမို ကောင်းမွန်တဲ့ ပွဲကြီးဖြစ်ပါစေလို့ မျှော်လင့်မိပါတယ်။