အူရီဒူးမြန်မာမှ ဆိုင်ကလုန်းမုန်တိုင်း မိုခါ၏ သက်ရောက်မှု ပြင်းထန်စွာခံခဲ့ရသည့် ရခိုင်ပြည်နယ်သို့ အခမဲ့ဆက်သွယ်ရေးဝန်ဆောင်မှုများ မေလ ၃၁ ရက်ထိ တိုးချဲ့ပံ့ပိုး

အူရီဒူးမြန်မာမှ ဆိုင်ကလုန်းမုန်တိုင်း မိုခါ၏ သက်ရောက်မှု ပြင်းထန်စွာခံခဲ့ရသည့် ရခိုင်ပြည်နယ်မှ မိဘပြည်သူများအတွက် အခမဲ့ဆက်သွယ်ရေးဝန်ဆောင်မှုများဖြင့် ပံ့ပိုးမှုအား မေလ ၃၁ ရက်အထိ တိုးချဲ့လိုက်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။

မုန်တိုင်းဖြစ်ပွားနေစဉ်အတွင်းသာမက အရေးပေါ်ကာလလွန်အခြေအနေတွင် မိသားစုမိတ်ဆွေများနှင့် အဆက်အသွယ်မပြတ်ရှိရန်၊ အချိန်နှင့် တစ်ပြေးညီ သတင်းအချက်အလက်များအား အွန်လိုင်းမှတစ်ဆင့်ဖတ်ရှုရန်နှင့် မုန်တိုင်းသင့်ပြည်သူများအား ကယ်ဆယ်ရေးနှင့် လိုအပ်သော ပံ့ပိုးမှုများပေးအပ်ရန်  ဆက်သွယ်ရေးသည် အလွန်အရေးပါသည့်အတွက် အူရီဒူးမြန်မာမှ အူရီဒူးအချင်းချင်း အခမဲ့ အကန့်အသတ်မရှိ ဖုန်းခေါ်ခွင့်၊ မက်ဆေ့ချ်ပို့ခွင့်နှင့် 5GB  ဒေတာတို့ကို ၂၀၂၃ ခုနှစ်၊ မေလ (၃၁) ရက်အထိ  တိုးချဲ့ ပေးအပ်လိုက်သည်။

ရခိုင်ပြည်နယ်သို့ ဆိုင်ကလုန်းမိုခါစတင်ဝင်ရောက်သည့် မေလ (၁၄) ရက်မှ စတင်ပြီး အူရီဒူးအချင်းချင်း အခမဲ့ အကန့်အသတ်မရှိဖုန်းခေါ်ခွင့်၊ မက်ဆေ့ချ်ပို့ခွင့်နှင့် အင်တာနက် အသုံးပြုခွင့်တို့ကို ပထမပိုင်းအနေဖြင့် မေလ ၁၆ ရက်အထိပေးခဲ့သည်။ ဆက်လက်ပြီး ရခိုင်ပြည်နယ်မှ မိဘပြည်သူများအားအတွက် လိုအပ်သော ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆက်သွယ်ရေးဆိုင်ရာလိုအပ်ချက်များအတွက် အခမဲ့ဆက်သွယ်ရေး ဝန်ဆောင်မှုများကို မေလကုန်အထိ တိုးချဲ့ပံ့ပိုးပေးခြင်းဖြစ်ပါသည်။

အူရီဒူး၏ ပံ့ပိုးမှုနှင့် အတူ ရခိုင်ပြည်နယ်မှ မိဘပြည်သူများအနေဖြင့် မိမိတို့၏ ချစ်ခင်ရသူများနှင့် အဆက်အသွယ်မပြတ်ရှိနေနိုင်ပြီး ဒေသတွင်း ပရဟိတအဖွဲ့အစည်းများအနေဖြင့်လည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် အသုံးပြုနိုင်မည်ဖြစ်သည်။

အူရီဒူးအနေဖြင့် ဆိုင်ကလုန်းမိုခါဒဏ်ခံခဲ့ရသည့် နေရာများတွင် အဓိကလိုအပ်နေသည်များကို ဆက်လက်ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။ အူရီဒူးမှ မြန်မာပြည်သူများနှင့်အတူရှိနေပြီး  ခက်ခဲသည့်အချိန်များအား အောင်မြင်စွာကျော်ဖြတ်နိုင်ရန် တတ်အားသမျှ ပံ့ပိုးပေးသွားပါမည်။