မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများရှိခဲ့သည့် ရခိုင်ပြည်သူများအတွက် အဓိကလိုအပ်နေသည်များကို အူရီဒူးမြန်မာမှ ဆက်လက်ကူညီပံ့ပိုးပေး

ရခိုင်ပြည်နယ်သို့ ဆိုင်ကလုန်းမိုခါ ပြင်းထန်စွာ စတင်ဝင်ရောက်တိုက်ခတ်ခဲ့သည့်အချိန်မှစပြီး အူရီဒူးမြန်မာမှ အများပြည်သူဆက်သွယ်ရေးအဆင်ပြေစေရန် အလေးထားကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိသလို မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် အရေးပေါ်လိုအပ်နေသည့် ကူညီပံ့ပိုးမှုများကို  အချိန်နှင့်တစ်ပြေးညီထိရောက်စွာ ပေးအပ်လျက် ရှိပါသည်။

မုန်တိုင်းဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးကာလအတွင်း တစ်ဦးနှင့်တစ်ဦး အဆက်အသွယ် မပြတ်ရှိနေရေးမှာ အရေးကြီးသည့်အတွက် အူရီဒူးမြန်မာမှ လိုအပ်သည့် လုပ်ဆောင်ချက်များကို လျှင်မြန်စွာ လုပ်ဆောင်ပေးခဲ့ပါသည်။ အူရီဒူးကွန်ရက်နည်းပညာဆိုင်ရာအင်နီယာများမှ ဆက်သွယ် ရေးပြတ်‌တောက် မှုမရှိစေရအောင် ကွန်ရက်ပြန်လည်ပြင်ဆင်ရေးများ ချက်ခြင်းလုပ်ဆောင်ခဲ့ရာ ပြည်နယ်တစ်ခုလုံး အတိုင်းအတာဖြင့် ၉၀%  ပြန်လည်ကောင်းမွန်လာပြီဖြစ်ပြီး ၁၀၀% ကောင်းမွန် လာအောင် အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။

Image: Ooredoo

ရခိုင်ပြည်နယ်အတွင်း အများပြည်သူဆက်သွယ်ရေးအဆင်ပြေအောင် အူရီဒူးအချင်းချင်း အခမဲ့ အကန့်အသတ်မရှိ ဖုန်းခေါ်ဆိုခွင့်၊ မက်ဆေ့ချ်ပို့ခွင့်နှင့် 5GB ဒေတာတို့ကို မေလ ၃၁ ရက်အထိ ပေးအပ်ထားပြီး ကူညီကယ်ဆယ်‌ရေးအဖွဲ့များ  အလွယ်တကူ အဆက်အသွယ်မပြတ် ချိတ်ဆက် နိုင်ရန် ဆင်းကတ်များအားလှူဒါန်းပေးခဲ့ပါသည်။

ဆိုင်ကလုန်းမိုခါသည် မြန်မာနိုင်ငံတွင်တိုက်ခတ်ခဲ့သည့် အပြင်းထန်ဆုံးမုန်တိုင်းများထဲမှ တစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ထိခိုက်မှုအများဆုံးဖြစ်ခဲ့သည်။ ရခိုင်ပြည်သူများအနေဖြင့် မိမိတို့၏ နေအိမ်များမှထွက်ခွာပြီး စာသင်ကျောင်းများနှင့်ဘုန်းကြီးကျောင်းများတွင် ခိုလှုံခဲ့ရရာ အစားအသောက် နှင့်ကျန်းမာရေးအတွက် လိုအပ်ချက်များစွာရှိခဲ့သည် ။ ပံ့ပိုးမှုလိုအပ်နေသည့် ရခိုင်ပြည်သူများအတွက် အူရီဒူးမြန်မာမှ အရေးပေါ်လိုအပ်နေသည့် အခြေခံစားသောက်ကုန်များနှင့် ဓာတ်ဆားထုပ်များကို ချက်ခြင်းလှူဒါန်းပေးခဲ့ပါသည်။ အချိန်နှင့်တစ်ပြေးညီ ထိရောက်စွာကူညီပေးနိုင်ရန် ရခိုင်လူမှုကူညီကယ်ဆယ်ရေးအသင်းဖြစ်သည့် ရွှေရောင်မေတ္တာ ပရဟိတဖောင်ဒေးရှင်းနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ကနဦးအနေဖြင့် စစ်တွေနှင့်ရသေ့တောင်မြို့နယ်တို့မှ အိမ်ခြေ ၁၅၀၀ စာ ပို့ဆောင်ပေးခဲ့ပါသည်။

Image: Ooredoo

အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်က                                                  “ကျွန်တော်တို့အနေနဲ့  မိုခါမုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့တဲ့ပျက်စီးဆုံးရှုံးမှုတွေအတွက် များစွာ စိတ်မကောင်းဖြစ်ရပြီး မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှမိဘပြည်သူတွေအတွက် လိုအပ်တဲ့ အရေးပေါ်အကူအညီတွေကို ချက်ချင်းစီစဉ်ပေးခဲ့ပါတယ်။ အူရီဒူးမှ မြန်မာပြည်သူများအား ပံ့ပိုးကူညီရန်လူမှုအကျိုးပြုလုပ်ငန်းများစွာကို ဆောင်ရွက်လျက်ရှိရာမှာ မြန်မာနိုင်ငံအတွင်း ယခင်ဖြစ်ပွားခဲ့သော  သဘာဝဘေးအန္တရာယ်များတွင်လည်း လိုအပ်တဲ့ အစားအသောက်၊ ဆေးဝါးစသဖြင့် အရေးပေါ်အကူအညီများအပြင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက်ပါ တတ်နိုင်သမျှ အကူအညီများပေးအပ်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာပြည်သူလူထုအတွက် လိုအပ်တဲ့ နေရာတွေမှာ တတ်အားသမျှ ဆက်လက်ပံ့ပိုးကူညီပေးသွားမှာဖြစ်ပါတယ်။” ဟု ပြောကြားသည်။

အူရီဒူးမြန်မာမှ လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်များစွာဖြင့် မြန်မာပြည်သူများအတွက် အကောင်းဆုံး ဆက်လက်ပံ့ပိုးကူညီပေးသွားမည်ဖြစ်သည်။