အူရီဒူးမြန်မာမှ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှ ရေ‌ဘေးဒဏ်ခံခဲ့ရသည့် မိဘပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာများ ပံ့ပိုးလှူဒါန်း

အူရီဒူးမြန်မာမှ သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သည့် မိုးသည်းထန်စွာရွာသွန်းမှု အကျိုးဆက်ကြောင့် ထိခိုက်ဆုံးရှုံးမှုများရှိခဲ့သည့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှ ရေဘေးသင့် ပြည်သူများအတွက် အိမ်ထောင်စု ၁၀၀၀ စာ အရေးပေါ် စားနပ်ရိက္ခာများပေးပို့လှူဒါန်းခဲ့ပါသည်။

Image: ooredoo

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ရေဘေးဒဏ်ကြောင့် ဆုံးရှုံးခံစားခဲ့ရသည့် ပြည်သူများအတွက် လတ်တလောတွင် လိုအပ်လျက်ရှိသည့် အခြေခံစားနပ်ရိက္ခာများဖြစ်သော ဆန်အိတ်ပေါင်း ၁,၀၀၀၊ ငါးသေတ္တာဘူး ၄,၀၀၀၊ အသင့်စား ခေါက်ဆွဲထုပ်ပေါင်း ၂,၀၀၀ အစရှိသည်တို့ကို အိမ်ထောင်စုပေါင်း ၁,၀၀၀ကျော်အတွက်လှူဒါန်းခဲ့ပြီး ၎င်းအထောက်အပံ့ပစ္စည်းများကို မွန်ပြည်နယ်ရှိ အူရီဒူးမြန်မာအဖွဲ့ မှ ရေဘေးဒဏ်ခံခဲ့ရသည့်အိမ်ထောင်စုများထံသို့ သွားရောက်ပို့ဆောင်ပေးခဲ့ပါသည်။

အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်က “မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေးဒဏ်ခံခဲ့ရတဲ့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ အိမ်ထောင်စုတွေအတွက် အရေး‌ပေါ်စားနပ်ရိက္ခာတွေကို မွန်ပြည်နယ်မှာရှိတဲ့ အူရီဒူးမြန်မာအဖွဲ့သားတွေက ကိုယ်တိုင်ကိုယ်ကျသွားရောက် ပေးအပ်လှူဒါန်းခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလို သဘာဝဘေးအန္တရာယ်ဖြစ်စဥ်တွေ ကြုံတွေ့ရတဲ့အခါ အရေးပေါ်ကာလအတွင်းမှာရော ပြန်လည်ထူထောင်ရေးကာလတွေမှာပါ အခြေခံစားသောက်ကုန်တွေ၊ သောက်သုံးရေ၊ ဆေးဝါးတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပစ္စည်းတွေကို လူမှုအသိုင်းအဝိုင်းတွေဆီကို တတ်နိုင်သလောက် သွားရောက် ပံ့ပိုးကူညီပေးလျက်ရှိသလို မြန်မာပြည်သူလူထုအတွက် လိုအပ်တဲ့နေရာတွေမှာ ဆက်လက် ပံ့ပိုးကူညီပေးသွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

အူရီဒူးမြန်မာအနေဖြင့် မြန်မာပြည်သူများကို ပံ့ပိုးကူညီရန် လူမှုအကျိုးပြုလုပ်ငန်းများစွာကို ဆောင်ရွက်လျက်ရှိရာမှာ မြန်မာနိုင်ငံအတွင်း  သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ခဲ့သည့်ကာလ များတွင်လည်း လိုအပ်သည့် အစားအသောက်၊ ဆေးဝါးစသဖြင့် အရေးပေါ်အကူအညီများအပြင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက်ပါ တတ်နိုင်သမျှ အကူအညီများပေးအပ်ခဲ့ပါသည်။ မကြာသေးမီက မိုခါမုန်တိုင်း ဖြစ်ပွားခဲ့စဉ်ကာလအတွင်းမှာလည်း အူရီဒူးမြန်မာအနေဖြင့် မုန်တိုင်းသင့်ပြည်သူများအား အရေးပေါ်ကာလအတွင်း အခမဲ့ဆက်သွယ်ရေးဝန်ဆောင်မှုများအပြင် အခြေခံစားသောက်ကုန်များနှင့် အမိုးအကာများအား ပေးပို့လှူဒါန်းခဲ့ပါသည်။ အူရီဒူးမြန်မာမှ လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်များစွာဖြင့် မြန်မာပြည်သူများအတွက် အကောင်းဆုံး ဆက်လက် ပံ့ပိုးကူညီပေးသွားမည် ဖြစ်ပါသည်။