Tech Age Girls Myanmar (နည်းပညာခေတ်ရဲ့ ပျိုမေများ) အစီအစဉ်၏ ကနဦးပိုင်းဖြစ်သည့် ဆရာဖြစ်သင်တန်း (TOT) အား မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်ပေါင်း ၃၃ ခုတို့၏ ပူးပေါင်းပါဝင်မှုဖြင့် စတင်

အူရီဒူးမြန်မာက အဓိက ပံ့ပိုးပေးထားသည့် Tech Age Girls Myanmar (နည်းပညာခေတ်ရဲ့ ပျိုမေများ) အစီအစဉ် ၂၀၂၃ – ၂၀၂၄ ခုနှစ်၏ ပထမခြေလှမ်းအနေဖြင့် ဆရာဖြစ်သင်တန်း (TOT) အား စတင်လိုက်ပြီ ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်ပေါင်း ၃၃ ခုတို့မှ သင်တန်းဆရာများအား ဒစ်ဂျစ်တယ် အချက်အလက်ဆိုင်ရာတတ်ကျွမ်းမှု (Digital Information Literacy)  သင်တန်းပေးအပ်သွားမည် ဖြစ်သည်။

Image: ooredoo

ယခုနှစ် Tech Age Girls Myanmar (နည်းပညာခေတ်ရဲ့ ပျိုမေများ) အစီအစဥ်တွင် သင်တန်းသူ အယောက် ၂၀၀ အထိ လက်ခံမည်ဖြစ်ပြီး ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ရန်ကုန်တိုင်းရှိ စာကြည့်တိုက် ၃၃ ခုတွင် အသီးသီးပြန်လည် လက်ဆင့်ကမ်း သင်ကြားပေးသွားမည် ဖြစ်သည်။

ဆရာဖြစ်သင်တန်း(TOT) အစီအစဥ်သည် စုစုပေါင်း(၅)ရက် ကြာမြင့်မည်ဖြစ်ပြီး ရန်ကုန်မြို့တွင် လေ့ကျင့် သင်ကြားပေးမည်ဖြစ်ကာ ဒစ်ဂျစ်တယ်အချက်အလက်ဆိုင်ရာ တတ်ကျွမ်းမှု  (Digital Information Literacy)  ပညာရပ်များဖြစ်သည့် ICT နည်းပညာ၊ ကွန်ပျူတာသင်တန်း၊ အွန်လိုင်းကိရိယာများကို ထိရောက်စွာအသုံးချနည်းနှင့် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြု၍ ဆက်သွယ်ဆက်ဆံရေးဆိုင်ရာ အသိပညာရပ်များကို သင်ယူရမည်ဖြစ်သည်။

Image: ooredoo

အူရီဒူးမြန်မာအနေဖြင့် ယခုနှစ် Tech Age Girls Myanmar (နည်းပညာခေတ်ရဲ့ ပျိုမေများ) အစီအစဥ် ၂၀၂၃-၂၀၂၄ အား စီစဉ်ဆောင်ရွက်ရန်နှင့် ပါဝင်သွားမည့် မြန်မာအမျိုးသမီးငယ်များကို လေ့ကျင့်ပေးရန်အတွက် Succor Foundation နှင့် ပူးပေါင်းလက်တွဲဆောင်ရွက်မည်ဖြစ်သည်။ အူရီဒူးမြန်မာသည် ၂၀၁၆ ခုနှစ်မှ စပြီး ဤအစီအစဥ်အတွက် လိုအပ်သည့် အင်တာနက်ချိတ်ဆက်မှုနှင့် ဒစ်ဂျစ်တယ်ပစ္စည်းများကို စတင်ပံ့ပိုးပေးခဲ့ပြီး ၂၀၁၉ ခုနှစ်မှ စတင်ကာ ယခုနှစ်အထိ သင်တန်း တစ်ခုလုံးအတွက် အဓိကကူညီပံ့ပိုးပေးလျက်ရှိပါသည်။

အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်က “Tech Age Girls Myanmar (နည်းပညာခေတ်ရဲ့ ပျိုမေများ) အစီအစဥ်ကို ၂၀၁၆ ခုနှစ်ကတည်းကစပြီး နှစ်စဉ် ဆက်လက် ပံ့ပိုးကူညီခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီအစီအစဉ်ကနေ မြန်မာအမျိုးသမီးလေးတွေကို ဒစ်ဂျစ်တယ်နည်းပညာကိုကျွမ်းကျင်စွာ အသုံးပြုနိုင်အောင် ပံ့ပိုးပေးလျက်ရှိပြီး နည်းပညာပိုင်းဆိုင်ရာ ကွဲပြားမှုတွေကတစ်ဆင့် ဆန်းသစ်တီထွင်မှုတွေကို တိုက်တွန်းအား‌ပေးနိုင်မှာဖြစ်ပြီး လူမှုအသိုင်းအဝိုင်းရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ကောင်းတစ်ခုဖြစ်မယ်လို့  ကျွန်တော်တို့က အပြည့်အဝ ယုံကြည်ထားပါတယ်။ ၂၀၁၆ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အထိ အူရီဒူးမြန်မာရဲ့  ပံ့ပိုးမှုများနဲ့အတူ Tech Age Girls Myanmar (နည်းပညာခေတ်ရဲ့ ပျိုမေများ) အစီအစဥ်ကနေ မြန်မာအမျိုးသမီးငယ်ပေါင်း အယောက် ၈၀၀ ကျော်ကို ဒစ်ဂျစ်တယ်နည်းပညာခေတ်မှာ နည်းပညာကို ကောင်းစွာအသုံးပြုနိုင်ပြီး အရည်အသွေး ပြည့်ဝတဲ့ အမျိုးသမီးလေးတွေဖြစ်အောင် ပြုစုပျိုးထောင် လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပြီး သူတို့ရဲ့  လူမှုအသိုင်းအဝိုင်းတွေကို ပြန်လည်အကျိုးပြုနိုင်အောင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

Image: ooredoo

Tech Age Girls Myanmar (နည်းပညာခေတ်ရဲ့ ပျိုမေများ) အစီအစဥ်သည် တစ်နှစ်တာ ကြာမြင့်သည့် အစီအစဉ်ဖြစ်ပြီး မြန်မာအမျိုးသမီးငယ်လေးများကို ဒစ်ဂျစ်တယ်နှင့် ခေါင်းဆောင်မှု စွမ်းရည်များကို ပံ့ပိုးမြှင့်တင်ပေးခြင်းဖြင့် ဒစ်ဂျစ်တယ်နည်းပညာခေတ်မှာ ထူးချွန်ထက်မြက်သည့် အမျိုးသမီး ခေါင်းဆောင်တွေ ပေါ်ပေါက်လာစေနိုင်ဖို့ ပံ့ပိုးအားပေးနိုင်ရန် ရည်ရွယ်ထားသည်။ Tech Age Girls Myanmar (နည်းပညာခေတ်ရဲ့ ပျိုမေများ) အစီအစဥ် ၂၀၂၃ – ၂၀၂၄ တွင် အခန်းကဏ္ဍ (၃) ခု ပါဝင်သွားမည်ဖြစ်ပြီး ပထမပိုင်းအနေဖြင့် ဒစ်ဂျစ်တယ်အချက်အလက်ဆိုင်ရာတတ်ကျွမ်းမှု (DIL)၊ ဒုတိယပိုင်းတွင် လူမှုဆက်ဆံရေးဆိုင်ရာ စွမ်းရည်များနှင့် တတိယပိုင်း၌ ခေါင်းဆောင်မှု ထိပ်သီးအစည်းအဝေး (Leadership Summit) တို့ ပါဝင်မည်ဖြစ်ပြီး Tech Age Girls Myanmar (နည်းပညာခေတ်ရဲ့ ပျိုမေများ) အစီအစဥ် ၂၀၂၃-၂၀၂၄ မှာ  သြဂုတ်လ ၂၀၂၃ မှ မေလ ၂၀၂၄ အထိ ကြာမြင့်မည်ဖြစ်သည်။