PMPL (PUBG MOBILE Pro League) SEA Final Season 2 ဂိမ်းပြိုင်ပွဲတွင် မြန်မာကစားသမားအသင်းမှ နိုင်ငံကိုယ်စားပြု ဒုတိယအကြိမ် သွားရောက်ယှဉ်ပြိုင်မည်

အရှေ့တောင်အာရှဒေသအတွင်းတွင် PUBG MOBILE ၏ အကြီးမားဆုံး နိုင်ငံတကာအဆင့် ပြိုင်ပွဲကြီးတစ်ခုဖြစ်သည့် PMPL (PUBG MOBILE Pro League) SEA Finals Season 2 ပြိုင်ပွဲကြီးသို့ အရှေ့တောင်အာရှမှ အကောင်းဆုံး ကစားသမား အသင်းများနှင့်အတူ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနှင့် Yangon Galacticos အသင်းမှ ဒုတိယအကြိမ်အဖြစ် ယှဉ်ပြိုင်ခွင့်ရရှိသွားကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်သည်။
အဆိုပါ ပြိုင်ပွဲကြီးသည် PUBG MOBILE ၏ အရှေ့တောင်အာရှဒေသအတွင်း အကြီးမားဆုံး ပြိုင်ပွဲကြီးဖြစ်သည့်အပြင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ တန်ဖိုးရှိသည့် ဆုကြေးငွေများလည်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
PUBG MOBILE Myanmar Championship 2020 Season 2 ၏ ထိပ်ဆုံး ၄ နေရာတွင် ရပ်တည်ခဲ့သော အသင်းများဖြစ်သည့် OriginalGamers, Xcripted IO, Yangon Galacticos နှင့် Team Xcripted တို့သည် PMCO SEA Wildcard Finals အဆင့်တွင် ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားမှ လက်ရည်စစ်ပွဲ အောင်မြင်လာသော အသင်း ၁၂ သင်း၊ စုစုပေါင်း အသင်း ၁၆ သင်းတို့သည် PMCO SEA Wildcard Finals အဆင့်အတွက် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် အွန်လိုင်းမှ တစ်ဆင့် ယှဉ်ပြိုင်ခဲ့ကြသည်။

Photo Source http://www.fb.com/PUBGMOBILE.MM.OFFICIAL

အဆိုပါ PMCO SEA Wildcards အဆင့် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာနိုင်ငံမှ ထိပ်သီးအသင်း (၄) သင်းထဲတွင် ပါဝင်ခဲ့သည့် Yangon Galacticos အဖွဲ့မှ ဒုတိယနေရာကို ရရှိခဲ့ပြီး ဖိလစ်ပိုင်း အသင်း (၂) သင်းဖြစ်သည့် Iconic PH နှင့် All-Star Team Puyat တို့နှင့်အတူ PMPL (PUBG MOBILE Pro League) SEA Finals အဆင့်ကို ဒုတိယအကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။ PMPL SEA Finals 2020 တွင် အရှေ့တောင်အာရှမှ အကောင်းဆုံးအသင်းများ၊ ကမ္ဘာ့ချန်ပီယံဟောင်း အသင်းများနှင့်အတူ ယှဉ်ပြိုင်ကစားသွားရတော့မည်ဖြစ်ပြီး Yangon Galacticos အသင်းမှာ မြန်မာနိုင်ငံကိုယ်စားပြုအသင်းအဖြစ် ဒုတိယအကြိမ်မြောက် ဂုဏ်ယူဖွယ် ဝင်ရောက်ယှဉ်ပြိုင် ကစားခြင်းဖြစ်သည်။
“National Championship ၃ ပွဲပြီးတဲ့နောက်မှာ မြန်မာနိုင်ငံကိုယ်စားပြုအသင်းက ကျန်တဲ့ပြိုင်ပွဲဝင်အသင်းတွေနဲ့ ယှဉ်လိုက်ရင် တောက်လျှောက်တိုးတက်လာတာကို မြင်ရတာဟာ အရမ်းပဲ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ မြန်မာနိုင်ငံရဲ့ Esports Ecosystem ဟာ အားလုံးရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကြောင့် ဒီထက်ကောင်းမွန်တဲ့ အောင်မြင်မှု တွေ ရရှိလာတော့မှာပါ။ Yangon Galacticos အသင်းအတွက် ဂုဏ်ယူမိပြီး PMPL SEA Finals မှာလည်း ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်” ဟု PUBG MOBILE ၏ ကုမ္ပဏီ Tencent Thailand ၏ Head of Gaming Operations ဖြစ်သူ Mr. Andrew က ပြောကြားသည်။
PMPL SEA Finals Season 2 ပြိုင်ပွဲကြီးကို လာမည့် အောက်တိုဘာလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ မြန်မာစံတော်ချိန် နေ့လယ် ၂ နာရီခွဲ အချိန်မှ စတင်ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ပြိုင်ပွဲယှဉ်ပြိုင်မှုများကို PUBG MOBILE (MM) Facebook Page http://www.fb.com/PUBGMOBILE.MM.OFFICIAL မှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

Photo Source http://www.fb.com/PUBGMOBILE.MM.OFFICIAL

“ကျွန်တော်တို့ အဆိုးထဲက အကောင်းပြောရ မလားပဲ။ PMMC မှာတော့ ရှေ့ Season ထပ် တစ်ဆင့်ကျသွားတယ်ပေါ့။ Champion ထိ မှန်းထားပေမယ့် အဲဒီမှာ 2nd Runner up နဲ့ တက်လာပြီ။ ငါတို့ Wildcards ကနေ ထပ်ကြိုးစားရမယ်ဆိုပြီး ကြိုးစားတာမှာ ပထမရက်မှာ Fail သလိုမျိုး ဖြစ်တော့ အကုန် နည်းနည်း စိတ်ဓာတ်ကျတာမျိုးတော့ ရှိတယ်။ အဲ့ဒီမှာ အားလုံးပြန်ပြီး စကားတွေ သေချာပြော။ ဘယ်လိုဆော့မယ် တိုင်ပင်ပြီးတော့ ဒုတိယနေ့ Comeback လိုက်တာမှာ တကယ် Comeback နိုင်သွားလို့ ခုလိုမျိုး SEA Wildcard Finals ကနေ SEA Finals ထိ တက်သွားတာပါ။ Finals ထိပါ တက်သွားမယ်လို့ ဘယ်လိုမှ မမျှော်လင့်ခဲ့ပါဘူး။ ဒီတစ်ခါမှာလည်း မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းသော ကိုယ်စားပြုအသင်းအနေနဲ့ ထပ်မံ ယှဉ်ပြိုင်ခွင့်ရရှိတဲ့အတွက် အရမ်းကို ဝမ်းသာဂုဏ်ယူ မိသလို ဆက်လက်ပြီးတော့ YG ကို အားပေးကြပါဦးလို့ ပြောချင်ပါတယ်” ဟု Yangon Galacticos အသင်း၏ တည်ထောင်သူနှင့် နည်းပြဖြစ်သူ Bling X က ပြောကြားသည်။
PUBG MOBILE သည် မြန်မာနိုင်ငံ၏ Esports ကဏ္ဍ ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံတကာ အဆင့်မီ Esports Ecosystem တစ်ခု မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာရန်နှင့် မြန်မာလူငယ် Esports ကစားသမားများအား နိုင်ငံတကာ အဆင့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကူညီပံ့ပိုးပေးလိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၁၉ ခုနှစ်မှ စတင်ကာ ပြည်တွင်း ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ၂၀၂၀ ခုနှစ် မတ်လတွင်လည်း PUBG MOBILE Myanmar Championship 2020 ပြိုင်ပွဲကြီးကို ကျင်းပခဲ့သည်။
ပြိုင်ပွဲနှင့် ပတ်သက်သော အချက်အလက်များအားလုံးကို PUBG MOBILE ၏ Official Facebook စာမျက်နှာ http://www.fb.com/PUBGMOBILE.MM.OFFICIAL တွင် လေ့လာနိုင်သည်။