Prudential နှင့် MyanCare တို့ ပူးပေါင်းကာ မိသားစုများအတွက် အခမဲ့ Digital ကျန်းမာရေးစောင့်ရှောက်မှုများပေးအပ်

အသက်အာမခံလုပ်ငန်းကြီးတစ်ခုဖြစ်သည့် Prudential Corporation Asia လက်အောက်ရှိ အပိုင်လုပ်ငန်းခွဲဖြစ်သော Prudential Myanmar Life Insurance Ltd. (Prudential Myanmar) နှင့် မြန်မာ့ရှေ့ဆောင်အွန်လိုင်းကျန်းမာ ရေးဝန်ဆောင်မှု ကုမ္ပဏီဖြစ်သော MyanCare တို့ ပူးပေါင်းကာ မြန်မာနိုင်ငံအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ဒေသခံ ပြည်သူများ ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုရယူနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

Photo Source – https://www.facebook.com/Myancareapps/

Prudential Myanmar အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ မိသားစု (၅၀၀၀) အတွက် MyanCare မိုဘိုင်းအက်ပလီကေး ရှင်းတွင် တစ်နှစ်စာ အခမဲ့ကျန်းမာရေးရာဆွေးနွေးတိုင်ပင်နိုင်ခွင့်များ ပေးအပ်သွားမည်လည်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ ကျောင်းဆရာ၊ ဆရာမ၊ သူနာပြု၊ လူမှုကူညီရေးဝန်ထမ်း၊ လုံခြုံရေးဝန်ထမ်း စသည့် မြန်မာ့လူမှုအသိုက်အဝန်းတွင် ပါဝင်ဆောင်ရွက်နေသူ တစ်ဦးချင်းစီ၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုချီးမြှောက်သောအနေဖြင့် လူပေါင်း ၅၀၀၀ အား စိစစ်ရွေးချယ်ပြီး ၎င်းတို့ကိုယ်တိုင်အပါအဝင် မိသားစုများအတွက် တစ်နှစ်စာအကန့်အသတ်မရှိ MyanCare မိုဘိုင်း အက်ပလီကေးရှင်းမှတစ်ဆင့် အသံနှင့်ဗီဒီယို ဖုန်းခေါ်ဆို၍ ကျန်းမာရေးရာ ဆွေးနွေးတိုင်ပင်နိုင်ခွင့်များကို အခမဲ့ပေးအပ် မည်လည်းဖြစ်သည်။ အဆိုပါ အစီအစဉ်ကို ၂၀၂၀ တစ်နှစ်တာအတွင်း အပိုင်းလိုက်ခွဲ၍ စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်းသိရသည်။
အဆိုပါ မိသားစု ၅၀၀၀ တို့သည် MyanCare မိုဘိုင်းအက်ပလီကေးရှင်းကို အသုံးပြု၍ မိမိကိုယ်တိုင်အပါအဝင် မိသားစုဝင်များအတွက် ကျန်းမာရေးရာဆွေးနွေးတိုင်ပင်ရန် လိုအပ်လာပါက MyanCare app အတွင်းရှိ အထွေထွေရောဂါ ကု ဆရာဝန်များဖြင့် လွယ်လင့်တကူ ချိတ်ဆက်ဆွေးနွေး တွေ့ဆုံနိုင်မည် ဖြစ်ပြီး Prudential Myanmar မှ MyanCare app ပေါ်တွင် အထွေထွေရောဂါကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန်အတွက် ကုန်ကျမည့် ဝန်ဆောင်ခများအားလုံးကို ကျခံပေး သွားမည်ဖြစ်သည်။

Photo Source – https://www.facebook.com/Myancareapps/

“မြန်မာနိုင်ငံက ပြည်သူတွေကို ခေတ်မီ နည်းပညာ လုပ်ဆောင်ဖြေရှင်းချက်တွေရဲ့ အကူအညီနဲ့ ပိုကောင်းတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရယူနိုင်အောင် ကြိုးပမ်းဆောင်ရွက်ပေးမယ်လို့ Prudential Myanmar က ကတိကဝတ်ပြုထားပါတယ်။ ဒါ့ကြောင့်ပဲ ဒေသတွင်းမှာ ရှိတဲ့ ကျွန်တော်တို့ရဲ့ လူမှုအသိုက်အဝန်းနဲ့ လူ့အဖွဲ့အစည်းအတွက် မနားမနေ ကြိုးပမ်းဆောင်ရွက်နေတဲ့သူတွေကို ဂုဏ်ပြုချီးမြှောက်ဖို့ MyanCare နဲ့ လက်တွဲပြီး ကနဦးခြေလှမ်းအဖြစ် PRUCare ကို မိတ်ဆက်ခဲ့တာပါ။ သူတို့ကိုယ်တိုင်နဲ့ မိသားစုဝင်တွေအတွက် ဆေးဘက်ဆိုင်ရာ ဆွေးနွေးမှုတွေလုပ်နိုင်တဲ့ စိတ်ချရတဲ့ နေရာတစ်ခု ရှာဖွေဖို့နဲ့ ငွေကြေးကုန်ကျမှာ စိုးရိမ်နေတာတွေ လျော့ပါးအောင် ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ ကျန်းမာရေးရာ အထူး တိုင်ပင်ဆွေးနွေး မှုတွေကို တစ်နှစ်လုံး အခမဲ့ ရရှိနိုင်အောင် ဆောင်ရွက်ပေးသွားမှာပါ” Prudential Myanmar ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Asit Rath ကပြောကြားသည်။

Photo Source – https://www.facebook.com/Myancareapps/

“အာရှထိပ်တန်း အသက်အာမခံလုပ်ငန်းကြီးဖြစ်တဲ့ Prudential နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ ပြည်သူတွေ MyanCare app ကို ပိုမိုအသုံးပြုနိုင်ဖို့ တိုးချဲ့ဆောင်ရွက်ပေး နိုင်တဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေတဲ့ ပမာဏနဲ့ ဖြည့်ဆည်းပေးနိုင်တဲ့ ပမာဏမညီမျှတဲ့အချက်က အဓိက အားနည်း ချက်ပါ။ လူတော်တော် များများက သင့်တော်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ လက်လှမ်းမမီနိုင်တဲ့အပြင် ငွေရေးကြေးရေး၊ သွားလာရေးနဲ့ အချိန်အများကြီးပေးရတဲ့ အချက်တွေကြောင့် ဆရာဝန်ပြဖို့တွန့်ဆုတ်နေတတ်ပြီး ရောဂါလက္ခဏာ ပိုဆိုးလာတဲ့အချိန်၊ ရောဂါနောက်ဆုံး အချိန်မှ ဆေးရုံတက်ကြတာတွေ့ရပါတယ်။ အဲဒီ့အခါ ဆရာဝန်တွေလည်း ကုသမှုပေး ရတာ အခက်အခဲအများကြီးရှိတာပေါ့။ Prudential Myanmar နဲ့အတူ ပြည်သူတွေကို MyanCare App သုံးပြီး ဆေးပညာနဲ့ သက်ဆိုင်တဲ့ ကူညီထောက်ပံ့မှုတွေ ရယူဖို့ တိုက်တွန်းအားပေးရင်း မကောင်းတဲ့အလေ့အကျင့်တွေကို ပြောင်းလဲပစ်ဖို့ ကြိုးစားနေပါတယ်” ဟု MyanCare ၏ CEO ဖြစ်သူ ဦးဇော်မင်းထွန်းမှ ပြောကြားသည်။
အဆိုပါ အစီအစဉ်အတွက် နောက်ဆုံးရအချက်အလက်များကို Prudential Myanmar နှင့် MyanCare တို့၏ Facebook စာမျက်နှာများတွင် လာမည့် ရက်သတ္တပတ်များအတွင်း မျှဝေသွားမည်ဖြစ်ကြောင်းလည်းသိရသည်။