Yoma Bank နှင့် Prudential Myanmar တို့မှ Digital စနစ်ဖြင့် အသက်အာမခံဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

အသက်အာမခံလုပ်ငန်းကြီးဖြစ်သည့် Prudential Corporation Asia လက်အောက်ရှိ အပိုင်လုပ်ငန်းခွဲဖြစ်သော Prudential Myanmar Life Insurance Limited နှင့် မြန်မာနိုင်ငံရှိ အကြီးဆုံးပုဂ္ဂလိကဘဏ်များအနက်မှ တစ်ခုဖြစ်သည့် ရိုးမဘဏ်တို့သည် မြန်မာနိုင်ငံသားများအတွက် ယုံကြည်စိတ်ချရပြီး ရှေရှည်ကာကွယ်စောင့်ရှောက်မှု ပေးနိုင်သည့် အသက်အာမခံ ဝန်ဆောင်မှုလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် သီးသန့်မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာတွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရသည်။
ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်အရ ရိုးမဘဏ်ဝန်ဆောင်မှု အသုံးပြုသူများမှာ နေရာဒေသ အနှံ့အပြားရှိ ကြီးမားကျယ်ပြန့်သော ဘဏ်ခွဲကွန်ရက်များမှတစ်ဆင့် Prudential Myanmar ၏ ရေရှည်အာမခံစုဆောင်းငွေနှင့် အာမခံအကာအကွယ်များကို ချိတ်ဆက်ရယူနိုင်မည် ဖြစ်သည်။ ယခု ပူးပေါင်းဆောင်ရွက်မှုသည် Prudential Myanmar ၏ အထူးဦးစားပေး ရင်းနှီးမြုပ်နှံထားသည့် နောက်ဆုံးပေါ် ခေတ်မီနည်းပညာများအား ရိုးမဘဏ်၏ တစ်နိုင်ငံလုံး အတိုင်းအတာ အထိ ပျံ့နှံ့ရောက်ရှိနိုင်သည့် ဈေးကွက်ကျွမ်းကျင်မှု တို့ဖြင့်ပေါင်းစပ်ပြီး Prudential Myanmar မှ ဖြန့်ချိသွားမည့် အာမခံဝန်ဆောင်မှုများမှတစ်ဆင့် ဒစ်ဂျစ်တယ်စနစ်ဖြင့် အားလုံးပါဝင်အသုံးပြုနိုင်မည့် ငွေကြေးဆိုင်ရာ ဂေဟစနစ်တစ်ခုကို ပြုလုပ်သွားမည်လည်းဖြစ်သည်။

Photo Source – https://www.prudentialcorporation-asia.com

ရိုးမဘဏ်ကို ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ မြို့ကြီး (၄၃) မြို့တွင် ဘဏ်ခွဲပေါင်း (၈၀) ကျော် ဖွင့်လှစ်ဝန်ဆောင်မှုပေးနေသော နိုင်ငံတွင်း အကြီးဆုံး ထိပ်တန်းပုဂ္ဂလိကဘဏ် ငါးခုအနက် တစ်ခုအပါအဝင်လည်းဖြစ် သည်။ ထို့အပြင် ရိုးမဘဏ်သည် မိုဘိုင်းနှင့် ဒစ်ဂျစ်တယ် နည်းပညာသုံး ဘဏ်ဝန်ဆောင်မှုများကို အစောဆုံးပေးအပ်ခဲ့ပြီး နည်းပညာပိုင်းတွင် ရင်းနှီးမြုပ်နှံမှုများစွာ အဆက်မပြတ်ပြုလုပ်ခဲ့သော ဘဏ်များအနက် တစ်ခုအပါအဝင်လည်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်တွင် ကမ္ဘာ့ဘဏ်အုပ်စု (World Bank Group ) အဖွဲ့ဝင်ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (International Finance Corporation) သည် ရိုးမဘဏ်တွင် ရင်းနှီးမြုပ်နှံမှုတစ်ခု ထည့်ဝင်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ပထမဦးဆုံး နိုင်ငံခြားအစုရှယ်ယာရှင်ရှိသော စီးပွားရေးလုပ်ငန်း ချေးငွေဝန်ဆောင်မှုပေးသည့်ဘဏ် ဖြစ်လာ ခဲ့သည်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် Prudential Myanmar သည် မြန်မာနိုင်ငံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပေးအပ်သော နိုင်ငံခြားသား ရာနှုန်းပြည့်ပိုင်ဆိုင်သည့် အသက်အာမခံလုပ်ငန်းများ လုပ်ကိုင်နိုင်မည့် လုပ်ငန်း လိုင်စင်တစ်ခုကို လက်ခံရရှိခဲ့ပါသည်။ Prudential Myanmar အနေဖြင့် လွယ်ကူရိုးရှင်းသည့် အာမခံအကာအကွယ်နှင့် ယုံကြည်စိတ် ချရသော ရှေရှည် အာမခံစုဆောင်းငွေ အမျိုးအစားများကို ပေးအပ်မည်ဖြစ်ပြီး အာမခံဝယ်ယူထားသူများ၏ ငွေကြေးဆိုင်ရာ ရည်မှန်းချက်များ ပြည့်မြောက်စေရန် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
Prudential Myanmar နှင့် ရိုးမဘဏ်တို့သည် မြန်မာနိုင်ငံသားများအကြား အသက်အာမခံနှင့်ပတ်သက်၍ ပိုမိုသတိပြုနား လည်လာကြစေရန်နှင့် လူတိုင်း အလွယ်တကူရယူနိုင်သည့် အာမခံဝန်ဆောင်မှုများပေးအပ်ရန် တူညီသည့် ရည်မှန်းချက် ရှိကြပါသည်။ မြန်မာနိုင်ငံသည် လူဦးရေ (၅၃) သန်းနီးပါးရှိ ကြီးမားသော ဈေးကွက် တစ်ခုဖြစ်ပြီး ၂၀၃၀ ခုနှစ်မတိုင်မီ အလယ်အလတ်တန်းစား လူဦးရေ (၁၉) သန်းခန့် လျင်မြန်စွာ တိုးတက်လာမည်ဟု မျှော်မှန်းထားသည်။
“မြန်မာနိုင်ငံက ပြည်သူတွေအတွက် လိုအပ်တဲ့ ငွေကြေး ဝန်ဆောင်မှုတွေကို အဆက်မပြတ် ဖန်တီးပေးအပ်နိုင်အောင် ကြိုးစားအားထုတ်နေတဲ့ ကျွန်တော်တို့ ရိုးမဘဏ် အတွက် ဒီ ပူးပေါင်းဆောင်ရွက်မှုက ခြေလှမ်းသစ်တစ်ခုပါပဲ။ ကျွန်တော်တို့ရဲ့ နိုင်ငံတစ်ဝန်း ပျံ့နှံ့ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်တဲ့ အားသာချက်နဲ့ ကမ္ဘာ့ထိပ်တန်း အသက်အာမခံကုမ္ပဏီကြီးရဲ့ လုပ်ငန်းကျွမ်းကျင်မှုတွေကို ပေါင်းစပ်အသုံးချပြီး ဘဏ်ကနေတစ်ဆင့် အာမခံ ဝန်ဆောင်မှုပေးတဲ့ (bancassurance) ပူးပေါင်းဆောင်ရွက်မှု တွေမှာ ဝန်ဆောင်မှုရယူသူတွေအတွက် အကောင်းတကာ့အကောင်းဆုံး အာမခံအစီအစဉ်နဲ့ ဝန်ဆောင်မှုတွေ ပေးအပ်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်” ရိုးမဘဏ်၏ CEO ဖြစ်သူ Mr. Dean Cleland ကပြောကြားသည်။

Photo Source – https://www.prudentialcorporation-asia.com

“Prudential အနေနဲ့ မြန်မာနိုင်ငံမှာ မဟာဗျုဟာမြောက် မိတ်ဖက်အဖြစ် ရိုးမဘဏ်နဲ့ လက်တွဲလုပ်ကိုင်သွားဖို့ အများကြီး မျှော်လင့်ထားပါတယ်။ ရိုးမဘဏ်က ပြည်တွင်းမှာ ဒစ်ဂျစ်တယ်စနစ်အသုံးချပြီး ဘဏ်လုပ်ငန်းလုပ်ကိုင်နေတဲ့ ဆန်းသစ် တီထွင်မှု အရှိဆုံးဘဏ်တွေထဲမှာတစ်ခုအပါအဝင် ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက တိုးတက်လာ နေတဲ့ အာမခံဈေးကွက်မှာ ပြည်သူတွေဆီ ပိုပြီးပျံ့နှံ့ရောက်ရှိစေနိုင်တဲ့အတွက် သူတို့ရဲ့ငွေကြေးဆိုင်ရာ စိတ်ကူးအိပ် မက်တွေ၊ ဘဝရည်မှန်းချက်တွေကို တစ်ကယ်ဖြစ်လာအောင် ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ Prudential Myanmar ရဲ့ လူတိုင်း၊ လူတိုင်း ဘယ်နေရာကနေဖြစ်ဖြစ် click တစ်ချက်နှိပ်လိုက်တာနဲ့ အသက်အာမခံ ဝန်ဆောင်မှုရနိုင် ရမယ်ဆိုတဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့ ခြေလှမ်းတစ်လှမ်း နီးကပ်လာပါပြီ။ ရိုးမဘဏ်နဲ့အတူ အတွဲညီညီ လုပ်ကိုင် ဆောင်ရွက်ပြီး အောင်မြင်မှုတွေရယူနိုင်ဖို့ မျှော်လင့်ပါတယ်” Prudential Myanmar ၏ CEO ဖြစ်သူ Mr. Asit Rath က ပြောကြားသည်။